သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ပိုင်းရှမ်းတပ်နဲ့ ပလောင်တပ် တိုက်ပွဲဖြစ်ပွား


 တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSS/SSAတပ်ဖွဲ့ (RCSS - SSA News & Information Department)
တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSS/SSAတပ်ဖွဲ့ (RCSS - SSA News & Information Department)

NCAအပစ်ရပ်တောင်ပိုင်း ရှမ်းပြည်တပ်မတော်RCSS/SSA တပ်ဖွဲ့နဲ့ တအာင်းပလောင်TNLAတပ်ဖွဲ့တို့ ရှမ်းပြည်နယ် မြောက်ပိုင်းနမ္မတူမြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံ(၂၇၀)ကျော် နေရပ်ကနေတိမ်းရှောင်နေရပါတယ်။ စစ်ရှောင် ရွာသားတွေဟာ မန်စံကျေးရွာစစ်ရှောင်စခန်းမှာ ခိုလှုံနေရတယ်လို့လဲ စခမ်းတာဝန်ရှိသူတွေကပြောပါတယ်။ လက်ရှိ ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်အတွင်း စစ်ရေးမတည်ငြိမ်သေးတဲ့အခြေအနေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းနမ္မတူမြို့နယ်အတွင်းမှာ တောင်ပိုင်းရှမ်းပြည်တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLAတပ်ဖွဲ့တို့အကြား ဒီမနက်မှာတိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ မန်စံစစ်ရှောင်စခမ်းတာဝန်ခံ ဦးစိန်တုံးကပြောပါတယ်။

"တိုက်ပွဲကတော့တော်တော်လေးပြင်းထန်တဲ့သဘောမှာရှိနေတယ်။ ဒီမနက်(၈)နာရီလောက်ကတည်းကနေ တောက် လျှောက်အသံမြည်နေတာတော့ အခုထိတချက်တချက် အဲဒီလိုမျိုးမြည်နေသေးတယ်။ နမ္မတူနဲ့(၁၄)မိုင်(၁၈)မိုင် အဲဒီ ဝန်းကျင်မှာ။ ဒီကောင်းဟုန်းရယ်။ လုံမန်းရယ် ပြီးလို့ရှိရင် မိုင်းမု ဒီရွာရဲ့ပတ်ဝန်းကျင် တောဖက်တွေမှာပေါ့။ တိုက်ပွဲ ဖြစ်တာတော့ကျွန်တော်တို့ကြားတာတော့ ဒီ ရှမ်းတောင်ပိုင်းနဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့လို့ကြားတယ်ခင်ဗျ။"

နှစ်ဖက်တပ်ဖွဲ့တွေထိပ်တိုက်ရင်ဆိုင်တော့မဲ့အခြေအနေမှာ ရွာသားတွေစစ်ဘေးတိမ်းရှောင်လာခဲ့ကြပါတယ်။

ဒီနေ့မနက်ဖက်မှာဖြစ်ပွါးတဲ့တိုက်ပွဲကြောင့် ဒေသခံကျေးရွာသား(၂၇၀)ကျော်ဟာ နမ္မတူမြို့နယ် မန်စံစစ်ရှောင် စခမ်းကို တိမ်းရှောင်ရောက်ရှိနေတယ်လို့ အကူညီပေးရေးအဖွဲ့ဝင် စိုင်းလိန်ခမ်းကပြောပါတယ်။

"စစ်ရှောင်ဦးရေ(၂၇၄)ယောက် ရောက်နေပါပြီး။ သူကစစ်ရှောင်စခမ်းက CECဘော်ဒါဆောင်မှာတနေရာ နောက်ပြီး တော့ မန်စံမြောက်ကျောင်းမှာတနေရာ။ စစ်ရှောင်တဲ့ရွာတွေနံမယ်ကတော့ ကောင်းဟုန်းရွာ လွယ်မိတ်ရွာ မိုင်းမုရွာ ဒီ(၃)ရွာပါခင်ဗျ။"

တိုက်ပွဲဖြစ်ပွါးနေဆဲအခြေအနေကြောင့် ဒေသခံကျေးရွာသားတွေအနေနဲ့ စစ်ဘေးတိမ်းရှောင်လာနေဆဲလို့လဲ သူကဆိုပါတယ်။

RCSS/SSAတောင်ပိုင်းရှမ်းပြည်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းဦးကတော့ ဒီကနေ့နမ္မတူမြို့နယ်အတွင်းမှာ တအာင်းပလောင်တပ်ဖွဲ့TNLAနဲ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ အတည်ပြုပြောဆိုပါတယ်။

"တိုက်ပွဲဖြစ်တာတော့ကျွန်တော်တို့အတည်ပြုတယ်။ ကျွန်တော်တို့ကြားတာတော့TNLAနဲ့ကျွန်တော်တို့နဲ့ဖြစ်တယ်။ ဖြစ်တယ်ဆိုပေမဲ့လဲ သိပ်အကြီးအကျယ်တော့မဖြစ်ပါဘူး။"

မနက်ပိုင်းကနေ ညနေပိုင်းအချိန်ထိဖြစ်ပွါးခဲ့တဲ့တိုက်ပွဲအခြေအနေနဲ့ နှစ်ဖက်ထိခိုက်အခြေအနေကို အတည်မပြုနိုင် သေးပါဘူး။

တောင်ပိုင်းရှမ်းပြည်တပ်မတော်အဖွဲ့ဟာ ပြီးခဲ့တဲ့ဇူလိုင်လ(၉)ရက်နေ့ကနေ(၁၂)ရက်နေ့အထိ လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်အတွင်းမှာမြန်မာ့တပ်မတော်နဲ့ စစ်ရေးပဋိပက္ခဖြစ်ပွါးခဲ့သလို တပ်မတော်နဲ့ ပစ်ခတ်မှုရပ်တန့်အပြီး TNLAနဲ့ စစ်ရေးတင်းမာလာနေခဲ့တာပါ။

တောင်ပိုင်းရှမ်းပြည်တပ်မတော်နဲ့တအာင်းပလောင်တပ်ဖွဲ့တို့ဟာ ၂၀၁၅ခုနှစ်ကုန်ပိုင်းကစပြီး အငြင်းပွါးဘွယ်ရာ နယ်မြေပိုင်ဆိုင်မှုပြဿနာကြောင့်နှစ်ဖက်တိုက်ပွဲဖြစ်ပွါးလာခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ၂၁ရာစုပင်လုံခေါ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပနေတဲ့ရက်တွေမှာ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ဘက်တွေမှာ တိုက်ပွဲတွေရက်ဆက်ဆိုသလို ဖြစ်ပွါးနေပါတယ်။

ဒီကနေ့မှာလဲ ကချင်ပြည်နယ် ဖါးကန့်မြို့နယ်ဘက်မှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်KIA တို့ တိုက်ပွဲဖြစ်ပွါးနေတယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆမ်အောင်ကပြောပါတယ်။

"တိုက်ပွဲတွေတော့ဖါးကန့်မြို့နယ်ဘက်မှာဖြစ်နေတယ်လို့သိရတယ်။ တပ်မတော်က KIAရှိတဲ့ဘက်ကို လှုပ်ရှားလာ တဲ့အခါကျတော့ တိုက်ပွဲဖြစ်လာတာလို့သိရတယ်။ အဲဒီလို (၂)ရက်(၃)ရက်လောက်ဖြစ်နေပြီး။ ဟိုမှာဖြစ်လိုက် ဒီမှာ ဖြစ်လိုက်။ ကာမိုင်းအဲဒီဘက်တကြောဘဲ။ နှစ်နေရာလောက်ဖြစ်တယ်လို့သိရတယ်။ အသေအပျောက်ဘာညာ အသေးစိပ်တော့ကျွန်တော်မသိဘူး။"

၂၁ရာစုပင်လုံတတိယအကြိမ်ညီလာခံကျင်းပနေတဲ့တချိန်ထဲမှာဘဲ ကရင်ပြည်နယ် ဖါပွန်ခရိုင်ဘက်မှာလဲ ကရင် အမျိုးသားအစည်းအရုံးတပ်မဟာ(၅)နယ်မြေ မှာ ဇူလိုင်လ ၁၂ ရက်နေ့က မြန်မာ့တပ်မတော်နှင့် ကေအဲန်ယူ အဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ဒီလိုတိုက်ပွဲဖြစ်ပွါးနေတဲ့အခြေအနေတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအကောင်အထည်ဖေါ်ရာမှာ ယုံကြည် မှုတွေအားပျော့စေတယ်လို့လဲ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆမ်အောင်ကပြောပါတယ်။

"ငြိမ်းချမ်းရေးဆိုတာ နှစ်ဖက်ယုံကြည်မှ ယုံကြည်မှုရှိမှ ဖြစ်တဲ့ရှေ့ကိုတိုးလို့ရတဲ့ အနေအထားမျိုးပါ။ ဒီတိုက်ပွဲတွေ ဖြစ်ရင် ယုံကြည်မှုကလျော့ရဲလာမယ်။ ငြိမ်းချမ်းရေးအတွက်အနှောက်အယှက်ကတော့ အတိုင်းတာတခုတော့ ဖြစ်တော့ဖြစ်မယ်။ တိုက်ပွဲမဖြစ်လေ ဆိုတော့ ယုံကြည်မှုကအားကောင်းလေဖြစ်မယ်။"

လက်ရှိကချင်ပြည်နယ် ရှမ်းပြည်နယ်ကရင်ပြည်နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား သော်၎င်း မြန်မာ့တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့သော်၎င်း စစ်ရေးတင်းမာမှုတွေရှိနေ ဆဲဖြစ်ပါတယ်။

ဒီစစ်ရေးပဋိပက္ခတွေကြောင့် စစ်ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတဲ့ စစ်ပြေးဒုက္ခသည်ဦးရေ(၂)သိန်းလောက် ရှိနေသေးသလို ဒီစစ်ပြေးဒုက္ခသည်အရေးကို လက်ရှိအစိုးရကလဲ ဖြေရှင်းပေးနိုင်ခြင်းမရှိတဲ့အခြေအနေမှာရှိနေ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG