သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ ပြည်ဝင်ခွင့်ဗီဇာမလိုပဲ ရက် ၆၀ နေထိုင်ခွင့်ပြုတဲ့ နိုင်ငံစာရင်းမှာ မြန်မာမပါ


ယခင်မှတ်တမ်းရုပ်ပုံ | ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှာတွေ့ရတဲ့ လူဝင်မှုကြီးကြပ်ရေးဌာန ရဲအရာရှိများ (အောက်တိုဘာ ၂၀။ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်မှာတွေ့ရတဲ့ လူဝင်မှုကြီးကြပ်ရေးဌာန ရဲအရာရှိများ (အောက်တိုဘာ ၂၀။ ၂၀၂၁)

ထိုင်းနိုင်ငံမှာ ဇွန်လ ၁ ရက်နေ့ကစပြီး နိုင်ငံပေါင်း ၉၃ နိုင်ငံက ဧည့်သည်တွေကို ပြည်ဝင်ခွင့်ဗီဇာ မလိုဘဲ ရက် ၆၀ အထိ လာရောက်ခွင့် ထိုင်းအစိုးရ ခွင့်ပြုလိုက်ပေမဲ့ အဲဒီအထဲမှာ မြန်မာနိုင်ငံသားတွေကို ချန်လှပ်ထားပါတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့ အရင်ကလို ပြည်ဝင်ခွင့်ဗီဇာ မလိုဘဲ ၁၄ ရက်သာ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် ဆက်ပြုထားပါတယ်။

ကမ္ဘာလှည့်ခရီးသည်လုပ်ငန်း ပိုပြီးတိုးတက်လာအောင် ဆွဲဆောင်တဲ့အနေနဲ့ နိုင်ငံပေါင်း ၁၀၀ နီးပါးက နိုင်ငံခြားသား ဧည့်သည်တွေကို ရက် ၆၀ အထိ ပြည်ဝင်ခွင့် ဗီဇာမပါဘဲ နေခွင့် ထိုင်းအစိုးရက ခွင့်ပြုလိုက်ပြီး အဲဒီအထဲမှာ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေလည်း ပါဝင်ပါတယ်။ ထိုင်းနိုင်ငံမှာ စီးပွားရေး လုပ်ငန်းလုပ်ချင်သူတွေ၊ ထိုင်းအစားအစာ၊ ထိုင်းအနုပညာကို လေ့လာ သင်ယူလိုသူတွေနဲ့ ထိုင်းရိုးရာ မွေထိုင်း (Muay Thai) လက်ဝှေ့ကို လေ့လာသင်ချင်တဲ့ သူတွေကိုတော့ ရက် ၁၈၀ အထိ ဗီဇာပေးမယ့် အစီအစဉ်သစ်ကို ထိုင်းအစိုးရက ခွင့်ပြုလိုက်ပါတယ်။ တချိန်တည်းမှာ ဘွဲ့လွန်ကျောင်းသားတွေ၊ အဝေးကနေ အလုပ်လုပ်တဲ့ သူတွေအတွက် ပြည်ဝင်ခွင့် ဗီဇာသက်တမ်း တိုးပေးပြီး၊ အငြိမ်းစားတွေ အတွက်လည်း ပိုပြီးအဆင်ပြေစေမယ့် ဗီဇာတွေ ထုတ်ပေးဖို့လည်း ထိုင်းအစိုးရက အတည်ပြုလိုက်ပါတယ်။

ဒီအတောအတွင်း ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ဖို့ မြန်မာနိုင်ငံအတွင်း အွန်လိုင်းကတဆင့် ရောင်းချတဲ့ သူတွေကို စိစစ်ဖော်ထုတ်အရေးယူနေတဲ့အကြောင်း စစ်ကောင်စီက ကြေညာပါတယ်။ ကွန်ဒိုတိုက်ခန်းတွေ တရားမဝင် ရောင်းချတာ၊ ငွေကြေးလွှဲပြောင်းတာတွေကို ဖော်ထုတ် အရေးယူနေတဲ့အကြောင်း ကြေညာပါတယ်။ ထိုင်းအိုးအိမ်ခြံမြေ အရောင်းအဝယ်ဌာနတွေရဲ့ စာရင်းတွေမှာတော့ ပြီးခဲ့တဲ့ ၂၀၂၄ ပထမ သုံးလအတွင်း ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းဝယ်တဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံသားတွေက ဒုတိယအများဆုံးဖြစ်တဲ့အကြောင်း စာရင်းထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG