သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေးကော်မရှင် အားနည်းမှု လှုပ်ရှားသူတွေ ထောက်ပြ


မြန်မာလူ့အခွင့်အရေးကော်မရှင်ရုံးရှေ့
မြန်မာလူ့အခွင့်အရေးကော်မရှင်ရုံးရှေ့

မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေအပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက အာရုံစိုက်ပြီး စိုးရိမ်မကင်းဖြစ်မှုတွေ ဝေဖန်ရှုတ်ချမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဘက်က တာဝန်ယူမှု တာဝန်ခံမှု ကာကွယ်ဆောင်ရွက်ပေးမှု အားနည်းသလို ကော်မရှင်အပေါ် ပြည်သူလူထု-အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အားကိုးယုံကြည်မှု လျော့နည်းနေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေဘက်က ထောက်ပြပြောဆိုလိုက်ကြပါတယ်။ NLD ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် လူ့အခွင့်အရေးအခြေအနေ နောက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ပတ်သက်လို့ စုစည်းသုံးသပ်ထားတဲ့အစီရင်ခံထဲ ထည့်သွင်းဖော်ပြထားတာပါ။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နဲ့ အများဆုံး ရင်ဆိုင်တွေ့ကြုံနေရတာက စစ်တပ်အပါအဝင် လက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ရေးတင်းမာမှုနယ်မြေဒေသထဲဖြစ်ပြီး ဒါ့အပြင် လူမျိုးရေး ဘာသာရေးအသွင်ဆောင် ပဋိပက္ခတွေကြား ကြုံနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် အကာကွယ်ပေးမှုတွေ ကင်းမဲ့လွန်းတဲ့ အနေအထားဖြစ်နေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့အဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။ အထူးသဖြင့်ကတော့ အရပ်သားအစိုးရလက်ထက် မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စုံစမ်းဖော်ထုတ်နေပါတယ်ဆိုတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရဲ့ လှုပ်ရှားလုပ်ဆောင်မှုဆိုင်ရာ အချက်အလက်တွေနဲ့ ပတ်သက်တဲ့ ပူးတွဲစီရင်ခံစာ တစ်စောင်ကို ဒီဇင်ဘာလ ၄ရက်နေ့က အစီရင်ခံထုတ် ဝေဖန်ထောက်ပြလိုက်တာပါ။

ဒီအစီရင်ခံစာထဲ အဓိက ဖော်ပြပါရှိတာကတော့ မြန်မာနိုင်ငံအတွင်း ပြည်သူလူထုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဘက်က အကာအကွယ်ပေး ဆောင်ရွက်မှု အားနည်းတာ တာဝန်ယူမှု တာဝန်ခံမှု အားနည်းနေတာအပါအဝင် လူထုနဲ့အရပ်ဘက်လူထုအဖွဲ့အစည်းရဲ့ ယုံကြည်မှု အားနည်းတာစတဲ့အချက်တွေနဲ့ အစိုးရ လွှတ်တော် နဲ့ ကော်မရှင်ကို အကြံပေးတဲ့အချက်တွေလည်းပါဝင်ပါတယ်။

မြန်မာနိုင်ငံလို စစ်ရေးတင်းမာမှုတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်နေတဲ့ နိုင်ငံမျိုးမှာ ခိုင်မာအားကောင်းပြီး သြဇာရှိတဲ့ လူ့အခွင့်အရေးကော်မရှင်တရပ် ရှိဖို့က အရမ်း အရေးကြီးတယ်လို့ အစီရင်ခံစာကို ပူးတွဲထုတ်ပြန်ခဲ့တဲ့အဖွဲ့ဖြစ်တဲ့ Progressive Voice ရှေ့ပြေးသံအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးအောင်ခိုင်မင်းက အခုလိုပြောပြပါတယ်။

“ကျနော်တို့မြန်မာနိုင်ငံလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေအများကြီးရှိတဲ့နိုင်ငံ ၊ လက်နက်ကိုင်ပဋိပက္ခအများကြီးဖြစ်နေတဲ့ နိုင်ငံမျိုးမှာ ခိုင်ခိုင်မာမာအားကောင်းတဲ့ ထိရောက်တဲ့ လူ့အခွင့်အရေးကော်မရှင်တခုလိုအပ်တယ်ပေါ့နော်။ လူ့အခွင့်အရေးချိုးဖောက်မှုဘယ်သူပဲလုပ်လုပ် ချိုးဖောက်တဲ့ဟာကို ဖော်ထုတ်ဖို့လိုတယ်။ စစ်တပ်ကပဲလုပ်လုပ်ပေါ့နော် လိုအပ်တာကို အရေးယူဖို့လိုတယ်။ ဖော်ထုတ်နိုင်ဖို့ စုံစမ်းစစ်ဆေးနိုင်ဖို့ လွတ်လွတ်လပ်လပ် လုပ်ငန်းဆောင်တာ ဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို လိုအပ်တဲ့ အာဏာပေးဖို့လိုတယ်၊ လွတ်လပ်မှုပေးဖို့လိုတယ်။ ထိန်းချုပ်မှု အောက်က လွတ်ကင်းအောင်လုပ်ဖို့လိုတယ်။ အဲဒါတွေကို ထောက်ပြထားတာပါ ကျနော်တို့အစိုးရကို။ အဲဒီတော့ အဲဒီအနေအထားမှာ ကျနော်တို့က ဒီမြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်နဲ့ အလုပ်လုပ်တဲ့အခါမှာ ထိရောက်မှု ရှိမရှိပေါ့နော် ၊ နောက်တခါ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှုရှိမရှိ အဲဒါကို နှစ်စဉ်လေ့လာသုံးသပ်ဆန်းစစ်ပြီးတော့ အစီရင်ခံစာထုတ်ပါတယ်။ သူတို့ကိုလည်း ဝေဖန်ထောက်ပြတဲ့ အကြံပြုချက်တွေလုပ်ပါတယ်။”

မြန်မာနိုင်ငံတွင်းမှာ အထူးသဖြင့်ကတော့ တိုင်းရင်းဒေသထဲ စစ်ရေးပဋိပက္ခဖြစ်ပွားရာနယ်မြေတွေမှာ အစိုးရစစ်တပ်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အကြမ်းဖက်အဖွဲ့တွေဘက်က ကျုူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အများဆုံးတွေ့ရတယ်လို့လည်း ဦးအောင်ခိုင်မင်းကပြောပါတယ်။

“ပြောရမယ်ဆိုရင်တော့ လက်ရှိ လက်နက်ကိုင်ပဋိပက္ခနဲ့ ဆက်စပ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအများဆုံးပေါ့နော် ၊ အများဆုံးကိုပြောတာနော် ကျန်တဲ့ဟာတွေမရှိဘူးလို့တော့ ပြောတာမဟုတ်ဘူး။ လက်နက်ကိုင်ပဋိပက္ခနဲ့ ဆက်စပ်ပြီးတော့ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားနယ်မြေတွေမှာဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက အများဆုံးဖြစ်နေပါတယ်။ ပိုပြီးတော့ တိုးလာနေတယ်ပေါ့နော် အရင်နှစ်တွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင်။”

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အနေနဲ့ လူထုအပေါ် ဥပဒေအရ အကာအကွယ်ပေးမှုနဲ့ ကျုူးလွန်သူတွေအပေါ် ဥပဒေကြောင်းအရ ကော်မရှင်ရဲ့ အာဏာသုံးပြီး စိစစ်အရေးယူနိုင်မှုကလည်း အရမ်းအားနည်းနေတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထဲ တာဝန်ယူထားဆဲ အခုလက်ရှိ အစိုးရပိုင်းအုပ်ချုပ်ရေး တာဝန်ယူဖူးသူ ပုဂ္ဂိုလ်တွေနဲ့ ကော်မရှင်ကို ဖွဲ့စည်းထားတာထက်စာရင် လူ့အခွင့်အရေးဆိုင်ရာနဲ့ပတ်သက်လို့ နိုင်ငံတကာ ဒေသတွင်း အတွေ့အကြုံရှိတဲ့ လူပုဂ္ဂိုလ်တွေ တိုင်းရင်းသားတွေ အပါအဝင် မတူကွဲပြားတဲ့ ဘာသာပေါင်းစုံက ပုဂ္ဂိုလ်တွေ နောက် အမျိုးသမီးပါဝင်မှုတွေကို ပိုပြီး အားဖြည့်ထည့်သွင်းသင့်တယ်ဆိုတာကိုလည်း အကြံပြုလိုက်တဲ့ ရှေ့ပြေးအသံအဖွဲ့က အကြံပြုလိုက်ပါတယ်။

“ကော်မရှင်အဖွဲ့ဝင် ၇ ယောက်ပဲ ကျန်တယ် အဲဒီ ၇ ယောက်မှာ အမျိုးသမီးမပါဘူး နောက်ကျနော်တို့က တိုက်တွန်းထားတာက Pluralism ပေ့ါ ကော်မရှင်အဖွဲ့ဝင်တွေရော ဝန်ထမ်းတွေရောမှာ အမျိုးသမီးအခန်းကဏ္ဍ ၊ နောက်တခါ တိုင်းရင်းသားတွေ ၊ ကွဲပြားခြားနားတဲ့ ဘာသာကလူတွေကို ကိုယ်စားပြုနိုင်တဲ့သူတွေကို ထည့်ပေးဖို့ပါ ကျနော်တို့ တိုက်တွန်းထားတယ်။ အခုလောလောဆည်ရှိနေတဲ့ ကော်မရှင်အဖွဲ့ဝင် ၇ ယောက်မှာ အကုန်လုံးက အစိုးရဝန်ထမ်းဟောင်းတွေ ဒါမှမဟုတ်စစ်တပ်ကလာတဲ့ ကြောထောက်နောက်ခံရှိတဲ့လူတွေ ဖြစ်နေတယ်။ လူ့အခွင့်အရေးကော်မရှင်ကို အစိုးရလောင်းရိပ်အောက်က မဟုတ်ပဲနဲ့ လွတ်လွတ်လပ်လပ်ရပ်တည်နိုင်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်တဲ့ အနေအထားအထိရောက်အောင် လုပ်ဆောင်ပေးဖို့ အစိုးရကိုလည်း တိုက်တွန်းထားတယ်။ လွှတ်တော်နဲ့ အစိုးရပေါ့နော်။”

ယခုနှစ် ၂၀၁၆-၂၀၁၇ နှစ်အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို ရှေ့ပြေးအသံအဖွဲ့ (Progressive Voice)နောက်ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှား ဆောင်ရွက်မှုကော်မတီ (Action Committee for Democracy Development) နှင့် စမိုင်းလ်ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Smile Education and Development Foundation) တို့က ပူးတွဲ ပြုစုထားတာဖြစ်ပြီး ပူးတွဲအစီရင်ခံစာကိုတော့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ မှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG