သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိပ်ပိုင်း တိုင်းရင်းသားခေါင်းဆောင်တွေ မပါလို့ အလွတ်သဘော တွေ့ဆုံမှုသာ ပြုလုပ်နိုင်


၂၀၂၀ ခုနှစ်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးဖွင့်ပွဲအခမ်းအနား မြင်ကွင်း။ (ဓာတ်ပုံ - Union Peace Conference - 21st Century Panglong's Facebook - သြဂုတ် ၁၉၊ ၂၀၂၀)
၂၀၂၀ ခုနှစ်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးဖွင့်ပွဲအခမ်းအနား မြင်ကွင်း။ (ဓာတ်ပုံ - Union Peace Conference - 21st Century Panglong's Facebook - သြဂုတ် ၁၉၊ ၂၀၂၀)

(Zawgyi / Unicode)

စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားအပြီးမှာ ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲ ကျင်းပဖို့ စစ်ကောင်စီဘက်က ရည်မှန်းခဲ့ပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အတော်များများက ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ ခေါင်းဆောင်တွေ မပါဝင်တာကြောင့် တွေ့ဆုံဆွေးနွေးပွဲသာ ကျင်းပနိုင်ခဲ့တယ်လို့ တက်ရောက်သူ တိုင်းရင်းသားခေါင်းဆောင်တချို့က ပြောပါတယ်။ ဒီနေ့ ဆွေးနွေးမှု အခြေအနေကို နေပြည်တော်မှာ ရောက်ရှိနေတဲ့ ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ ဒီကနေ့မနက် ၁၁ နာရီကျော်လောက်မှာ နေပြည်တော် MICC 2 ခန်းမမှာ တွေ့ဆုံခဲ့တာပါ။

ဒီတွေ့ဆုံဆွေးနွေးပွဲကို မူလက ထာဝရငြိမ်းချမ်းရေး အကြိုညှိနှိုင်းဆွေးနွေးပွဲအဖြစ် ကျင်းပဖို့ ရည်ရွယ်ခဲ့ပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အတော်များများက ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ ခေါင်းဆောင်တွေ မပါဝင်တာရယ်၊ မူလတည်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ မရှိဘူးဆိုတဲ့ ဆုံးဖြတ်ချက်တွေကြောင့် တွေ့ဆုံဆွေးနွေးပွဲအဖြစ်သာ ကျင်းပဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဘက်က အဓိကဆွေးနွေးတဲ့ အချက်တွေကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက အခုလို ပြောပါတယ်။

“သူတို့ဘက်ကတော့ NCA လမ်းကြောင်းကို အခြေပြုပြီးတော့မှ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အကြောင်းအရာတွေကို သူတို့ဘက်က ရှင်းပြတယ်။ ဒီမှာ ဆွေးနွေး ဆုံးဖြတ်နိုင်စွမ်း မရှိဘူးဆိုရင်လည်း ကိုယ့်ရဲ့ ခေါင်းဆောင်တွေဆီကို တင်ပြပါ။ အချိန်မရွေး မေးလို့ရတယ်၊ အချိန်မရွေး ဆက်သွယ်လို့ရတယ် ဆိုတဲ့ ပုံစံမျိုးပေါ့။ အဲဒါကို ဗိုလ်ချုပ်ရာပြည့်ဘက်က ပြောပြတယ်။ အဓိကတော့ သူတို့ပြောချင်တဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ပြောပြတာပါ။”

ဆွေးနွေးပွဲမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ နောက်ဆုံးဆွေးနွေးပွဲက ဆုံးဖြတ်ထားတဲ့ ၂၀၂၀ အလွန် ဆောင်ရွက်ရမယ့် အချက်တွေကို ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီက ဆွေးနွေးသလို ဒေါ်စောမြရာဇာလင်း အနေနဲ့ ဒီအချက်ကို အဓိက ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

ညနေပိုင်းမှာတော့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တဖွဲ့ချင်း တွေ့ဆုံဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီက ဒီနေ့ ဆွေးနွေးခဲ့ကြတဲ့ အခြေအနေကို ပါတီ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“အဓိကကတော့ နေ့လယ် ၁၁ နာရီလောက် ဆွေးနွေးပွဲလေးတော့ လုပ်ဖြစ်တယ်။ တွေ့ဆုံပွဲပေါ့။ တွေ့ဆုံပွဲလေးမှာတော့ သူကတော့ အဖွဲ့အစည်းအလိုက်ပေါ့နော်၊ ဘာတွေများ ဆွေးနွေးစရာ ရှိပါသလဲလို့တော့ လမ်းကြောင်းဖွင့်ပြီးတော့ ပြောတာပဲပေါ့နော်။ ဒါပေမယ့် ကျနော်တို့ မွန်ပြည်သစ်အနေနဲ့ကျတော့ လောလောဆယ် အနေအထားအရ ကျနော်တို့က အထူးအထွေ ဆွေးနွေးဖို့တော့ မရှိဘူးလို့ပဲ ပြောထားပါတယ်ခင်ဗျ။”

မွန်ပြည်သစ်ပါတီ ပြည်ထောင်စုနေ့ အခမ်းအနားကို ကိုယ်စားလှယ် ၂ ဦး စေလွှတ်ခဲ့ပေမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့မရှိကြောင်း ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒီနေ့ကျင်းပတဲ့ တွေ့ဆုံဆွေးနွေးပွဲကို ပြည်ထောင်စုနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၉ ဖွဲ့ တက်ရောက်ပြီး ဝပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ကတော့ တက်ရောက်တာ မရှိပါဘူး။

အကြိုငြိမ်းချမ်းရေးဆွေးနွေးပွဲ မဖြစ်မြောက်ဘူးဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ချက် မရခဲ့ပါဘူး။

၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် မြန်မာ့ငြိမ်းချမ်းရေးသမိုင်းမှာ တခါမှ မရှိဘူးတဲ့ တဖက်သတ် အပစ်အခတ် ရပ်စဲထားကြောင်းနဲ့ ကြိုတင်ကန့်သတ်ချက် မထားတဲ့ ဆွေးနွေးပွဲကို ဖိတ်ကြားထားပါတယ်။

ဒီဖိတ်ကြားချက်အပေါ်မှာတော့ ဒါဟာ ဖက်ဒရယ်ရေး တောင်းဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအတွက်သာ အဓိကဖြစ်ပြီး ကျန် ဒီမိုကရေစီရေး တောင်းဆိုသူတွေအတွက်ပါ လမ်းဖွင့်သင့်ကြောင်း ထောက်ပြတာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)
















XS
SM
MD
LG