သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သုံးလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု TWO အစီရင်ခံစာပြုစု


ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား ၃လအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ လက်နက်ကြီးထိမှန်တာနဲ့ မြေမြုပ်မိုင်းနင်းမိတာကြောင့် သေဆုံးသူ ၁၀ဦး အနည်းဆုံး ရှိကြောင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ၇၀လောက်အထိ ဖြစ်ပွားခဲ့ကြောင်း တအန်း(ပလောင်) အမျိုးသမီး အစည်းအရုံး TWO က ပြောပါတယ်။ သေဆုံးထိခိုက်သူတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေအတွက် တရားမျှတရရှိဖို့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ တာဝန်ခံမှု၊ တာဝန်ခံမှုရှိဖို့အတွက်ကို TWO က တောင်းဆိုထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းက သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တအန်း(ပလောင်)အမျိုးသမီးအစည်းအရုံး TWO က ဇူလိုင်လကနေ စက်တင်ဘာလကုန်အထိ ဖြစ်ပွားတဲ့ တိုက်ပွဲကာလမှာ ကွတ်ခိုင်၊ နမ့်ဆန်၊ ကျောက်မဲ၊ သီပေါနဲ့ နမ့်ခမ်းမြို့နယ်တွေအတွင်း က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်တမ်းကောက်ယူပြီး ထုတ်ပြန်ခဲ့တာပါ။

၃လအတွင်းမှာ လက်နက်ကြီးနဲ့ မြေမြုပ်မိုင်းကြောင့် သေဆုံးသူ အရပ်သား ၁၀ဦးရှိကြောင်း TWO ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးချီဆငါးက ပြောပါတယ်။

“ ကျမတို့ ကောက်ယူမှတ်တမ်းပြုစုနိုင်တဲ့အချက်အရဆိုရင်တော့ လူဦးရေက စုစုပေါင်း ၇၀ဦးက လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်။ သေဆုံးတဲ့သူက ဒီ ၃လအတွင်းမှာ ၁၀ဦးရှိတယ်။ ဒီ ၁၀ဦးကျတော့ အဓိကကတော့ လက်နက်ကြီးထိခိုက်လို့ သေဆုံးတာတွေ ရှိသလိုမိုင်းကြောင့် မိုင်းဆိုတာက ကိုယ်ရဲ့ တောတောင်တွေ သွားရင်းနဲ့ မိုင်း ထိခိုက်ပြီးတော့ သေဆုံးတဲ့ ပုံစံမျိုးတွေ ဖြစ်တယ်။ ဒဏ်ရာရတဲ့ သူတွေကလည်း အများဆုံးကတော့ Land mine ကြောင့်နဲ့ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရတဲ့ သူများတယ်။”

TWO က ထုတ်ပြန်တဲ့ စာရင်းမှာ ထိခိုက်ဒဏ်ရာရသူ ၂၃ဦး၊ ပေါ်တာ ဒါမှ မဟုတ် လမ်းပြ အဖြစ် ခေါ်ဆောင်ခံရသူ ၂၃ဦး၊ ဖမ်းဆီးချုပ်နှောင်ခံရသူ ၃ဦး၊ တပ်သားစုဆောင်းခံရသူ ၁၀ဦး၊ ညှဉ်းပန်းခံရသူ ၁ဦးဖြစ်ကြောင်းနဲ့ အများစုဟာ တအန်း(ပလောင်)လူမျိုးတွေဖြစ်ပြီး ကချင်နဲ့ ရှမ်းလူမျိုးများလည်း ပါဝင်ကြောင်း ဖော်ပြပါတယ်။

လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်တဲ့အဖွဲ့တွေကို လွေးချီဆငါးက အခုလို ဆက်ပြောပါတယ်။

“ ချိုးဖောက်တဲ့သူအများဆုံး ပြန်သုံးသပ်ကြည့်ရင် မြန်မာ့တပ်မတော်က ၁၅ ကြိမ်ရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင်ဖြစ်တဲ့ TNLA ဘက်ကတော့ ၂ကြိမ်ရှိတယ်။RCSS က ၂ကြိမ်၊ ပြည်သူစစ်က ၁ကြိမ်ဖြစ်တယ်။ ကျန်တဲ့ဟာကျတော့ ကျမတို့လည်းအတိအကျမရဘူး။ အတည်ပြုချက် မရဘူး။ တိုင်းရင်းသားလက်နက်ကိုင်က ဖြစ်တာလား။ တပ်မတော်ဘက်က ကျူးလွန်တာလားဆိုပြီးတော့ မသိရတဲ့ case တွေ အများကြီးရှိတယ်။ ”

လူ့အခွင့်အရေးချိုးဖောက်ခံရသူ ၇၀ဦးမှာ ပျောက်ဆုံးနေသူတွေကို အချက်အလက် အတိအကျ မရတာကြောင့် စာရင်းထည့်သွင်းထားတာမရှိကြောင်းနဲ့ သူတို့တွေနဲ့ ပတ်သက်လို့ TWO က အခုလို တောင်းဆိုပါတယ်။

“ ပျောက်ဆုံးသွားတဲ့သူတွေဆိုရင်လည်း တကယ်လို့ လက်နက်ကိုင်အဖွဲ့တစ်ခုခု ဖမ်းဆီးထားတယ်ဆိုရင်လည်း ပြန်ပြီးတော့ လွှတ်ပေးစေချင်တယ်။ ထိခိုက်ဒဏ်ရာရသူတွေ၊ သေဆုံးသွားတဲ့ မိသားစုတွေအတွက် တရားမျှတမှု ရရှိဖို့အတွက် ကျူးလွန်တဲ့ လက်နက်ကိုင် တိုင်းရင်းသားလက်နက်ကိုင်ပဲဖြစ်ဖြစ်၊ တပ်မတော်ပဲဖြစ်ဖြစ် တစ်ခုခု တစ်စုံတစ်ရာ ပြန်ပြီးတော့ တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ ပြန်ပြီးတော့ လုပ်ပေးစေချင်တယ်။ ဒဏ်ရာရတဲ့သူတွေဆိုရင်လည်း ဆေးကုဖို့တို့ အဲလိုမျိုး လိုအပ်တဲ့အပိုင်းတွေ အများကြီး တွေ့နေရတယ်။ ကျူးလွန်တဲ့သူတွေက တာဝန်အများကြီးရှိတယ်။ ဒီအပေါ်မှာ ပြန်ပြီးတော့ ကုစားမှုတွေ လုပ်ပေးစေချင်တယ်။”

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမိုင်းအုန်းခိုင်ကတော့ ဒီလို ချိုးဖောက်မှုတွေ ရပ်တန့်စေဖို့အတွက် အခုလို တိုက်တွန်းထားပါတယ်။

“ ချိုးဖောက်မှုတွေကတော့ ရှိပါတယ်။ ဒါ စစ်တွေလည်း ဖြစ်နေတဲ့အခါကျ ချိုးဖောက်မှုတွေက ရှိတာပေါ့။ ငြိမ်းချမ်းရေးရမှပဲ ဒီပြဿနာတွေက ပြေလည်သွားမှာပေါ့ဗျာ။ ဒီလိုမဟုတ်ရင်တော့ တိုက်ပွဲတွေကြားမှာတော့ ပြည်သူလူထုတွေက ဒီလို ချိုးဖောက်ခံရမှုတွေကတော့ ရှိနေအုံးမှာပဲ။ မြန်မြန်ဆုံးဆွေးနွေးပွဲရောက်အောင်ပဲ ကျနော်က တိုက်တွန်းချင်ပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးဖို့ပဲ တိုက်တွန်းချင်ပါတယ်။”

TNLA ခေါ် တအန်း(ပလောင်)တပ်ဖွဲ့နဲ့ အစိုးရတပ်မတော်ကြားမှာတော့ ၂၀၁၂ခုနှစ်လောက်က စတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ ပြီးခဲ့တဲ့ သြဂုတ်လလယ်ကတော့ TNLAက ပြင်ဦးလွင်က တပ်မတော်နည်းပညာ တက္ကသိုလ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ငြိမ်သက်နေသလို ဒီလအတွင်းမှာလည်း TNLA အပါအဝင်ဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့နဲ့ အစိုးရအကြားမှာ အပစ်အခတ် ရပ်စဲရေးအတွက် ထပ်မံဆွေးနွေးဖို့ ရှိနေပါတယ်။

.................

{Unicode}















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG