သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မယ်ခွေရဲ့ "လက်ဆောင်" ကဗျာ သင်ရိုးထဲပြန်ထည့်ပေးဖို့ တောင်းဆိုနေ


အထက်တန်းကျောင်းသူများ
အထက်တန်းကျောင်းသူများ

ပညာရေးဝန်ကြီးဌာနက ပယ်ဖျက်လိုက်တဲ့ အဋ္ဌမတန်း သင်ရိုးညွှန်းတန်းပါ မယ်ခွေရဲ့ လက်ဆောင် ကဗျာကို ပြန်လည်ထည့်သွင်း သင်ကြားပေးဖို့ တောင်းဆိုနေကြပါတယ်။ ကဗျာကို သင်ရိုးညွှန်းတန်းက ဖြုတ်ဖို့ ဆုံးဖြတ်တာဟာ လွဲမှားတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ထောက်ပြတာတွေလည်း ရှိပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ ထားပါတယ်။

အဋ္ဌမတန်း မှာ သင်ကြားတဲ့ မယ်ခွေရဲ့လက်ဆောင်ကဗျာကို ကျောင်းသားတွေ ဆေးလိပ်သောက်တဲ့ ဓလေ့အဖြစ် မှတ်ယူသွားနိုင်တဲ့ အတွက် အခုနှစ် သင်ရိုးညွှန်းတန်းမှာ ပညာရေးဝန်ကြီးဌာနက တခြားကဗျာ တပုဒ်နဲ့ အစားထိုးလိုက်တာဖြစ်ပါတယ်။

မယ်ခွေကဗျာကြောင့် ဆေးလိပ်သောက်သုံးသူတွေရှိလာတယ်ဆိုတဲ့ စစ်တမ်းမရှိဘဲ သင်ရိုးညွှန်းတန်း ကနေ ဖြုတ်ပစ်လိုက်တဲ့အပေါ် ဝေဖန်တာတွေရှိနေတာတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီကဗျာကို ပြန်ထည့်သွင်းပေးဖို့ တောင်းဆို လာကြတာဖြစ်ပါတယ်။

ကဗျာကို ပြန်ထည့်သွင်းပေးဖို့ တောင်းဆိုတာနဲ့ ပတ်သက်လို့ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က အတွင်းရေးမှူး အဖွဲ့ဝင် ဒေါက်တာဇော်မျိုးလှိုင်က

"ကျွန်တော်တို့သိထားတာက သင်ရိုးအဖွဲ့ကလည်း ဒီကိစ္စကို လုံးဝမသိဘဲ ဖြုတ်ချလိုက်တယ်ပေါ့နော်။ သင်ရိုးအဖွဲ့အပေါ်မှာလည်း သူ့ရဲ့မူလ တာဝန်ကို မလေးစားရာ ရောက်တယ်လေ။ နောက်တချက်က ဒီကဗျာဟာ ရသစာပေကဗျာလို့ အားလုံးကလည်း လက်ခံထားတယ်။ အများပြည်သူကလည်း လက်ခံ ထားတယ်။ ဆေးလိပ်အပေါ်မှာလည်း ဘယ်လိုမှ အကျိုးသက်ရောက်မှု မရှိခဲ့ဘူး။ အဲ့ဒီတော့ အများပြည်သူကတော့ ဒီကဗျာကို ပြန်ပြီး ထည့်စေချင်တယ်။ အဲ့တော့ ဆရာအဖွဲ့ချုပ်ကလည်း အများပြည်သူနဲ့ အတူ ယုံကြည်တယ်ပေါ့။"

ဒီလက်ဆောင်ကဗျာဟာ ဆေးလိပ်သောက်သုံးတာကို အားပေးတယ်ဆိုတဲ့အချက်ကို ခိုင်မာသေချာတဲ့ စစ်တမ်းတွေကို ပညာရေးဝန်ကြီးဌာနဘက်က မပြုလုပ်ခဲ့ပါဘူး။ ဒါနဲ့ပတ်သက်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက သတင်းမီဒီယာတွေကို အခုလိုဖြေကြားထားပါတယ်။

"ဆိုလိုတာက ခိုင်မာတဲ့ သုတေသနပြုချက်တွေ စစ်တမ်းကောက်ယူချက်တွေကို အခြေခံပြီး လုပ်သင့်တယ်လို့ ကျွန်တော်တို့ကတော့ ပညာရေးဝန်ကြီးဌာနကို ပြောထားပါတယ်။"

အခုလို ကဗျာကို သင်ရိုးညွှန်းတန်းကနေ ဖြုတ်ဖို့ ဆေးလိပ်ဆန့်ကျင်ရေး ပြုလုပ်နေတဲ့ ဆရာဝန် တစ်ဦးက အကြံပြုချက်နဲ့ ဖြုတ်လိုက်တာဖြစ်ပါတယ်။

ဒီလို ဖြုတ်ပစ်တဲ့အပေါ် ကဗျာဆရာများ သမဂ္ဂက ဆရာသစ္စာနီက

"နီးစပ်သူစကားနားထောင်ပြီးတော့ စိတ်ဆင်ခြင်ဉာဏ်နည်းစွာ ဆုံးဖြတ်တယ်ပေါ့။ အဲ့နှလုံးသားနောက်ကို လိုက်ပြီး ဆုံးဖြတ်တယ်။ ဦးနှောက်နဲ့ မဆုံးဖြတ်ဘူး။ အဲ့ဒါကြောင့် နေရာတကာမှာ အလွဲလွဲအမှားမှားတွေ တလွဲတချော်တွေဖြစ်နေတယ်။ အဲ့ဒါတွေ အမြင်မတော်ဘူး အဓိက အချက်က အဲ့ဒါပါပဲ ကန့်ကွက်ရခြင်း အကြောင်းကတော့ မယ်ခွေ့ကဗျာဖြုတ်လို့ အဓိကမဟုတ်ဘူး။ မယ်ခွေ့ကဗျာထက် သာတဲ့ ကဗျာတွေလည်း ဂန္တဝင်မှာ အများကြီးရှိပါတယ်။ ဒါပေမယ့် ဖြုတ်တဲ့ ရည်ရွယ်ချက်ပေါ့။ အကြောင်းအရာ လွဲနေလို့ပေါ့။"

ဆေးလိပ်နဲ့ဆေးရွက်ကြီး ဥပဒေကို အကောင်အထည်မဖော်ဘဲ ကဗျာကို ထိခိုက်တဲ့အတွက် မခံမရပ် နိုင်ဖြစ်ရတယ်လို့ ဆရာ သစ္စာနီက ဆက်ပြောပါတယ်။

"ဆေးလိပ်ကို ဆန့်ကျင်ချင်တယ်ဆိုရင် ကျောင်းရှေ့မှာ ဆေးလိပ်တွေရောင်းနေတယ်ပေါ့။ အဲ့ကွမ်းယာဆိုင်တွေ ဖယ်ရှားပစ်ရမယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကျော်လောက်ကတည်းကိုက မြန်မာနိုင်ငံမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ဥပဒေဆိုတာ ပြဌာန်းပြီးပြီ အဲ့ဥပဒေက ၁၀ နှစ်ကျော်ပြီ အဲ့ဒါကို တကယ်အကောင်အထည် ဖော်တဲ့လူလည်းမရှိဘူး။ ကြီးကြပ်မယ့်လူလည်းမရှိဘူး။ အဲ့ဒါကြီးကို ပစ်ထားပြီးတော့ ဘာမှ မဟုတ်တဲ့ ကဗျာကို လာထိခိုက်တယ်ဆိုတာ အဲ့ဒါကို အဓိကအားဖြင့် မခံမရပ်နိုင်လို့ ပြောရတာပါ။"

ဖြုတ်ပစ်လိုက်တဲ့ မယ်ခွေရဲ့ လက်ဆောင် ကဗျာနေရာမှာ ဦးကြော့သမီး မအိရေးတဲ့ အေးခွင့်မဖန် ကဗျာကို အစားထိုး လိုက်ပါတယ်။ မယ်ခွေကဗျာကို အဋ္ဌမတန်း သင်ရိုးညွှန်းတန်းမှာ သင်ကြားလာတာဟာ နှစ်ပေါင်း ၃၀ ရှိပြီလည်း ဖြစ်သလို မယ်ခွေရဲ့ လက်ဆောင်ကဗျာဟာ ချစ်ခြင်းမေတ္တာ တရားကို ရေးဖွဲ့ထားတဲ့ ကဗျာ အမျိုးအစားဖြစ်ပြီး ဆေးလိပ်သောက်သုံးချင်အောင် လှုံ့ဆော်တဲ့ ကဗျာစာပေမဟုတ်ဘူးလို့လည်း ပြောဆိုတာတွေ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG