သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းမှုအပေါ် တိုင်းရင်းသားအဖွဲ့တွေ တုံ့ပြန်မှု


နေပြည်တော်ရှိ လမ်းတွေကို စစ်တပ်က လုံခြုံရေးယူထားတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၀၁၊ ၂၀၂၁)
နေပြည်တော်ရှိ လမ်းတွေကို စစ်တပ်က လုံခြုံရေးယူထားတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၀၁၊ ၂၀၂၁)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းလိုက်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ရိုက်ခတ်လာမှာကို စိုးရိမ်တဲ့ သဘောထားတွေ ထွက်ပေါ်နေတဲ့အကြောင်း တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

၂၀၂၀ ပြည့် ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ် လွှတ်တော်ခေါ်ယူမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်လင်းအားကြီးအချိန်မှာပဲ အနိုင်ရပါတီခေါင်းဆောင်တွေကို ထိန်းသိမ်းလိုက်ပြီးနောက် ဖွဲ့စည်းပုံအရ ယာယီသမ္မတကနေ နိုင်ငံတော်တာဝန်အရပ်ရပ်ကို တပ်မတော်ကို လွဲှပြောင်းကြောင်း ကြေညာလိုက်တာပါ။

လက်ရှိ ပြောင်းလဲသွားတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေအပေါ် ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ တပ်မတော်တို့ကြား သုံးပွင့်ဆိုင် ဖြေရှင်းစေလိုကြောင်း NCA စာချုပ်ကို လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှုးက ပြောပါတယ်။

“အဓိက ပြောရမှာကတော့ ကျနော်တို့ နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး မရှိတဲ့ ကိစ္စက အဓိကပဲလေ။ ကျနော်တို့ကတော့ တပ်မတော်အနေနဲ့ ဘာပဲဖြစ်ဖြစ် အခုလိုကာလမှာတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး အစိုးရပုံစံမျိုးနဲ့ပေါ့လေ။ ဖမ်းဆီးထားတဲ့ခေါင်းဆောင်တွေနဲ့ ဆက်ပြီးတော့ သုံးပွင့်ဆိုင်ဆန်တဲ့ ဆွေးနွေးပွဲမျိုးပြန်ကျင်းပပြီးတော့ ကျနော်တို့အားလုံး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံတဲ့ လမ်းကြောင်းနဲ့ ရှေ့ဆက်သွားတာ နိုင်ငံအတွက် ပိုပြီးတော့ သင့်တော်မယ် ဖြစ်ပါတယ်။”

ဒီကနေ့မှာတော့ KNU က အဖွဲ့တွင်း အရေးပေါ် အစည်းအဝေး ကျင်းပနေကြောင်း ပြောပါတယ်။

လက်ရှိအခြေအနေဟာ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ ပြင်ဆင်နေချိန်လည်း ဖြစ်တာကြောင့် ဒီလုပ်ငန်းစဉ်အပေါ် တစုံတရာ ထိခိုက်မလားဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေတာပါ။

ဒီအချက်အပေါ်မှာတော့ NCA အဖွဲ့ဝင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက သူ့အမြင်ကို အခုလို ပြောပါတယ်။

“ကျနော်ထင်တာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုတော့ ကြားထားလိမ့်မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က သူ့ရဲ့ အဓိက ဦးစားပေးလုပ်ငန်းဖြစ်တယ်။ NCA လက်မှတ်ထိုးတာ သူက ပါတာပေါ့ဗျာ။ ဦးသိန်းစိန်လက်ထက်မှာလည်း ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာလည်း ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုကတော့ တက်လာတဲ့ အာဏာသုံးရပ်ကို ကိုင်ရမယ် တပ်မတော် ဦးစီးချုပ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုတော့ အမြန်ပြန်ဖော်ထုတ်မယ်လို့ ယူဆတယ်ဗျ။”

NCA လက်မှတ် မထိုးသေးတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ အခြေအနေတွေ ရှင်းရှင်းလင်းလင်း ဖြစ်တဲ့အထိ စောင့်ကြည့်ရမှာဖြစ်ကြောင်း ပြောပါတယ်။

“သူတို့ကတော့ နိုင်ငံရေးဆွေးနွေးတာကို ဆက်လုပ်မယ်လို့တော့ ပြောတယ်။ ဒါကတော့ ကျနော်တို့လည်း နိုင်ငံရေးဆွေးနွေးတာကတော့ ကျနော်တို့လည်း တံခါးဖွင့်ထားပြီးသားဖြစ်ပါတယ်။ အဲဒါကြောင့် ဒီနိုင်ငံရေးဆွေးနွေးတဲ့အပိုင်းကိုတော့ သူတို့ရဲ့ မူဝါဒကို ကြည့်ပြီးမှ ကျနော်တို့ လက်ခံရမှာဖြစ်ပါတယ်။ တခြားကတော့ ကျနော်တို့ စောင့်ကြည့်နေတဲ့အနေအထားလောက်ပဲ ရှိသေးပါတယ်။”

မြန်မာနိုင်ငံက အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ UWSA ခေါ် ဝပြည်နယ် သွေးစည်းညီညွတ်ရေးတပ်မတော်၊ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းကတော့ လောလောဆယ် ဗဟိုက သဘောထားထုတ်ပြန်တာ မရှိသေးကြောင်း ပြောပါတယ်။ မနက်ဖြန် အင်္ဂါနေ့မှာတော့ NCA လက်မှတ်ထိုး အပစ်ရပ် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အစည်းအဝေးရှိနေပြီး လက်ရှိမှာတော့ တပ်မတော်က အာဏာရယူလိုက်တာနဲ့ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးဖွယ်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG