သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးကော်မရှင်နဲ့ အပစ်ရပ်အဖွဲ့ ထိုင်းမှာတွေ့ဆုံ


ငြိမ်းချမ်းရေးကော်မရှင်နဲ့ အပစ်ရပ်အဖွဲ့ ထိုင်းမှာတွေ့ဆုံ (သတင်းဓါတ်ပုံ-NMG)
ငြိမ်းချမ်းရေးကော်မရှင်နဲ့ အပစ်ရပ်အဖွဲ့ ထိုင်းမှာတွေ့ဆုံ (သတင်းဓါတ်ပုံ-NMG)

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အလုပ်အဖွဲ့ (PPWT)တို့ ကနေ ဒီကနေ့ထိုင်းနိုင်ငံ ချင်းမိုင် မြို့ မှာတွေ့ဆုံခဲ့ကြတာပါ။ ဒီတွေ့ဆုံမှုမှာ ၂၁ရာစုပင်လုံဒုတိယအကြိမ်ညီလာခံတုန်းက လုပ်ငန်းစဉ်အခက်ခဲတွေကို တင်ပြဆွေး နွေးခဲ့သလို JICM ခေါ်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် အကောင်အထည်ဖေါ်မှု ဆိုင်ရာညှိနှိုင်း အစည်းအဝေးကို ပုံမှန်ကျင်းပသွားဖို့အချက်ကိုသဘောတူညီမှုရရှိခဲ့တယ်လို့ နှစ်ဖက်ခေါင်းဆောင်တွေကပြောပါတယ်။

အပြည့်အစုံကို ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရနဲ့အပစ်ခတ်ရပ်စဲရေးNCAလက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ်(၈)ဖွဲ့ခေါင်းဆောင်တွေနဲ့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့တို့အကြား ဒီကနေ့ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီတွေ့ဆုံမှုနဲ့ပက်သက်လို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်အကြံပေးပုဂ္ဂိုလ်ဦးလှမောင်ရွှေကအခုလိုပြောပါတယ်။

အဓိကက ပြီးခဲ့တဲ့ညီလာခံမှာတုန်းက ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်တွေမှာ အခက်ခဲဖြစ်တာမျိုးတွေကို နှစ်ဖက်ညှိနှိုင်းပြီးဘယ်လို ကျော်လွှား မလဲ ။ ပြီးရင် UPDJCအတွင်းရေးမှူးအဖွဲ့မှာ နိုင်ငံရေးပါတီလဲပါပါတယ်။ အဲဒီမှာကျွန်တော်တို့ညှိနှိုင်းဆွေးနွေးပြီးရင် UPDJCကိုတင်ပြပြီး အဆုံးဖြတ်တွေယူမလဲဆိုတာအဓိကပါ။ အဲတာနဲ့ပက်သက်လို့လိုအပ်တဲ့အချက်အလက်ပေါင်း မြောက်များစွာ ကျွန်တော်တိုကဆွေးနွေးနိုင်ခဲ့ပါတယ်။ ကျွန်တော်အနေနဲ့ပြောရရက် မျှော်လင့်တာထက်အများကြီးအပြုသဘောဆောင်တယ်။ အများကြီးဆွေးနွေးနိုင်တယ်။ ရှေ့လုပ်ငန်းစဉ်အတွက်အများကြီးလမ်းပွင့်သွားတယ်။

NCAလက်မှတ်ထိုးအဖွဲ့တွေအနေနဲ့ ဇူလိုင်လ လော်ခီးလာမှာကျင်းပခဲ့တဲ့အစည်းအဝေး ကနေ NCAကိုပြန်လည်သုံးသပ်ချက် ဆိုင်ရာအချက်တွေကို တင်ပြဆွေးနွေးခဲ့တယ်လို့ ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ဥက္ကဌ ဦးခွန်မြင့်ထွန်းက အခုလိုပြော ပါတယ်။

အပြန်အလှန်အားဖြင့်ကျွန်တော်တို့လော်ခီးလာမှာ ကျွန်တော်တို့အလုပ်အဖွဲ့အစည်းဝေးအနေနဲ့ NCAကိုပြန်လည်သုံးသပ်မှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီသုံးသပ်မှုတွေလုပ်ခဲ့တဲ့အခြေအနေတွေပေါ့လေ။ များသောအားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အ ထည် ဖေါ်တဲ့နေရာမှာ အားနည်းချက်တွေရှိခဲ့တယ်။ ချို့ယွင်းချက်တွေ ရှိခဲ့တယ်။ အားနည်းချက်တွေ ချို့ယွင်းချက်တွေပြင်ဆင် နိုင်ဖို့အတွက်ကို ကျွန်တော်တို့အလွတ်သဘောညှိနှိုင်းခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၁ရာစုဒုတိယအကြိမ်ပင်လုံညီလာခံမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ခြင်းမရှိသေးဘဲနဲ့ ညီလာခံကျင်းပ တဲ့အပေါ်ဝေဖန်မှုတွေရှိနေခဲ့တာပါ။ အထူးသဖြင့် ရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်အတွင်းမှာ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့ ကန့်သတ်ခံနေရတဲ့အခြေအနေရှိနေပါတယ်။

အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲဆက်လက်ကျင်းပရေးဆွေးနွေးချက်နဲ့ပက်သက်ပြီး ဦးခွန်မြင့်ထွန်းက အခုလိုပြောပါတယ်။

အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ လုပ်တဲ့ကိစ္စကိုလဲ ကျွန်တော်တို့ဆွေးနွေးဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ရှမ်းနဲ့ရခိုင် တို့ ကျင်းပမဲ့အဖွဲ့အစည်းများနဲ့လဲတွေ့ဆုံဆွေးနွေးနိုင်ဖို့ဒီကိစ္စတွေလဲဆွေးနွေးဖြစ်ပါတယ်။

ဒီအလွတ်သဘောတွေ့ဆုံမှုအတွင်း အစိုးရအဖွဲ့နဲ့NCAလက်မှတ်ထိုးတဲ့အဖွဲ့သာပါဝင်တဲ့ JICM ခေါ်တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးစာချုပ် အကောင်အထည်ဖေါ်မှု ဆိုင်ရာညှိနှို င်းအစည်းအဝေးကို ပုံမှန်ကျင်းပသွားဖို့ သဘောတူညီချက်ရရှိခဲ့ တယ်လို့ ခွန်မြင့်ထွန်းကအခုလိုဆက်ပြောပါတယ်။

ကျွန်တော်တို့NCAပြီးရင် JICMကအမြင့်ဆုံးဘဲ။ JICMမှာလက်မှတ်ရေးထိုးထားတဲ့ အစိုးရရဲ့တပ်မတော်ဖက်ကခေါင်းဆောင် တွေ ရယ်။ ကျွန်တော်တို့လက်မှတ်ရေးထိုးထားတဲ့EAOခေါင်းဆောင်တွေရယ်။ အဲဒီနှစ်ဖက်ဘဲပါတယ်။ နိုင်ငံရေးပါတီမပါဘူး။ ဒါကNCA ပြီးရင်အမြင့်ဆုံးလို့ပြောလို့ရပါတယ်။ ကျွန်တော်တို့(၃)လတခါကျင်းပဖို့ရှိပါတယ်။

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့အပစ်ရပ်NCAအဖွဲ့တို့ဒီကနေ့တွေ့ဆုံမှုမှာ လာမဲ့၂၁ရာစုပင်လုံညီလာခံတတိယအကြိမ် အတွက် ကြိုတင်ညှိနှိုင်းမှုအတွက်လို့ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့မှ အတွင်းရေးမှူး ဦးခင်ဇော်ဦးက အစည်းအဝေးအဖွင့်မိန့်ခွန်းမှာ အခုလို ပြောပါတယ်။

လာမဲ့နိုဝင်ဘာ ဒီဇင်ဘာလောက်မှာပြန်ပြီးတော့ ငြိမ်းချမ်းရေးညီလာခံတခုကိုပြန်ပြီးတော့ကျင်းပရမှာဖြစ်ပါတယ်။ ညီလာခံမကျင်းပမီ ကြားထဲမှာ ညီလာခံကိုအောင်အောင်မြင်မြင်နဲ့ကျင်းပနိုင်ဖို့အတွက် UPDJCအတွင်းရေးမှူးအစည်းအဝေးတွေ လုပ်ငန်းကော်မီတီ အ စည်းအဝေးတွေ အမျိုးသားအဆင့်နိုင်င့ရေးဆွေးနွေးပွဲကိစ္စတွေ ဒါတွေလဲကျွန်တော်တို့အများကြီးညှိနှိုင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါ တယ်။ နောက်တခုကလဲ အရင်NCA Draftတုန်းက တူတူပါဝင်ခဲ့ကြပြီးတော့မှ ကျွန်တော်တို့နဲ့အခု NCAစည်းဝိုင်းထဲ မပြီးဘဲနဲ့ ကျန်နေတဲ့ ကျွန်တော်တို့ရဲဘော်တွေကိုလဲ လက်မှတ်ထိုးပါဝင်လာအောင် ကျွန်တော်တို့ဆက်ညှိနှိုင်းပြီးတော့မှ လယ်လိုဆောင်ရွက် ရမလဲ ဆိုတဲ့ဟာမျိုးလဲ နည်းလမ်းရှာဖွေလုပ်ရမဲ့ကိစ္စတွေရှိနေပါတယ်။

လက်ရှိမြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့သာ NCAအပစ်ရပ်လက်မှတ်ရေးထိုးနိုင်ပြီး UNFCခေါ်ညီညွတ် သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့နဲ့ UWSAဝဦးဆောင်တဲ့မြောက်ပိုင်းဒေသလက်နက်ကိုင်အဖွဲ့တွေကတော့ လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးပါဘူး။

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနဲ့ NCAလက်မှတ်ရေးထိုးနိုင်ရေး အတွက် ကြိုးပမ်းသွားမယ်လို့ ငြိမ်းချမ်းရေး ကော်မရှင်အကြံပေးပုဂ္ဂိုလ်ဦးလှမောင်ရွှေကပြောပါတယ်။

ဒီကနေ့တွေ့ဆုံမှုမှာ အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့က အတွင်းရေးမှူး ဦးခင်ဇော်ဦးဦးဆောင်ခဲ့သလို (PPWT)ဘက်က KNUဒုတိယဥက္ကဌပဒိုစောကွယ်ထူးဝင်းကဦးဆောင်ခဲ့ပါတယ်။

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့အနေနဲ့မနက်ဖန်မှာ UNFCခေါ်ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ အဖွဲ့နဲ့တွေ့ဆုံသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG