သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်အဖွဲ့တွေကို အမြစ်ဖြတ်ချေမှုန်းမယ်လို့ မြန်မာစစ်ခေါင်းဆောင် ပြောဆို


မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (မတ် ၂၇၊ ၂၀၂၁)
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (မတ် ၂၇၊ ၂၀၂၁)

(Zawgyi / Unicode)

အကြမ်းဖက်အဖွဲ့တွေနဲ့ သူတို့ကို ထောက်ခံပံ့ပိုးနေသူတွေကို အမြစ်ဖြတ် ချေမှုန်းသွားမယ်လို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်မှာ ဒီကနေ့လုပ်တဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ပြောဆိုသွားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပေမယ့်လို့ အကြမ်းဖက်အဖွဲ့တွေနဲ့တော့ ဆွေးနွေးစရာ မရှိဘူးလို့လည်း ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ မနှစ်က စစ်တပ်က အာဏာသိမ်းပြီးနောက် ကန့်ကွက်ဆန္ဒပြမှုတွေကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းတဲ့အတွက် အဲဒီနောက်ပိုင်းမှာ ဒေသအလိုက် လက်နက်စွဲကိုင် ပုန်ကန်တာတွေ ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို မြန်မာစစ်တပ်က အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ကြေညာထားတာပါ။

လက်ရှိ မြန်မာ့နိုင်ငံရေး ပြဿနာကို ပြေလည်စေဖို့ဆိုရင် အဲဒီအဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွေးဖြေရှင်းဖို့ ပြည်တွင်းပြည်ပ ပြောဆိုမှုတွေရှိတဲ့ အချိန်မှာပဲ မြန်မာစစ်ကောင်စီ အကြီးအကဲက ဒီအဖွဲ့တွေနဲ့တော့ စေ့စပ်စရာမရှိဘူးလို့ ယတိပြတ် ပယ်ချခဲ့တာပါ။

တချိန်တည်းမှာပဲ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတချို့က တပ်တွင်းဖြိုခွဲမှုတွေ ရှိနေတာမို့ တပ်တွင်း စည်းလုံးညီညွတ်မှုကလည်း အရေးကြီးတယ်လို့ မြန်မာစစ်ခေါင်းဆောင်က အဲဒီမိန့်ခွန်းထဲ ထည့်သွင်း ပြောသွားပါတယ်။

ဒီနေ့မှာပဲ တိုင်းပြည် ၂၀ ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာပြည်သူ‌တွေကို ထောက်ခံကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ကြပါတယ်။

စစ်ကောင်စီကို ဆန့်ကျင်ကြတဲ့ ဆန္ဒပြပွဲတွေကိုလည်း အုပ်စုအသီးသီးက ရန်ကုန်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာ့တပ်မတော်ဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် စော်ကားတဲ့ ရာဇဝတ်မှု ကျူးလွန်ကြောင်း ပြသတဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အစီရင်ခံစာတစောင် ထုတ်ပြန်ထားပါတယ်။

ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီးက အခမ်းအနားကို တက်ရောက်ဖို့ အစီအစဉ် ရှိခဲ့ပေမဲ့ သူ့ရဲ့တိုင်းပြည်ကိစ္စတွေကြောင့် မတက်ရောက်နိုင်ဘူးလို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

နိုင်ငံတလွှားမှာတော့ PDF လို့ အသိများကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက တပ်မတော်ကို ပုန်ကန် တိုက်ခိုက်နေကြဆဲ ဖြစ်ပြီး တပ်မတော်ဟာ ထိထိရောက်ရောက် တုံ့ပြန်နိုင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်တယ်လို့ သုံးသပ်သူတွေက အကဲဖြတ်ကြကြောင်း အေအက်ဖ်ပီသတင်းဌာနက ဆိုပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီက သတ်ဖြတ်ခဲ့သူ ၁,၇၀၀ ကျော်ရှိပြီး ဖမ်းဆီးတရားစွဲဆို ထောင်ချခဲ့သူ ၁၀,၀၀၀ နား နီးလာပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ အင်တာနက် စာမျက်နှာက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------------

(Unicode)













XS
SM
MD
LG