သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-ကုလ သဘောတူညီမှု တရုတ်ကြိုဆို


ရခိုင်ပြည်နယ်ကထွက်ခွါသွားခဲ့ကြတဲ့ ရိုဟင်ဂျာမူဆလင်တွေ နေရပ်ပြန်လာနိုင်ရေး မြန်မာအစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့ အစည်းတွေအကြား နားလည်မှုစာချွန်လွှာရေးထိုးခဲ့တာနဲ့ပတ်သက်ပြီး တရုတ်အစိုးရက ကြိုဆိုလိုက်ပါတယ်။ ရခိုင် ပြည်နယ်မှာ ရေရှည်တည်ငြိမ်မှုတွေရှိလာနိုင်ရေး ကြိုးပမ်းမှုတွေအတွက်လည်း တရုတ်နိုင်ငံဟာ နိုင်ငံတကာ အသိုင်း အဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ပဲလို့ဆိုပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုကျော်အောင်လွင်က ဆက်ပြီး ပြောပြပါလိမ့်မယ်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့တဲ့အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခိုလှုံခဲ့ကြတဲ့ ရိုဟင်ဂျာ မူဆလင်ဒုက္ခသည်တွေ နေရပ်ကိုအေးအေးချမ်းချမ်းနဲ့ပြန်လာနိုင်ရေး UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး၊ UNDP ကုလသမဂ္ဂဖွ ံ့ဖြိုးမှုအစီအစဉ်နဲ့ မြန်မာအစိုးရတို့အကြားမှာ ပူးပေါင်းဆောင်ရွက်သွားကြဖို့ သုံးပွင့် ဆိုင်သဘောတူညီမှု နားလည်မှုစာချွန်လွှာကို ဇွန်လ၆ရက်နေ့က နေပြည်တော်မှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ကြိုဆိုတယ်လို့ ဇွန်လ ၇ရက်နေ့မှာကျင်းပတဲ့ တရုတ်နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရအမျိုးသမီး Hua Chunying က သတင်းထောက်တွေကိုပြောခဲ့ပါတယ်။

"နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တာနဲ့ပတ်သက်ပြီး ကျမတို့အနေနဲ့ကြိုဆိုပါတယ်။ ဒီလုပ်ရပ်ဟာ မတူတဲ့ အဖွဲ့အစည်းတွေ ညှိနှိုင်းတိုင်ပင်ပြီး ပူးပေါင်းလုပ်ဆောင်ကြမယ့် ကြိုးပမ်းမှုတွေကို ထင်ဟပ်စေတဲ့ လုပ်ရပ်ပါ။ မြန်မာအစိုး ရအနေနဲ့ နားလည်မှုစာချွန်လွှာကို အကောင်အထည်ဖေါ်တဲ့နေရာမှာ သက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အနီး ကပ်လုပ်ဆောင်သွားမယ်လို့လည်း ကျမတို့ကမျှော်လင့်ပါတယ်"

ရိုဟင်ဂျာဆိုတဲ့အသုံး အနှုန်းကို မြန်မာအစိုးရကတော့ အသိအမှတ်မပြုပါဘူး။ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခဟာ နောက်ခံသမိုင်းကြောင်း အရရော၊ ဘာသာရေးအရရော လူမျိုးရေးအရပါ ဆက်စပ်ပတ်သက်နေပြီး ရှုပ်ထွေးတဲ့ ပြဿနာတရပ်လို့ တရုတ်နိုင်ငံက ယူဆထားပါတယ်။ ဒီပြဿနာကိုဖြေရှင်းရေးမှာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် ၂နိုင်ငံ အကြား ညှိနှိုင်းတိုင်ပင်ပြီး လုပ်ဆောင်သွားသင့်တယ်လို့လည်း တရုတ်ဘက်က ယူဆပါတယ်။

မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် ၂နိုင်ငံလုံးဟာ တရုတ်နိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေလည်းဖြစ်တာမို့ ရခိုင်ပဋိပက္ခကို အနီးကပ်စောင့် ကြည့်ပြီးပြောဆိုနေတဲ့အကြောင်း၊ ဒီပဋိပက္ခပြေလည်စေရေး အဆင့်သုံးဆင့်ပါတဲ့ ဖြေရှင်းနည်းတခုကိုလည်း တရုတ် ဘက်က တင်ပြထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရအမျိုးသမီး Hua Chuanyingက ပြောပါတယ်။

"ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ တည်ငြိမ်မှုတွေရှိလာစေရေး အကာအကွယ်ပေးဖို့၊ ဒုက္ခသည် တွေနေရပ်ပြန်ပြီး အခြေချနိုင်ဖို့၊ ဆင်းရဲမှုလျှော့ကျဖို့နဲ့ ဖွံ့ဖြိုးတိုးတက်လာဖို့ စတဲ့ကိစ္စတွေပါဝင်တဲ့ အဆင့်သုံးဆင့်ပါ ဖြေရှင်းနည်းတခုကို တရုတ်ဘက်က တင်ပြထားတာရှိပါတယ်။ အဲဒီတင်ပြချက်ကို မြန်မာရောဘင်္ဂလားဒေ့ရှ် ဘက်ကပါ သဘောကျကြိုဆိုခဲ့ကြပါတယ်။ မြန်မာနဲ့ဘင်္ဂလားဒေ့ချ်အကြား ညှိနှိုင်းတိုင်ပင်မှုတွေဖြစ်ပေါ်လာဖို့ နိုင်ငံတကာရဲ့ကြိုးပမ်း မှုတွေဆက်ပြီးရှိနေအောင် လုပ်ဆောင်တဲ့နေရာမှာ တရုတ်ဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့လက်တွဲလုပ်ဆောင်ဖို့အသင့်ပါပဲ။ ရခိုင်ပဋိပက္ခမှာ လက်တွေ့ကျတဲ့ဖြေရှင်းမှုတရပ်ဖြစ်ပေါ်လာဖို့၊ ရခိုင်ပြည်နယ်အတွင်း ရေရှည်တည်ငြိမ်မှု အခိုင်အမာ ရှိလာဖို့၊ ဖွံ့ဖြိုး တိုးတက်မှုတွေကို ဖြစ်ပေါ်လာစေမယ့် ပတ်ဝန်းကျင်အခြေအနေတခု ဖန်တီးဖို့ ဆိုတဲ့ကိစ္စတွေမှာလည်း နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ တရုတ်နိုင်ငံက ပါဝင်ဆောင်ရွက်သွားဖို့အသင့်ရှိနေပါတယ်"

ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကုလ သမဂ္ဂအဖွဲ့အစည်း၂ခုနဲ့မြန်မာအစိုးရအကြား နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးနိုင်ခဲ့တာနဲ့ပတ်သက်ပြီး ထောက်ခံ ကြိုဆိုမှုတွေရှိသလို စိုးရိမ်ပူပန်မှုတွေလည်းရှိနေတာပါ။ ရိုဟင်ဂျာဒုက္ခသည် တွေထဲမှာ ဒီလက်မှတ်ရေးထိုးတာကို သဘောကျသူတွေရှိတယ်ဆိုပေမဲ့လည်း သူတို့လုံခြုံရေးအတွက်အာမခံချက် အပြည့်ရမှာလား၊ မြန်မာပြည်ကိုပြန်ရောက် တဲ့အခါ နိုင်ငံသားအခွင့်အရေးအပြည့်အဝရမှာလား စတဲ့အချက်တွေ အပေါ် မှာ စိုးရိမ်ပူပန်မှုတွေရှိနေပါသေးတယ်။ ရခိုင်ဒေသခံတွေဘက်ကလည်း ဒီလက်မှုရေးထိုးမှုမှာ သူတို့အတွက် ထည့်သွင်း စဉ်းစားတာတွေ ဘယ်လောက်ပါသလဲ၊ ဒေသတွင်းက ဟိန္ဒူတွေအတွက်ရော ဘယ်လိုအခွင့်အရေးတွေရ မှာလဲ၊ ရိုဟင် ဂျာတွေအတွက်ကိုပဲ ဘက်လိုက်ပြီးရေးဆွဲ ထားတဲ့ စာချွန်လွှာများဖြစ်နေမလား စတဲ့ စိုးရိမ်မှုတွေရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG