ဇူလိုင်လ ၁၁ရက်နေ့က နေပြည်တော်မှာ NRPC နဲ့ RCSS တို့ တွေ့ဆုံဆွေးနွေးရာမှာတစ်နှစ်နီးပါးလောက် ရပ်ဆိုင်းနေတဲ့ ၂၁ရာစုပင်လုံ အပါအဝင်တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ရေးအပါအဝင် အပစ်ရပ်ဒေသတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးအတွက် အဓိကထားဆွေးနွေးခဲ့ကြပါတယ်။ တဆက်တည်းမှာပဲ အစိုးရဘက်က ၂၁ရာစုပင်လုံ အစည်းအဝေးကို ဒီနှစ် ဒီဇင်ဘာလဒါမှမဟုတ် နောက်နှစ် ဇန်နဝါရီလမှာ ကျင်းပဖို့အတွက် အဆိုပြုခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ တင်ပြထားပါတယ်။
အမျိုးသားပြည်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ ဒီနေ့ တွေ့ဆုံခဲ့တာဟာ တတိယအကြိမ် ၂၁ရာစုပင်လုံ အစည်းအဝေးနောက်ပိုင်း ၈ကြိမ်မြောက် တွေ့ဆုံကြတာဖြစ်ပါတယ်။
ဒီကနေ့အဓိက ဆွေးနွေးတဲ့ အချက်တွေကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။
“အဓိကကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ အပိုင်းတစ် ဆွေးနွေးပါတယ်။ အဲဒီမှာတော့ အဓိကက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးကိစ္စ ဆွေးနွေးပါတယ်။ တရားဝင် ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ ဆွေးနွေးပါတယ်။နောက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးကိစ္စအပေါ် သဘောထားတွေ ဆွေးနွေးပါတယ်။ နောက် ဒုတိယပိုင်း အနေနဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေ ဆွေးနွေးပါတယ်။ အဲဒါတော့ အထူးသဖြင့်ကတော့ မုန်းထော်ဒေသ ဖွံ့ဖြိုးရေးကိစ္စ၊ နောက် နမ့်ပန်ခွန်မြောက်ခြမ်းဖွံ့ဖြိုးရေးကိစ္စ၊ နောက်တစ်ချက် စာသင်ကျောင်းနဲ့ ကျေးလက် ဆေးပေးခန်းတွေ ဆောက်လုပ်ရေးကိစ္စ ဒီအပိုင်းတွေ ဆွေးနွေးပါတယ်။ ”
ပြီးခဲ့တဲ့နှစ်က ကျင်းပတဲ့ ၂၁ရာစုပင်လုံ တတိယအစည်းအဝေး မတိုင်မီ RCSS က ရှမ်းပြည်နယ်အတွင်းမှာ နိုင်ငံရေးဆွေးနွေးပွဲ အကြိုအစည်းအဝေးတွေ ကျင်းပရာမှာတပ်မတော်က ပိတ်ပင်တားမြစ်တာတွေ ရှိခဲ့တဲ့နောက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်ခဲ့ပါဘူး။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးအတွက် ဒီကနေ့ ဆွေးနွေးပွဲမှာ ရရှိ တဲ့ သဘောတူညီချက်ကို RCSS ရဲ့ အတွင်းရေးမှူး ၂ ဗိုလ်မှုးကြီး စိုင်းငင်းက သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။
“ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်တဲ့နေရာမှာ သူရဲ့ လုပ်ထုံးလုပ်နည်း SOP တွေရှိတာကိုး၊ အဲဒီအတိုင်းပဲ ကျနော်တို့က သွားဖို့ ရှိတယ်။ တစ်ချို့ နားလည်မှုလွဲနေတဲ့ အပိုင်းက ပြန်ညှိရမယ့် အပိုင်းတွေ ရှိတာပေ့ါ။ ဆိုလိုတဲ့သဘောက ဆက်လက် ကျင်းပဖို့က လမ်းပွင့်သွားပြီလို့ပဲ ဆိုရမှာပေါ့။ ဒါပေမဲ့ အသေးစိတ်ကျတော့ သူရဲ့ လုပ်ထုံးလုပ်နည်းကတော့ ပြန်ညှိရမယ့် အပိုင်းတွေ ရှိတာပေါ့။”
ဒီဆွေးနွေးပွဲမှာပဲ ၂၁ရာစုပင်လုံ စတုတ္ထအစည်းအဝေး ပြန်လည်ကျင်းပရေးအတွက် အစိုးရဘက်က အဆိုပြုခဲ့တာနဲ့ပတ်သက်ပြီး ဗိုလ်မှူးကြီး စိုင်းငင်းက အခုလိုပြောပါတယ်။
“ ၂၁ပင်လုံကျတော့ ဒီဘက်ကတော့ အစိုးရဘက်ကတော့ ဒီ ဒီနှစ်အတွင်းမှာပေါ့နော်။ ဒီဇင်ဘာလား ဒါမှ မဟုတ် လာမယ့်နှစ် နှစ်ဆန်း တစ်လပိုင်းလောက်မှာပေါ့။ အဲလို ကျင်းပလိုတဲ့ အနေအထားရှိပါတယ်။”
ဒီဆွေးနွေးပွဲမှာ မူးယစ်ဆေးဝါးနဲ့ ပြန်လည်ထူထောင်ရေး၊ အကျဉ်းကျခံနေရတဲ့ RCSS အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေး စတဲ့အချက်တွေကို ထည့်သွင်းဆွေးနွေးပါတယ်။ ဒီဆွေးနွေးပွဲက ရရှိတဲ့ စုစည်းချက်တွေကို NRPC နဲ့ RCSS က သက်ဆိုင်ရာ ခေါင်းဆောင်ပိုင်းကို ပြန်လည်တင်ပြဖို့ ရှိနေတာဖြစ်ပါတယ်။
NRPC ရဲ့ ဒုဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက ဒီကနေ့ ဆွေးနွေးပွဲအဖွင့်မိန့်ခွန်း ပြောကြားရာမှာတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လမ်းကြောင်းမှန်ကနေ သွေဖည်သွားအောင်၊ ပျက်ပြယ်သွားအောင် လုပ်နေသူတွေ ရှိနေကြောင်းနဲ့ အချင်းချင်းနားလည်မှု၊ ယုံကြည်မှုတွေနဲ့ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။