သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UPDJC ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ နော်ဝေ၊ ဆွီဒင် လေ့လာရေးခရီးထွက်


 ၁၅ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကျင်းပစဉ်။ (ဇွန်၂၉၊ ဓာတ်ပုံ- နိုင်ငံတော် အတိုင်ပင်ခံရုံး)
၁၅ ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကျင်းပစဉ်။ (ဇွန်၂၉၊ ဓာတ်ပုံ- နိုင်ငံတော် အတိုင်ပင်ခံရုံး)

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်အရေးကိစ္စတွေမှာ အထောက်အကူဖြစ်နိုင်ဖို့ရည်ရွယ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးပွဲကော်မတီ UPDJC က အတွင်းရေးမှူးအဖွဲ့ဝင် ၁၅ ဦး ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ နော်ဝေနဲ့ ဆွစ်ဇာလန်နိုင်ငံတို့ကို ငြိမ်းချမ်းရေး လေ့လာရေးခရီးအဖြစ် ဒီကနေ့ မြန်မာနိုင်ငံကနေ ထွက်ခွာကြမှာပါ။ ၆ရက်ကြာမယ့် ဒီခရီးစဉ်မှာ UPDJC အတွင်းရေးမှူး အဖွဲ့ဝင်တွေအချင်ချင်း အလွတ်သဘော ဆွေးနွေးတာတွေလည်း ရှိနိုင်တယ်လို့ ဒီခရီးစဉ်မှာ လိုက်ပါသွားမယ့်သူတွေက ပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် မေးမြန်းပေးပို့ထားပါတယ်။

ဒီ ဥရောပနှစ်နိုင်ငံခရီးစဉ်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးအဖွဲ့တွေထဲက အစိုးရကိုယ်စားလှယ်၊ တပ်မတော်သား ကိုယ်စားလှယ်၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၅ယောက်ပါပြီး အခုသွားရောက်မယ့် နိုင်ငံတွေက ဒီမိုကရေစီစနစ်ကို အဓိကလေ့လာမယ့် ခရီးစဉ်ဖြစ်ကြောင်း UPDJC ဒုဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဟုတ်တယ်ကျနော်တို့ အတွင်းရေးမှူးအဖွဲ့က တပတ်ကြာခရီးပေါ့နော် သွားမှာပါ။ နော်ဝေနဲ့ ဆွစ်ဇာလန်နဲ့လေ ဒီနေ့ခရီးထွက်ကြမှာ။ အဓိကတော့ ငြိမ်းချမ်းရေးလေ့လာဖို့ပါပဲ၊ ငြိမ်းချမ်းရေးမှာ တိုင်းပြည်တည်ဆောက်ဖို့ ထဲမှာလည်းပါတယ်။ ဒီမိုကရေစီအရေးကိစ္စတို့၊ ဖက်ဒရယ် အရေးကိစ္စတို့ ဒါတွေပါ သူတို့ သွားလေ့လာကြမှာလေ။”

အခု ခရီးစဉ်မှာ လိုက်ပါသွားမယ့်သူလည်းဖြစ်၊ UPDJC အတွင်းရေးမှူးအဖွဲ့တွေထဲက တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်တခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကတော့ ဒီခရီးစဉ်မှာ အလွတ်သဘော ဆွေးနွေးပွဲ ရှိနိုင်တယ်ဆိုပေမဲ့ လေ့လာရေးခရီးစဉ်သာ ဖြစ်ကြောင်း သူက အခုလိုပြောပါတယ်။

“အဓိကတော့ ကျနော်တို့နိုင်ငံရဲ့ အနေအထားပေါ့နော်။ ဥပမာ နော်ဝေဆိုရင် သူတို့နိုင်ငံရဲ့ ဥပမာ ဆွစ်ဇာလန်ဆိုရင်လည်း သူတို့ရဲ့ ဖက်ဒရယ် System စသဖြင့် လေ့လာရေး ခရီးစဉ်ပါပဲ အမှန်အားဖြင့်ပေါ့လေ။ အမှန်ကတော့ကျနော်တို့ Study tour သဘောပါပဲ။ ဒါပေမဲ့ UPDJC ရယ်လို့ အတွင်းရေးမှူး အဖွဲ့တွေအနေနဲ့ သွားတဲ့အခါကျတော့လည်း ကျနော်တို့ အဲဒီမှာ လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေးတာ Brainstorm လုပ်တာလည်း ရှိကောင်း ရှိမှာပေါ့။ အဲဒီသဘောလေးပါပဲ။”

ဒီခရီးစဉ်အတွင်း လာမယ့် အောက်တိုဘာလအတွင်း ကျင်းပဖို့ရှိနေတဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ အစိုးရ၊ တပ်မတော်တို့ဘက်က ကိုယ်စားလှယ်တွေ တွေ့ဆုံကြမယ့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကိစ္စကိုလည်း တိုင်ပင်၊ ဆွေးနွေးကြဖို့ရှိတယ်လို့ UPDJC အတွင်းရေးမှူး၊ အစိုးရကိုယ်စားလှယ် ဦးလှမောင်ရွှေက ပြည်တွင်း သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အားကောင်းလာဖို့ဆိုရင် အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့တွေ သုံးပွင့်ဆိုင်ကြားမှာ ယုံကြည်မှုတည်ဆောက်နိုင်ဖို့နဲ့ ခေါင်းဆောင်တွေအချင်းချင်း ချိတ်ဆက်နိုင်ဖို့က ပိုအရေးကြီးကြောင်း နိုင်ငံရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

ဒါပေမယ့် ဒီခရီးစဉ်ဟာ နှစ်ဘက် တွေ့ဆုံဆွေးနွေးရေးကို အထောက်အကူပြုစေမယ့် ခရီးစဉ်လို့ သူ့အနေနဲ့ မမြင်ဘူးလို့ သူက ပြောပါတယ်။

“နော်ဝေနိုင်ငံတို့ ဆွီဒင်နိုင်ငံတို့ထိသွားပြီးတော့ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့ လိုအပ်တယ်လို့ ကျနော့အနေနဲ့ မမြင်ဘူး။ ကျနော်တို့တကယ် လေ့လာရမှာက ကျနော်တို့နဲ့ မတိမ်းမယိမ်းနိုင်ငံတွေကို လေ့လာရမယ်။ အင်ဒိုနီးရှားကို လေ့လာရမယ်၊ ဖိလစ်ပိုင်ကို လေ့လာရမယ်၊ နောက်တချို့ အာဖရိက နိုင်ငံတွေကို လေ့လာရမယ်။ ကျနော်တို့နဲ့ နော်ဝေတို့ ဆွီဒင်တို့ဆိုတာ အင်မတန်မှ အလှမ်းဝေးတယ်။ အဲဒီအခါ အဲဒီအပေါ်မှာကြည့်ရင်လည်း ကျနော်တို့ ဆီမှာ ပြန်သုံးလို့ရပါ့မလားလို့လည်း မေးခွန်းထုတ်စရာရှိတယ်။”

အစိုးရအနေနဲ့ မကြာခင်မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စပ်ရေး သဘောတူညီမှု NCA နှစ်ပတ်လည်လုပ်ဖို့ရှိကြောင်းနဲ့ ၂၁ရာစု ပင်လုံညီလာခံ ပြန်စနိုင်ဖို့ ဆွေးနွေးနေကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်လေးဖွဲ့နဲ့ စက်တင်ဘာ ၁၇ရက် ကျိုင်းတုံ တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲအတွင်း UPDJC အတွင်းရေးမှူးတွေရဲ့ နော်ဝေနဲ့ ဆွစ်ဇာလန် ခရီးစဉ်ကို အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

..................

{Unicode}












တိုက်ရိုက် လင့်ခ်


XS
SM
MD
LG