သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကမ္ဘာလှည့်မော်တော်ဆိုင်ကယ်စီး မြန်မာနှစ်ဦး ဂျာမနီ ရောက်ပြီ


ကမ္ဘာလှည့်မော်တော်ဆိုင်ကယ်စီးမြန်မာနှစ်ဦး ဂျာမဏီရောက်ပြီ (ဓါတ်ပုံ- Motourlogue)

မြန်မာကနေ ဗြိတိန်နိုင်ငံထိ မော်တော်ဆိုင်ကယ် စီးပြီးခရီးသွားနေကြတဲ့ Motourlogue ခရီးသွားနှစ်ဦးဟာ ဂျာမနီကို ရောက်ရှိနေပြီး မကြာခင်ရက်ပိုင်းအတွင်း ဗြိတိန်နိုင်ငံကို ရောက်ကြတော့မှာဖြစ်ပါတယ်။

သုံးလကြာ ခရီးစဉ်အဖြစ် သတ်မှတ်ထားတဲ့အတိုင်း မေလ ၂၆ ရက်နေ့က ရန်ကုန်ကနေ ထွက်ခွာလာခဲ့တဲ့ သူတို့နှစ်ဦးဟာ လန်ဒန်ကို သြဂုတ်လ ၂၆ ရက်နေ့မှာ အရောက်သွားဖို့ ရှိကြောင်း Motourlogue ခရီးသွားတဦးဖြစ်တဲ့ စိုင်းဇွမ်ဖက ဗွီအိုအေကို ပြောပါတယ်။

လက်ရှိခရီးစဉ်အခြေအနေနဲ့ အပြန်ခရီးစဉ်လမ်းကြောင်းကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

Motourlogue ခရီးသွားနှစ်ဦးဖြစ်တဲ့ စိုင်းဇွမ်ဖနဲ့ ကိုအောင်ကျော်ဝင်းတို့ဟာ ၁၆ နိုင်ငံမြောက်ခရီးစဉ်အဖြစ် ဂျာမနီကို သြဂုတ်လ ၁၉ ရက်နေ့က ရောက်ရှိခဲ့တာပါ။ လက်ရှိ ဘာလင်မြို့တော်ကို ရောက်နေတဲ့ အခြေအနေကို စိုင်းဇွမ်ဖ က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်တို့လက်ရှိ ဘာလင်မြို့မှာပဲရှိနေပါတယ်။ ကျနော်တို့ ဆိုင်ကယ်တွေကို Full check up ဒီမှာလုပ်ပါတယ်။ ကျနော်တို့ ကီလို ၃ သောင်းလည်းပြည့်တော့မှာဆိုတော့ ဆိုင်ကယ်က ကီလို ၃ သောင်းမှာ check ဖို့ လိုပါတယ်။ အခု ကိုအောင်ရဲ့ ဆိုင်ကယ်က ရှေ့ဘီး bearing ကြွေနေတာတွေ့ရတော့ လဲဖို့ စောင့်နေတယ် ။ ပစ္စည်းက ဒီနေ့ မရသေးတော့ ဆိုင်ကယ်က မနက်ဖြန်မှ ရမှာဖြစ်ပါတယ်။ ရရင် မနက်ဖြန် ဘာလင်ကနေတဆင့် Frankfurt ကိုသွားပါမယ်။”

ဘာလင်မြို့ရောက်ရှိချိန် သမိုင်းဝင်ပြတိုက်တွေနဲ့ အရှေ့နဲ့ အနောက်ဂျာမနီ ကို ခွဲခြားခဲ့တဲ့ ဘာလင်တံတိုင်း စတာတွေကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ စိုင်းဇွမ်ဖက ပြောပါတယ်။

“ ခရီးတောက်လျောက်ကလည်း မိုးတွေရွာနေတော့ ကျနော်တို့အတွက် ပုံမှန်လိုလည်း ဖြစ်လာပါပြီ။ ရာသီဥတုကလည်း ဒီမှာ နွေရာသီဆန်ဆန်ပေါ့နော်။ ဂျာမနီမှာလည်း ကျနော်တို့ လေးစားရတဲ့ ဆိုင်ကယ်သမားတွေရှိပါတယ်။ သူတို့နဲ့ ဆက်သွယ်ပြီးတော့ ကျနော်တို့ တွေ့ဖြစ်ပါတယ်။ ပြီးတော့ ဒီမှာ East Berlin gallery တွေ Berlin wall တွေကို သွားပါတယ်။”

ဂျာမနီက ဟိုင်းဝေးလမ်းမတွေမှာ တနာရီ ကီလိုမီတာ ၁၃၀ ထိ မောင်းနှင်ကြတဲ့အတွက် အန္တရာယ်များပေမယ့် စိုင်းဇွမ်ဖနဲ့ ကိုအောင်ကျော်ဝင်းတို့ဟာ သူတို့ဆိုင်ကယ်တွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဘာလင်အထိ အရောက်စီးနိုင်ခဲ့ကြပါတယ်။ ဂျာမနီကနေ လူဇင်ဘတ် နိုင်ငံကို သွားပြီး အဲဒီကနေ ဘယ်လ်ဂျီယမ်၊ နယ်သာလန် ထိ မော်တော်ဆိုင်ကယ်နဲ့ မောင်းပြီးနောက် ဗြိတိန်ကို ဘင်္ဘောနဲ့ ကူးမယ့် ခရီးစဉ်ကို စိုးဇွမ်ဖက အခုလို ဆက်ပြောပါတယ်။

“ဘယ်လ်ဂျီယမ် ကနေတဆင့် Brussels မှာ မြန်မာမိသားစု ဖိတ်ထားတာ ရှိပါတယ်။ အဲဒီမှာ ကျနော်တို့ကို နေဖို့ထိုင်ဖို့ စီစဉ်ထားပေးတာလေး ရှိပါတယ်။ အဲဒီမှာ ကျနော်တို့ တညအိပ်ပြီးတော့ နယ်သလန်ကို ဆက်ဝင်ပါမယ်။ နယ်သလန်ကနေတဆင့် ကျနော်တို့ UK ကို ကူးပါမယ်ခင်ဗျ။”

ဗြိတိန်ကို ပြင်သစ်ကနေ မသွားပဲ နယ်သာလန်ကနေ သွားရတာက အပြန်ခရီးစဉ်မှာ ပြင်သစ်ကို ၀င်ဖို့ လျာထားတာကြောင့်ဖြစ်တယ်လို့ စိုင်းဇွမ်ဖ ကပြောပါတယ်။ လန်ဒန်ကို သြဂုတ်လ (၂၆)ရက်နေ့ အရောက်စီးဖို့ လျာထားပြီး အဲဒီမှာ သုံးရက်ကြာနေထိုင်မယ့် အစီအစဉ်ကိုတော့ အခုလိုရှင်းပြပါတယ်။

“ ရက်ကိုတော့ ကျနော်တို့ ဟိုဘက်မှာ မြန်မာ Society တွေလည်း စီစဉ်ဖို့လွယ်အောင်လို့ Holiday လည်းဖြစ်တဲ့အတွက် ကျနော်တို့ ၂၆ ရက်နေ့ကို ရွေးတာပါ။ အဲဒီကနေ တဆင့် မြန်မာ မိသားစုတွေနဲ့ တွေ့ပြီးတော့ လန်ဒန်မှာ ၃ ရက်နေပါမယ်။ ကျနော်တို့ရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေကတော့ အားလုံးကောင်းပါတယ်ခင်ဗျ။ ကျနော်တို့ နည်းနည်းပိန်သွားတာတော့ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာကတော့ Fresh ဖြစ်ပါတယ် တဖက်မှာလည်း ပင်ပန်းပါတယ် ဒါပေမယ့် ကျနော်တို့ ပျော်လည်းပျော်ပါတယ် အခုလက်ရှိ ကိုယ်မှန်းထားမယ့်နေရာ ရောက်တော့မှာ ဖြစ်တဲ့အတွက် စိတ်ထဲမှာ ၀မ်းသာဝမ်းနည်းလည်း ဖြစ်ရပါတယ်။”

လန်ဒန်ကနေ မြန်မာ အပြန်ခရီးစဉ် အတိအကျကို ပြန်လည်ရေးဆွဲဖို့ရှိနေပြီး လောလောဆယ် လျာထားချက်ကို စိုင်းဇွမ်ဖက အခုလိုပြောပါတယ်။

“အပြန်ခရီးမှာတော့ ပြင်သစ်ကို ၀င်ပါမယ်။ အဓိက ဟိုလန်ဘက်ကသွားလိုက်တာလည်း ပြင်သစ်ကို ၂ ခေါက်မသွားချင်လို့ပါ။ ပြီးတော့ စပိန်မှာ ကျနော်တို့ကို BMW ကနေ သီးသန့်ဖိတ်ထားတဲ့ ပွဲတခု ရှိပါတယ် အဲဒါကို ကျနော်တို့ အဓိကတော့ ကျနော်တို့ Mongolia မှာ တွေ့ခဲ့တဲ့ ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ TV presenter တယောက်ပေါ့နော် သူက Documentary လာရိုက်ရင်းနဲ့ စပိန်ဘက်က BMW နဲ့ ချိတ်ပေးပြီးတော့ သူတို့ဘက်မှာ စိတ်ဝင်စားတယ်လို့ ဖိတ်ထားတယ် အဲဒါ ကျနော်တို့ စပိန်မှာ တချက် ၀င်ပါမယ်။ ပြီးရင် အီတလီ ဘက်ကို ပြန်ဆင်းမယ် အဲဒီကတဆင့် တာကီကနေ လေယာဉ်နဲ့ ကုန်းကြောင်းဖြစ်ဖြစ်၊ လေယာဉ်ဖြစ်ဖြစ် တခုခုပေါ့နော် ဆိုင်ကယ်ကို အိန္ဒိယကို ပို့ပါမယ် ။ အဲဒီကနေတဆင့် မြန်မာပြည်ကို ၀င်ပါမယ် ဒါက အပြန်လမ်းကြောင်းပါ။”

မြန်မာကနေ ဗြိတိန်ထိ မိုင်ပေါင်း သုံးသောင်းကျော်မောင်းနှင်တဲ့ မော်တော်ဆိုင်ကယ်ခရီးစဉ်အတွက် BMW R9T အမျိုးအစားကို သူတို့နှစ်ဦးရွေးချယ်ခဲ့ရတဲ့အကြောင်းအရင်းကို စိုင်းဇွမ်ဖက အခုလိုရှင်းပြပါတယ်။

“ ကျနော်တို့ ယူလာတဲ့ BMW R9T ပေါ့နော် ။ အဓိကတော့ BMW R9T က classic ပုံစံမျိုးလည်း ဖြစ်တယ်။ ကျနော်တို့ကိုယ်တိုင်လည်း classic ပုံစံတွေကြိုက်တယ် တဖက်ကလည်း နည်းပညာပိုင်း ဆိုင်ရာတွေက နည်းတာပေါ့နော် တခြား BMW တွေထက်စာရင် တကယ်လို့ ပျက်ခဲ့တယ်ဆိုရင်လည်း ပြင်ရလွယ်ကူအောင်ပေါ့နော်။ ဒီမှာတော့ ဘီးကတော့ ဘာမှ မဖြစ်ပါဘူး ဘာမှ ကြီးကြီးမားမားတော့မရှိပါတယ် တာယာကုန်တာတို့ ဘီး baring ဖြစ်တာတို့လောက်ပဲဖြစ်ပါတယ်။ အင်ဂျင်ဝိုင်ကိုလည်း ပုံမှန်လဲဖြစ်တဲ့အတွက် စိတ်ပူစရာမရှိပါဘူး အဓိကတော့ maintenance ပုံမှန်လုပ်ရုံပါပဲဒီမှာ တော်တော်လေး အဆင်ပြေပါတယ်။”

မကြာခင် လန်ဒန်ကိုရောက်ရှိတော့မယ် Motourlogue ခရီးသွားနှစ်ဦးဟာ မေလ ၂၆ ရက်နေ့က ရန်ကုန်ကနေ စတင်ထွက်ခွာလာတဲ့ သုံးလနီးပါကြာခရီးစဉ်အတွင်း မြန်မာအပါအ၀င် လာအို၊ ထိုင်း၊ တရုတ်၊ မွန်ဂိုလီးယား၊ ကာဇစ်စတန်၊ ရုရှား စတဲ့ အာရှနိုင်ငံပေါင်း ခြောက်နိုင်ငံကို ဖြတ်ပြီးနောက် ဥရောပကို ရောက်ရှိခဲ့ပြီး ဂျာမနီအရောက် စုစုပေါင်း ၁၆နိုင်ငံဖြတ်သန်းစီးနင်းခဲ့ပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG