သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်နဲ့ ရှမ်းမှာ အပစ်ရပ်သက်တမ်း ၂ လထပ်တိုး


မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အစိုးရတို့ တွေ့ဆုံစဉ်
မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် အစိုးရတို့ တွေ့ဆုံစဉ်

မြန်မာနိုင်ငံ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်တွင်းက စစ်တိုင်းဌာနချုပ် ၅ ခုမှာ နောက်ထပ် ၂ လ ကြာ အပစ်အခတ်ရပ်စဲသွားမယ်လို့ မြန်မာ့တပ်မတော်က ဒီကနေ့ ကြေညာလိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့စွဲနဲ့ ထုတ်ပြန် လိုက်တဲ့ကြေညာချက်မှာတော့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နဲ့ ပတ်သက်လို့ တပ်မတော်အနေနဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ၂ လ တိုးမြှင့်ပြီး လာမယ့် သြဂုတ်လ ၃၁ ရက်နေ့အထိ ရပ်စဲ လိုက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေသခံတိုင်းရင်းသားပြည်သူတွေရဲ့ ငြိမ်းချမ်းရေး မျှော်လင့်ချက်၊ ငြိမ်းချမ်းရေးမှာပါဝင် လုပ်ကိုင်နေတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အခုထက်ပိုပြီး ယုံယုံကြည်ကြည် လုပ်ကိုင်နိုင်ဖို့အတွက် အခုလို လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီ စစ်တိုင်း ၅ ခုကတော့ မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်း နဲ့ ရွှေတြိဂံတိုင်း စစ်ဌာနချုပ် နယ်မြေတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကစပြီး မြန်မာစစ်တပ်ဘက်က ၂ ကြိမ် တိုင်တိုင် တဘက်သက် အပစ်ရပ်ခဲ့တာကြောင့် ဒါဟာ တတိယအကြိမ်မြောက် အပစ်အခတ်ရပ်စဲ တာဖြစ်ပါတယ်။

အဲဒီလို အပစ်အခတ်ရပ်စဲခဲ့ပေမယ့်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့တော့ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ် တချို့နေရာတွေမှာ မြန်မာစစ်တပ် နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ပြည်ထောင်စုငြိမ်းချမ်းရေး နဲ့ ပြန်လည်သင့်မြတ်ရေးဗဟိုဌာန UPDJC နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ဒီကနေ့တွေ့ဆုံခဲ့ပြီး မကြာခင် သီတင်းပတ်တွေအတွင်း ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ အစီအစဉ်ရှိတယ်လို့ ဒီကနေ့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမယ့် ဘယ်နေရာ၊ ဘယ်အချိန်မှာ တွေ့မယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG