သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရငြိမ်းကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဆွေးနွေးပွဲ မကျင်းပနိုင်သေး


စက်တင်ဘာလတုန်းက မြောက်ပိုင်း မဟာမိတ် နှင့် အစိုးရ ကိုယ်စားလှယ်တို့ တွေ့ဆုံစဉ်
စက်တင်ဘာလတုန်းက မြောက်ပိုင်း မဟာမိတ် နှင့် အစိုးရ ကိုယ်စားလှယ်တို့ တွေ့ဆုံစဉ်

(Zawgyi/Unicode)

အစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအကြားမှာ ဆွေးနွေးပွဲဟာ မူလ ရည်မှန်းထားတဲ့ ရက်မှာ ကျင်းပနိုင်ခြင်းမရှိခဲ့သလို ဘယ်အချိန်ကျင်းပမယ်ဆိုတာလည်း တိတိကျကျ မသတ်မှတ်နိုင်သေးကြောင်း နှစ်ဘက်အကြား ညှိနှိုင်းဆောင်ရွက်နေတဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ပြောပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာတော့ အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းအဖွဲ့ဝင်တွေဖြစ်တဲ့ တအန်း(ပလောင်)နဲ့ AA ရခိုင်တပ်ဖွဲ့တွေ အကြားမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ KIO ကချင်၊ MNTJP ကိုးကန့်၊ PSLF တအန်း(ပလောင်)နဲ့ ULA ရခိုင်လက်နက်ကိုင်အဖွဲ့တွေပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တို့အကြား ဆွေးနွေးပွဲကို ဒီလ ဒုတိယပတ်အတွင်း ကျင်းပနိုင်ဖို့ ညှိနှိုင်းခဲ့ကြတာပါ။

လောလောဆည်မှာတော့ ဒုတိယပတ်အတွင်း ကျင်းပနိုင်တာမရှိခဲ့သလို ဘယ်အချိန် ကျင်းပဖြစ်မယ်ဆိုတာလည်း သေချာ မသိရသေးကြောင်း နှစ်ဘက်အကြားမှာ ညှိနှိုင်းဆောင်ရွက်နေတဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖဲ့ွ PCG က ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

“ ဒုတိယပတ်လောက်မှာလို့ ပြောတာ။ ဒါပေမဲ့လည်း အစိုးရဘက်ကနေ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်မှာ တွေ့မယ်ဆိုတာ အတိအကျ သူတို့ မပြောလာသေးဘူး။ အဲဒါကြောင့် အဲဒါ စောင့်ဆိုင်းနေတာဖြစ်ပါတယ်ဗျ။ လောလောဆည် ကျနော်တို့ သိရသလောက်ဆို အစိုးရဘက်က မအားမလပ်ဘူးဖြစ်နေတယ်။ သူတို့ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ဘာညာရှိသေးတယ်ဆိုတော့ အဆင်သင့်မဖြစ်သေးလို့ နေမှာပါ။”

NRPC နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ စက်တင်ဘာလ ၁၇ရက်နေ့က ကျိုင်းတုံမြို့မှာ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့တာပါ။ ဒီဆွေးနွေးပွဲမှာတော့ အောက်တိုဘာလအတွင်း ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ပေမဲ့ သီတင်းကျွတ်ရုံးပိတ်ရက်နဲ့ NCA အပစ်ရပ်စာချုပ် ၄ နှစ်ပြည့် အခမ်းအနားရှိတာကြောင့် နိုဝင်ဘာလအတွင်း ရက်ရွှေ့ဆိုင်းခဲ့ပြီး ဒုတိယပတ်အတွင်း တွေ့ဆုံဖို့ ညှိနှိုင်းခဲ့ကြတာဖြစ်ပါတယ်။

ဒီလို ညှိနှိုင်းနေဆဲ ကာလမှာပဲ ရခိုင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေသလို ဒီလ ၁၀ရက်နေ့လောက်က စတင်ပြီး ရှမ်းပြည်နယ် ကျောက်မဲနဲ့ ကွတ်ခိုင်ဘက်မှာလည်း TNLA တအန်း(ပလောင်)အဖွဲ့နဲ့ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာခဲ့ပါတယ်။

ဒီကနေ့မှာလည်း ကျောက်မဲနဲ့ ကွတ်ခိုင်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲရှိကြောင်း TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုး တားအိုက်ကျော်က ပြောပါတယ်။

“ ဒီမနက် ၇နာရီ ၄၀လောက်ကနေ ၉ နာရီကျော်ထိ တစ်ကြိမ်၊ ၁၀နာရီထိုးခါနီးမှာ တစ်ကြိမ် ကျောက်မဲနဲ့ နမ့်ဆန်အစပ် ခွန်ကော်ဘက်မှာဖြစ်တယ်။ ၁၀နာရီ ၂၀ လောက်မှာတော့ တပ်ဘက်က ရဟတ်ယာဉ် ၂ စီးနဲ့ ကျနော်တို့ရှိတဲ့ ထင်းရူးတောင်ပေါ်မှာ လာပစ်ခတ်တာတွေ ရှိတယ်။ ကွတ်ခိုင်ဘက်မှာလည်း ဖြစ်သေးတယ်။ ကွတ်ခိုင်ကြားမှာတော့ ဒီ ရှုခင်းသာနဲ့ နမ့်ဖလွန်းကြားမှာတော့ ၂ နေရာလောက်ရှိတယ်။ လောလောဆယ် ရထားတဲ့ သတင်းအရ နေရာကတော့ သိပ်မဝေးဘူး။ နေ့ခင်းမှာဖြစ်တာ။ ”

ကျောက်မဲနဲ့ နမ့်ဆန်ကြားမှာ ဒီလ ၁၁ရက်နေ့လောက်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပေမဲ့ ကျောက်မဲမြို့ပေါ်ကို စစ်ရှောင်တွေ ရောက်ရှိလာတဲ့သတင်းတော့ မကြားသိရသေးပါဘူး။

ဒီကနေ့ ကွတ်ခိုင်ဘက်မှာဖြစ်တဲ့ တိုက်ပွဲကြောင့်တော့ လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ယာဉ်အသွားအလာတွေ ယာယီရပ်ဆိုင်းတာတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပ်မတော်ကထုတ်ဝေတဲ့ မြဝတီသတင်းစာမှာတော့ ဒီလ ၁၄ရက်နေ့က ပြည်ထောင်စုလမ်းမကြီးပေါ်မှာ သွားလာတဲ့ယာဉ်တွေကို TNLA က ပစ်ခတ်တာတွေ ရှိကြောင်း ဖော်ပြခဲ့ပေမဲ့ တိုက်ပွဲဖြစ်ပွားမှုအသေးစိတ်ကို သတင်းထုတ်ပြန်တာမရှိပါဘူး။

PCG က ဦးလမိုင်ဂွမ်ဂျာကတော့ လက်ရှိ ဆွေးနွေးပွဲတွေ ကြန့်ကြာနေတာဟာ တိုက်ပွဲဖြစ်ပွားတာနဲ့ သက်ဆိုင်မှုမရှိနိုင်ကြောင်း သုံးသပ်ပါတယ်။

“ခါတိုင်းနှစ်လည်း ဒီလိုပါပဲ။ ဆွေးနွေးတဲ့အချိန်မှာ တိုက်ပွဲက တောက်လျောက်ဖြစ်နေတာပဲ။ ဒါကြောင့် ဒီတိုက်ပွဲဖြစ်လို့ ဆွေးနွေးပွဲမှာ အဟန့်အတားဖြစ်တယ်ဆိုတာတော့ မဖြစ်နိုင်ဘူးလို့တော့ ထင်တာပါပဲ။ ထိတွေ့မှုတော့ ရှိနေမှာပါပဲ။ ရှိတဲ့အေ ပါ်မှာ အခုလိုပဲ တွေ့ဆုံဆွေးနွေးမှုအပေါ်မှာတော့ မထိခိုက်လာနိုင်ဘူးလို့ ထင်တယ်။ တွေ့ဆုံဆွေးနွေးမှပဲ အခြေရှာလို့ ရမှာဖြစ်တဲ့အတွက်ကြောင့် တွေ့ဆုံဆွေးနွေးဖို့ကတော့ သူတို့ အဆင်သင့်ဖြစ်ရင်တော့ အားလုံးဖြစ်သွားမယ်လို့တော့ ဒီလိုပဲ သုံးသပ်လိုပါတယ်။”

NRPC နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့အကြား စက်တင်ဘာလက ကျင်းပတဲ့ ဆွေးနွေးပွဲမှာတော့ Bilateral ခေါ် နှစ်ဘက်အပစ်ရပ်စာချုပ် ချုပ်ဆိုရေး၊ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ချုပ်ငြိမ်းရေး စတဲ့အချက်တွေ ထည့်သွင်းဆွေးနွေးခဲ့ပြီး နောက်တစ်ကြိမ်ဆွေးနွေးပွဲမှာ Bilateral ခေါ် နှစ်ဘက်အပစ်ရပ်စာချုပ် ချုပ်ဆိုရေးအတွက် အလေးထားဆောင်ရွက်ဖို့ NRPC ဘက်က တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]
















XS
SM
MD
LG