သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တတိယ ပင်လုံညီလာခံ သဘောတူညီချက် ၁၄ချက်ရရှိ


တတိယအကြိမ် ပင်လုံညီလာခံ (Myanmar State Counsellor Office)
တတိယအကြိမ် ပင်လုံညီလာခံ (Myanmar State Counsellor Office)

နေပြည်တော်မှာ ၆ရက်တာကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်း အဝေးနောက်ဆုံးနေ့ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ညီလာခံအတွင်းမှာ မညှိနှိုင်းနိုင်တဲ့ အချက်တွေနဲ့ပတ်သက်ပြီး လက်ရှိလုပ်ငန်းတွေကို ပြန်လည်သုံးသပ်ပြီး ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းစဉ်ကို ချမှတ်ဆောင်ရွက် ဖို့နဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ငြိမ်းချမ်းရေးမဟာဗျူဟာတရပ်ချမှတ်ဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောဆိုပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းအစီအစဉ်ရဲ့ သတင်းထောက် ကိုမိုးဇော်က နေပြည်တော်ကနေ ပေးပို့ထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးဟာ ဒီကနေ့ပြီးဆုံးခဲ့ပြီး ညီလာခံအတွင်း ဆွေးနွေးရရှိခဲ့တဲ့ သဘောတူညီချက် ၁၄ ချက်ကို ပြည်ထောင်စုသဘောတူ စာချုပ်အစိတ်အပိုင်း ၂အဖြစ် သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့သလို နောက်ထပ် ညီလာခံ ၃ကြိမ်ကျင်းပပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို ချမှတ်နိုင်ဖို့ကိုလည်း သန္နိဌာန်ပြုခဲ့ကြပါတယ်။

ညီလာခံဆဌမမြောက်နေ့ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကားပြောကြားရာမှာ

လုံခြုံရေးကဏ္ဍအပါအဝင် ညီလာခံမှာ မဆွေးနွေးနိုင်တဲ့အချက်တွေ ပြေလည်နိုင်စေရေးအတွက် ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုခဲ့ပါတယ်။

“လုံခြုံရေးကဏ္ဍကို ညှိနိူင်းကြရာမှာ အဖက်ဖက်ကသတိကြီးစွာနဲ့ ဆောင်ရွက် နေတာကို တွေ့ရှိရပါတယ်။ လုံခြုံရေးကဏ္ဍမှာ ရလဒ်ထွက်နိုင်ဖို့က ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အများကြီးအရေးကြီးပါတယ်။ ပြီးပြည့်စုံတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူညီမှုဖြစ်ဖို့ဆိုတာ လုံခြုံရေးကဏ္ဍဆိုင်ရာ သဘောတူညီချက်တွေ ပါဝင်မှ ဖြစ်မှာပါ။ ဒီအခက်အခဲတွေ ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ဆိုရင် ကျွန်မတို့ရဲ့ နိုင်ငံရေး ဆွေးနွေးမှုမူဘောင်၊ ဖွဲ့စည်းတည်ဆောက်မှုနဲ့ ဒီဇိုင်းတွေကို အရှိအတိုင်း ရဲရဲတင်းတင်း ပြန်လည်သုံးသပ်ပြီး ပိုမိုကောင်းမွန်တဲ့လုပ်ငန်းစဉ် ဖြစ်ပေါ်လာအောင် ကျွန်မတို့ ဆက်လက်ပြီး ကြိုးပမ်း ကြရဦးမှာဖြစ်ပါတယ်။”

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် အားနည်းချက်တွေပြုပြင်ပြီး အစုအဖွဲ့တွေအကြား နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်သလို ငြိမ်းချမ်းရေးမဟာဗျူဟာတရပ် ရေးဆွဲဖို့ လိုအပ်ကြောင်းလည်း ထည့်သွင်း ပြောကြားပါတယ်။

“ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် အဓိကျတဲ့ အင်အားစုတွေအားလုံး ကြားထဲမှာ တိကျပြတ်သားတဲ့ အနာဂတ်အတွက် ဘုံရည်မှန်းချက်တစ်ခု ရှိလာဖို့ အရေးကြီး ပါတယ်။ တိကျပြတ်သားတဲ့ အနာဂတ်အတွက် ဘုံရည်မှန်းချက်အနေဖြင့် ဒီကနေ့ ညီလာခံအစည်းအဝေးကြီးက သဘောထားထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်လိုက်ပါပြီ။ ဆက်လက်ပြီးတော့ ကျွန်မတို့ အားလုံးအနေနဲ့ အနာဂတ်အတွက် ဘုံရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မယ့် ငြိမ်းချမ်းရေးမဟာဗျူဟာတစ်ခု ထွက်ပေါ်လာနိုင်ဖို့ လိုပါ လိမ့်မယ်။ ဒီမဟာဗျူဟာကို အခြေခံပြီးတော့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင် (Political Framework)ကို သင့်လျော်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲကြဖို့ လိုပါတယ်။ UPDJC ပူးတွဲကော်မတီကလည်း လိုအပ်တဲ့ အလုပ်အဖွဲ့တွေကို ဖွဲ့စည်းပေးထားပြီး ဖြစ်တဲ့အတွက် အမြန်ဆုံးစတင် ဆောင်ရွက် သွားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။”

တူညီတဲ့ဘုံရည်မှန်းချက်ရရှိဖို့ဆိုရင် ခေါင်းဆောင်တွေအကြား အလွတ်သဘောတွေ့ဆုံဆွေးနွေးဖို့နဲ့ ဒီလို တွေ့ဆုံဖို့လည်း သဘောတူညီထားသလို အမြန်ဆုံးစတင်နိုင်ဖို့လည်း အစိုးရက အလေးအနက်ထားဦးပေးဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားပါတယ်။

လက်ရှိ ကျင်းပခဲ့တဲ့ ညီလာခံကို NCA ခေါ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ကို လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့တွေ တက်ရောက်လာခဲ့တာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ရေးအတွက် အစိုးရ၊ တပ်မတော်တို့နဲ့ သီးခြားစီတွေ့ဆုံညှိနှိုင်းနိုင်ခဲ့ကြောင်း၊ အလားအလာကောင်းတွေ ရရှိထားကြောင်းလည်း ပြောဆိုပါတယ်။

ညီလာခံရဲ့သဘောထားကြေညာချက်မှာတော့ ပြည်ထောင်စုတည်ဆောက်ရေးနဲ့ပတ်သက်တဲ့ စိုးရိမ်ချက်၊ လိုလားချက်တွေကို ခြုံငုံဆောင်ရွက်နိုင်ရေးနဲ့ သက်ဆိုင်တဲ့ အချက်တွေကို ထည့်သွင်းဖော်ပြထားပါတယ်။ ဒီသဘောထားတွေကိုတော့ ညီလာခံဦးဆောင် သဘာပတိ ပဒိုစောကွယ်ထူးဝင်းက အခုလို ထုတ်ပြန်ပြောဆိုပါတယ်။

“ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံခိုင်မြဲရေးကို ရှေ့ရှု၍ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓါတ်နဲ့အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ပင်လုံစိတ်ဓါတ်နဲ့အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနဲ့အညီ တည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ညီလာခံကိုယ်စားလှယ်များက ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။”

ညီလာခံကိုတော့ ကိုယ်စားလှယ် ၇၀၀ဦး၊ အထူးဖိတ်ကြားထားသူ ၂၉ဦး၊ လေ့လာသူ ၂၀၄ဦး၊ အကျိုးဆောင် ၂၇ဦးနဲ့ အထောက်အကူပြူသူ 152ဦး ပါဝင်တက်ရောက်ခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးပြီးဆုံးပြီး မကြာခင်မှာ နိုင်ငံရေးကဏ္ဍမှာ မဆွေးနွေးဖြစ်တဲ့ ပြည်ထောင်စုက ခွဲမထွက်ရေး၊ကိုယ်ပိုင်ပြဌာန်းခွင့်အရေးနဲ့ လုံခြုံရေးကဏ္ဍမှာပါဝင်တဲ့ တပ်တွေ ပြန်လည်ပေါင်းစည်းရေးကိစ္စတွေကို အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေ အလွတ်သဘော ဆက်လက်ညှိနှိုင်းကြမှာဖြစ်သလို NCA လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေနဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ရေးအတွက် ဆက်လက်ဆွေးနွေးဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG