သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေထပ်မံထွက်ပြေး


ရှမ်းစစ်ရှောင်ဒုက္ခသည်များ
ရှမ်းစစ်ရှောင်ဒုက္ခသည်များ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအကြားမှာတိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေပြီး ရာနဲ့ချီတဲ့ဒုက္ခသည်တွေ ထပ်မံထွက်ပြေးနေရပါတယ်။ ပြီးခဲ့တဲ့လတွေက တိမ်းရှောင်ခဲ့သူတွေနဲ့ပါဆိုရင် ဒီရက်ပိုင်းအတွင်းမှာ ဒုက္ခသည် ၃ထောင်လောက် အိုးအိမ်စွန့်ခွာပြီး စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နမ္မတူမြို့နယ်အတွင်းမှာ TNLAခေါ် တအာင်း(ပလောင်)နဲ့ SSA-မြောက်ပိုင်း ပူးပေါင်းတပ်ဖွဲ့တွေနဲ့ RCSS/SSA တောင်ပိုင်းတပ်တွေအကြားဖြစ်ပွားတဲ့တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ တစ်လကျော်လောက်က စတင်ခဲ့ရာကဒီရက်ပိုင်းအတွင်းမှာ ခပ်စိပ်စိပ် ထပ်မံဖြစ်ပွားလာနေတာပါ။

နမ္မတူမြို့နယ်က ဒေသခံတဦးက လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲအခြေအနေကို အခုလို ပြောပါတယ်။

“ တိုက်ပွဲက ဒီ ၃- ၄ရက်ကတော့ နေ့တိုင်းရက်ဆက်ဖြစ်တယ်ခင်ဗျ။ စက်တင်ဘာ ၄ရက်နေ့ ဒီနေ့မနက် ၆နာရီတောင်မှ တိုက်ပွဲစနေပါပြီ။ ဖြစ်တာက ပန်လုံမှာ တနေရာ၊ ပန်လုံရဲ့အနောက်ဖက်က ပန်ကိုင်ကျေးရွာမှာ တနေရာ မှာဖြစ်တဲ့ခင်ဗျ။ အဲဒီ ၂နေရာဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်တဲ့အဖွဲ့က RCSS နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်တာပါခင်ဗျ။ စစ်ပွဲဖြစ်တဲ့ ဧရိယာက နမ္မတူမြို့နယ်ပေါ့။ ပန်လုံကျေးရွာအုပ်စု၊ မိုင်းမုကျေးရွာအုပ်စုနဲ့ အခုချောင်းဆာကျေးရွာအုပ်စုပေါ့။ အဲမှာပတ်ဖြစ်နေတာပေါ့။ အများဆုံးဖြစ်တာက မိုင်းမုကျေးရွာအုပ်စုမှာဖြစ်တာ။ အခု ပန်လုံကျေးရွာအုပ်စုနဲ့ ချောင်းဆာမှာလည်း စဖြစ်လာတာပေါ့။ ”

လက်ရှိတိုက်ပွဲဖြစ်ပွားရာ ပန်လုံကျေးရွာရဲ့ မြောက်ဘက်ပိုင်းရှိကျေးရွာတွေက ရွာသားတွေဟာ မန်စံနဲ့ မိုင်းမုကျေးရွာတွေကို ပြေးဝင်ခိုလှုံကြပြီး ပန်လုံရဲ့ တောင်ဘက်ပိုင်းက ကျေးရွာတွေကတော့ ပန်သပြေ၊ မန်လီ၊ မိုးတေရွာတွေနဲ့ သီပေါမြို့ကို တိမ်းရှောင်နေကြပါတယ်။

ပန်လုံကျေးရွာမြောက်ဖက်ခြမ်း မန်စံနဲ့ မိုင်းမုကျေးရွာတွေကို တိမ်းရှောင်သူ ၁၄၀၀လောက်ရှိနေကြောင်းအခုလို ဆက်ပြောပါတယ်။

“ စစ်ရှောင်က မန်စံနဲ့ မိုင်းမုကျေးရွာ ၂ရွာပေါ့နော် လက်ခံထားတာ ၁ထောင်နဲ့မှ ၉၁ယောက်ပါ။ ဒါပေမဲ့ မနေ့တုံးက ဝင်လာတဲ့ စာရင်းအရဆိုရင် ၁ထောင့် ၂ရာ လောက်ရှိပါတယ်ခင်ဗျ။တချို့ကျတော့ သူတို့က အသိအိမ်တွေမှာ လာတည်းတယ်ဆိုတော့ camp တွေမှာလာပြီးတော့ စာရင်း မပေးတော့ အဲဒါတွေနဲ့ပါ တွက်တယ်ဆိုရင်တော့ ၁၃၀၀၊ ၁၄၀၀လောက် တော့ ခန့်မှန်းမိတယ်ခင်ဗျ။ တချို့ ရွာတွေက ၃ကြိမ်မြောက်ပြေးတာတို့၊ တချို့ ရွာတွေက ၂ကြိမ်တို့ အဲလိုမျိုးပေါ့။ ”

ပန်လုံကျေးရွာတောင်ဘက်ခြမ်းက တိမ်းရှောင်သူတွေအခြေအနေကို သီပေါမြို့က စစ်ရှောင်တွေကို ကူညီပေးနေသူ ကိုမျိုးက အခုလို ပြောပါတယ်။

“ ပန်ကိုင်က ရွာသားတွေလည်း အခုသွားခေါ်ထုတ်ပြီးတော့ သီပေါကို ပို့ပေးနေတယ်လေ။ ရွာသားက အခုဆိုရင် ၃၀လောက်တော့ ရှိပြီ။ သူကကျတော့ အရင်ရက်တွေကလည်း သွားတဲ့လူတွေ ရှိတယ်လေ။ အခု လမ်းမလျှောက်နိုင်တဲ့လူ ၄ယောက်ရယ်၊ အခုနောက်ထပ် အဲဒီက ထွက်လာတဲ့ ရွာသားတွေကို နားခိုလျံမှာပေါ့၊ နားခိုလျံရွာကနေ သူတို့စောင့်ခိုင်းထားပြီး ထပ်ပြီးတော့ သယ်လာတာပေါ့နော် သီပေါကို။ ဒီရက်ပိုင်းကတော့ ၄- ၅၀ လောက်တော့ ရှိမယ်။ ပန်သပြေရယ်၊ မန်လီရယ်၊ ဘိုးတော်ကျောင်းရယ်၊ မိုးတေရယ် ၁၅၀၀ကျော်သွားပြီပေါ့။ ”

နမ္မတူမြို့နယ် ပန်သပြေရွာမှာ လူ ၆၁၀၊ မန်လီရွာမှာ လူ ၄၅၀လောက်နဲ့ သီပေါမြို့နယ် မိုးတေရွာ ဘုန်းကြီးကျောင်းမှာ လူ ၆၀လောက်နဲ့ သီပေါမြို့ ဘိုးတော်ကျောင်းမှာ လူ ၃၂၀လောက် ရှိနေကြောင်း ပြောပါတယ်။

သီပေါမြို့ပေါ်ကို ရောက်ရှိနေသူတွေကိုတော့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ရှမ်းယဉ်ကျေးမှုအဖွဲ့က ကူညီထားပြီး ပန်သပြေနဲ့မန်လီကို ပရဟိတအဖွဲ့တွေက ကူညီထားပါတယ်။

နမ္မတူမြို့နယ်အတွင်းမှာ ဒီနှစ်ပိုင်းတွေအတွင်း TNLAခေါ် တအာင်း(ပလောင်)တပ်နဲ့ RCSSခေါ် တောင်ပိုင်းရှမ်းတပ်ဖွဲ့အကြား တိုက်ပွဲတွေ မကြာခနဖြစ်ပွားနေတာဖြစ်ပါတယ်။ သြဂုတ်လ ၃၁ရက်နဲ့ ဒီလ ၁ရက်နေ့ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် TNLA တပ်ဖွဲ့နဲ့ အစိုးရတပ်မတော်အကြား တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

TNLA နဲ့ SSA မြောက်ပိုင်းအဖွဲ့အပါအဝင် တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ဖွဲ့ဟာ NCA ခေါ် အပစ်ရပ်စာချုပ်ကို လက်မှတ်မရေးထိုးသေးပါဘူး။ ဇူလိုင်လမှာ ကျင်းပတဲ့ တတိယအကြိမ် ပင်လုံအစည်းအဝေးမှာတော့ ငြိမ်းချမ်းရေးအတွက် အလွတ်သဘောဆွေးနွေးဖို့ သဘောတူညီထားပေမဲ့ ဆွေးနွေးပွဲတွေ မစတင်နိုင်သေးသလို လက်နက်ကိုင်တချို့နဲ့ အစိုးရတပ်မတော်အကြားမှာ တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG