သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ဆွေးနွေးပွဲကျင်းပချိန် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲဖြစ်


ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွ့ဲတွေနဲ့ မြန်မာအစိုးရ၊ စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေပါ တက်ရောက်ပြီး နေပြည်တော်မှာ ဆွေးနွေး နေချိန်မှာဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ တိုက်ပွဲတွေလည်း ဖြစ်ပွားနေပါတယ်။ အိန္ဒိယ မြန်မာနယ်စပ်ဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့AAတို့အကြား စစ်ရေးတင်းမာနေသလို၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည် နယ်ဘက်မှာလဲ KIAကချင်လွတ်လပ်ရေး တပ်မတော်နဲ့တိုက်ပွဲဖြစ်ပွါးနေတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာ ပိုင်းသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။

မြန်မာအစိုးရနဲ့NCAအပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေငြိမ်းချမ်းရေးကိစ္စဆွေးနေချိန် မြန်မာတပ်မတော်နှင့် အပစ်ရပ်စာချုပ်လက်မှတ်မရေးထိုးနိုင်သေးတဲ့ရခိုင့်တပ်မတော်AAတို့အကြား အိန္ဒိယနယ်စပ် အနား ပလက်ဝမြို့နယ်မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွါးနေတာပါ။

အိန္ဒိယနယ်စပ်ရှိ ပလက်ဝမြို့နယ်၊ အုံးသီးဝရွာမြောက်ဖက်ဒေသအတွင်းတိုက်ပွဲဖြစ်ပွါးနေတဲ့အခြေအနေကိုတော့ ရခိုင်တပ်မတော်ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကအခုလိုပြောပါတယ်။

"တိုက်ပွဲဖြစ်တာတော့ပလက်ဝမြို့နယ်အထက်ပိုင်းပေါ့။ ကုလားတန်မြစ်ရဲ့အပေါ်ပိုင်းမှာဖြစ်တာ။ အောက်တိုဘာ(၁၄) ရက်နေ့မှာလဲဖြစ်တယ်။ (၁၅)ရက်နေ့မှာလဲဖြစ်တယ်။ အောက်တိုဘာ(၁၄) ရက်နေ့မှာတော့ ညနေ(၄)နာရီခွဲကနေ (၆)နာရီလောက်အထိတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တယ်။ ဗမာ့တပ်မတော်ဘက်က အကျဆုံးတော့ရှိတယ်ဗျ။ ဘယ် လောက်ကျတယ်ဆိုတဲ့ဥစ္စာတော့ ကျွန်တော်တို့လဲအတည်မပြုနိုင်သေးဘူး။(၁၅)ရက်နေ့မှာလဲဘဲ အဲဒီနေရာနား မှာဘဲ တိုက်ပွဲကဆက်ပြီးတော့ဖြစ်တယ်။ အခုလဲဘဲဗမာ့တပ်မတော်ဘက်ကနေ စစ်အင်အားတွေထပ်ဖြည့် နေတယ် ဗျ။ အဲဒီဖြစ်တဲ့နေရာဘက်ကို။ တိုက်ပွဲကဆက်ပြီးတော့ဖြစ်နိုင်တဲ့အနေအထားအများကြီးရှိတယ်။"

အောက်တိုဘာ ၁၄ ရက်နေ့ နဲ့၁၅ ရက်နေ့တွေမှာ တိုက်ပွဲဖြစ်ပွါးခဲ့တာဖြစ်ပြီး တပ်မတော်ကနေအင်အား တိုးချဲ့ နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်လာနေလို့ တိုက်ပွဲဆက်ဖြစ်ပွါးမဲ့အခြေအနေရှိနေတယ်လို့သူကဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်အပါအဝင် အစိုးရနဲ့ စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေနဲ့ NCAအပစ်ရပ်ခေါင်းဆောင်တွေရဲ့ နေပြည်တော်က ဆွေးနွေးပွဲမှာတော့ NCAစာချုပ်ကိုလက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေအားလုံး ပါဝင်လာအောင်ပူးပေါင်းဆောင်ရွက်ဖို့အပါအဝင် သဘောတူညီချက်(၅)ချက် ရရှိထားပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းရေး အခြေအေနေတွေဟာ တကယ့်မြေပြင်အနေအထားနဲ့ကွာခြားတယ်လို့ ခိုင်သုခကအခုလို ပြောပါတယ်။

"လုပ်ရိုးလုပ်စဉ်လိုမျိုးဖြစ်နေပြီးဗျ။ သူတို့တဖက်မှာနေပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးနေပေမဲ့လဲဘဲ တဖက်မှာ တိုင်းရင်းသားတပ်ဖွဲ့တွေအခြေပြုထားတဲ့ဒေသတွေကို ထိုးဖေါက်ဝင်ရောက်ပြီးတော့ သူတို့တိုက်ပွဲတွေ လုပ်နေ တဲ့ဥစ္စာကတော့ လုပ်ရိုးလုပ်စဉ်တခုလိုဖြစ်နေပြီး။"

ပြီးခဲ့တဲ့ စက်တင်ဘာ(၂၁) ရက်နေ့မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ ပါသေး တယ်။

ဒါ့အပြင် NCAလက်မှတ်မထိုးနိုင်သေးတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့KIOနဲ့လဲ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွါးနေခဲ့တယ်လို့ KIOက ဗိုလ်မှူးကြီးဇော်ဂမ်ကပြောပါတယ်။

"ကျွန်တော်တို့တပ်မဟာ(၄)ဘက်မှာတော့ သူတို့ကရှင်းလင်းရေးလုပ်တဲ့ပုံစံပေါ့နော်။ ကျွန်တော်တို့ဆီက တပ်ရင်း (၈)ဒေသ ကွတ်ခိုင်ရဲ့အနောက်မြောက်ဘက်ပါတ်ဝန်းကျင်ပေါ့။ ထိတွေ့မှုကနှစ်ကြိမ်လောက်ရှိတယ်။ (၁၀)ရက်နေ့ (၁၁)ရက်နေ့။ နယ်မြေရှင်းလင်းရေးလှုပ်ရှားစစ်ကြောင်းနဲ့ ကျွန်တော်တို့ဆီကအဖွဲ့တွေနဲ့ထိပ်တိုက်တွေ့တယ်။ ထိခိုက်မှုအခြေအနေကလဲ အတိအကျမသိရဘူး။"

ပြီးခဲ့တဲ့အောက်တိုဘာ(၁၁)မှာလဲ ဗန်မော်မြို့နယ်ဆင်ဘိုမြို့နယ်ခွဲ ခေါင်မေရွာဘက်မှာ KIOတပ်မဟာ(၈)တပ်ရင်း (၅)နဲ့ တပ်မတော်တို့အကြားတိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။

တိုက်ပွဲဖြစ်စဉ်အတွင်း ဒေသခံကျေးရွာသားတွေကလဲ စစ်ဘေးလွတ်ရာတောတောင်ဘက်ကို တိမ်းရှောင်နေရ ပါတယ်။

"အခုလိုတိုက်ပွဲဖြစ်ပွါးနေမှုနဲ့ပက်သက်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ထုတ်ပြန်နေပေမဲ့ တပ်မ တော်ဘက်က တရားဝင်ထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။"

မြန်မာအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကြိုးပမ်းနေဆဲကာလမှာ တိုက်ပွဲ တွေဖြစ်ပွါးနေတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ကြန့်ကြာနေရတဲ့အကြောင်းရင်းတခုလို့လဲ ကချင်ငြိမ်း ချမ်းရေးအကျိုးတော်ဆောင်ဦးဆမ်အောင်ကပြောပါတယ်။

"ငြိမ်းချမ်းရေးအတွက်ထိုးစစ်ဆိုတာကတော့ အဆိပ်အတောက်တော့ဖြစ်တာတော့ ဒါကယုံကြည်မှုအများကြီး ပျက်ပြယ်သွားတဲ့အခါကျတော့ ယုံကြည်မှုနဲ့အလုပ်လုပ်ရတာဖြစ်တဲ့အခါကျတော့ တိုက်ပွဲကမရှိလေ ယုံကြည်မှု ကရှိလေ အဲဒီလိုအနေအထားမျိုးရှိတဲ့အအတွက်ကြောင့် တိုက်ပွဲဆိုတာ ဘယ်တိုက်ပွဲမှမကောင်းပါဘူး။ ငြိမ်း ချမ်းရေးအတွက်ကျတော့သူ့အတိုင်းအတာနဲ့သူ အနှောက်အယှက်ဖြစ်တာတော့ အဲဒီလိုဖြစ်နေတာ။အဲတာ ကြောင့်မို့ဘဲ ငြိမ်းချမ်းရေးဖြစ်စဉ်ကလဲ ဒီလိုကြန့်ကြာနေတဲ့အနေအထားမျိုးရှိပါတယ်။"

မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့နဲ့သာ NCAအပစ်ရပ်စာချုပ်လက်မှတ်ရေး ထိုးနိုင် ပေမဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ UWSA ဝတပ်ဖွဲ့ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်း ရေးကော်မတီ FPNCC အဖွဲ့တွေနဲ့တော့ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးပါဝင်နိုင်မဲ့ အပစ်ရပ်စဲရေးနဲ့နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ မလုပ်နိုင် သမျှတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြိုးပမ်းမှုတွေဟာ အောင်မြင်ဖို့ခဲယဉ်းနေဦးမယ်လို့လဲ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကနေသုံးသပ်ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG