သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်တွေ့ဆုံ


အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ NCA ခေါ် အပစ်ရပ်စာချုပ်ကို လက်မှတ် မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ဖွဲ့ဟာ ဒီကနေ့ တရုတ်နိုင်ငံမှာ တွေ့ဆုံပြီး တိုက်ပွဲတွေ လျှော့ချရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးအတွက် လမ်းပွင့်သွားသလို အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲအဖြစ်လည်း တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ TNLA ခေါ်တအာင်း(ပလောင်) အဖွဲ့က ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် ဟာ PSLF/TNLA ခေါ် တအာင်း(ပလောင်)တပ်ဖွဲ့၊ MNDAA ခေါ် ကိုးကန့်တပ်ဖွ့ဲနဲ့ AAခေါ် ရခိုင်တပ်ဖွဲ့တို့နဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ မနက် ၈နာရီခွဲလောက်ကစတင်ပြီး တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အဓိက ဆွေးနွေးဖြစ်တာတွေကို ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ခဲ့တဲ့ PSLF/TNLA ခေါ် တအာင်း(ပလောင်) တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးတာ့အိုက်ကျော်က အခုလို ပြောပါတယ်။

“ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တဘက်နဲ့တဘက်အမြင်ခြင်းဖလှယ်တယ်။ အဓိကကတော့ တိုက်ပွဲတွေ လျှော့ချဖို့ကိစ္စတွေ၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆက်လက်ဆောင်ရွက်ဖို့၊ ရှေ့လျှောက် တွေ့ဆုံဆွေးနွေးမှုတွေကို ပိုပြီး ပြုလုပ်လိုတဲ့အကြောင်းပေါ့ အဲလိုမျိုးတွေ ဆွေးနွေးဖြစ်ပါတယ်။ နောက်ဆုံးကတော့ ရလဒ်ကတော့ နောက်ပြန်လည်တွေ့ဆုံဖို့၊ နောက်တလကို ပြန်လည်တွေ့ဆုံဖို့ နှစ်ဘက်က သဘောတူထားတယ်။”

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်ကိုတော့ ဦးသိန်းဇော်နဲ့ ဦးခင်ဇော်ဦးတို့က ဦးဆောင်တက်ရောက်ခဲ့ပါတယ်။

ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲကို တရုတ်အစိုးရရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်ရဲ့ ကြားဝင်ဆောင်ရွက်မှုအရကျင်းပတာဖြစ်ပြီး KIO/KIA ကချင်တပ်ဖွဲ့နဲ့ UWSA ဝတပ်ဖွဲ့က တာဝန်ရှိသူတွေလည်း ဆွေးနွေးပွဲမှာ သက်သေအဖြစ်ပါဝင်တက်ရောက်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲဖြစ်ကြောင်း ဗိုလ်မှုးတာ့အိုက်ကျော်က ပြောပါတယ်။

“ဒါ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုဖြစ်ပါတယ်။ စောစောကပြောသလိုပေါ့နော်။ နောက်နောင်တွေ့ဆုံဖို့အတွက်လည်း လမ်းကြောင်းပွင့်သွားပါတယ်။ FPNCC နဲ့ တွေ့ဆုံဖို့ကိုလည်း အဆိုပြုထားတယ်။ သူတို့ဘက်ကလည်း ပြန်လည် ဆွေးနွေးပါတယ်။”

လက်ရှိ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆွေးနွေးတဲ့ လက်နက်ကိုင်အဖွဲ့ ၃ဖွဲ့ဟာ KIO/KIA ကချင်တပ်ဖွဲ့၊UWSA ဝတပ်ဖွဲ့၊ NDAA မိုင်းလားတပ်ဖွဲ့နဲ့ SSPP/SSA မြောက်ပိုင်းရှမ်းတပ်ဖွဲ့တွေနဲ့အတူ FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီကို ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။

FPNCC က အစိုးရနဲ့ ဆွေးနွေးရာမှာ အဖွဲ့ဝင် ၇ဖွဲ့ အားလုံးပါဝင်တွေ့ဆုံဖို့ကို အစဉ်တစိုက် တောင်းဆိုထားတာဖြစ်ပြီး အစိုးရနဲ့ တပ်မတော်ဘက်ကတော့ FPNCC ကို တရားဝင် လက်ခံထားတာ မရှိသေးပါဘူး။

လက်ရှိ ဆွေးနွေးပွဲကတော့ ပဏာမတွေ့ဆုံတာဖြစ်ပြီး တွေ့ဆုံဆွေးနွေးပွဲကို အဟန့်အတားဖြစ်စေမယ့် အချက်တွေကို အပြန်အလှန်ထောက်ပြတာတွေရှိပေမဲ့ အသေးစိတ်ဆွေးနွေးမယ့်အချက်တွေကို မညှိနှိုင်းရသေးသလို သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး။

ဒီကနေ့ ငြိမ်းချမ်းရေးကော်မရှင် PC နဲ့ လက်နက်ကိုင် ၃ဖွဲ့ ဆွေးနွေးပွဲအပေါ်မှာတော့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးက အခုလို သုံးသပ်ပါတယ်။

“ ၂၀၁၆တုံးက တခါဆွေးနွေးတယ်ဗျ။ ပထမအကြိမ်ညီလာခံ မတိုင်ခင်က မိုင်းလားမှာ။ ဒီ ၃ဖွဲ့အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးစွန့်ရမယ်ဆိုတဲ့ statement တခုထုတ်ခိုင်းတယ်။ အဲတော့ ဟို ၃ဖွဲ့က ပြန်ထုတ်ပေးတာကတော့ လက်ရှိ ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုပြီး ပြန်ပြီးကြေညာချက်ထုတ်တယ်။ အဲတော့ မပြေမလည်ဖြစ်ပြီး ဆက်ပြီးမတွေ့ဖြစ်ဘူးပေါ့။ အဲတော့ အခုတခါ တွေ့တဲ့အခါမှာလည်း PC ဘက်က တောင်းဆိုမယ်လို့ သိထားတာကတော့ ဒါကို statement ပြန်ထုတ်ပေးဖို့ပဲ။ အဲတော့ ဒီစကားလုံးဝေါဟာရ အသုံးအနှုန်းနဲ့ပတ်သက်ပြီး ဘယ်လို ဝေါဟာရယူပြီး ကျော်ဖြတ်မလဲဆိုတာကတော့ အရေးကြီးမယ်ထင်တယ်။ အဲဒါကို ကျော်ဖြတ်နိုင်မှ နောက်တဆင့်ဆက်သွားလို့ ရမယ်လို့ထင်တယ်။ ”

တတိယအကြိမ်ပင်လုံအစည်းအဝေးမှာတော့ KIO/KIA တပ်ဖွဲ့ဟာ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ တကြိမ်၊ တပ်မတော်ကိုယ်စားလှယ်နဲ့ ၂ကြိမ်တွေ့ဆုံခဲ့ပေမဲ့ သဘောတူညီချက်ရရှိကြောင်း ထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လက ကျင်းပတဲ့ တတိယအကြိမ်ပင်လုံအစည်းအဝေးမှာတော့ FPNCC အဖွဲ့ဝင် ၇ဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ခေါင်းဆောင်တွေက ၄ဖွဲ့နဲ့ တကြိမ်၊ ၃ဖွဲ့နဲ့ တကြိမ် သီးခြားစီခွဲပြီး ဆွေးနွေးခဲ့သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ရေးအတွက် ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။ ဒီလို သဘောတူညီခဲ့တဲ့နောက်ပိုင်းမှာလည်း TNLA ခေါ် တအာင်း(ပလောင်)တပ်ဖွဲ့ ၊ AA ခေါ် ရခိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်အကြားမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး KIO ကချင်တပ်ဖွဲ့နဲ့လည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG