အမေရိကန်ပြည်ထောင်စုမှာ ရွေ့ပြောင်း အခြေချနေထိုင်ကြတဲ့ မြန်မာ နွယ်ဖွားတွေ အကြား တက္ကသိုလ်အဆင့် ပညာဆက်လက် သင်ကြားတဲ့နှုန်း ၂၀၁၂ ခုနှစ်မှာ ၄၃% ရှိခဲ့ရာက ၂၀၁၇ ခုနှစ်မှာ ၈၅% အထိ ရှိလာခဲ့တာကြောင့် လွန်ခဲ့တဲ့ ၆ နှစ်အတွင်း ၉၇% ကျော်အထိ မြင့်တက်သွားကြောင်း Indiana ပြည်နယ်၊ Indianapolis အခြေစိုက် BACI - မြန်မာ အမေရိကန် လူမှုရေးအသင်းက ပြုလုပ်တဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ကျာင်းသားတွေအနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဘာသာရပ်ကို အများစု ရွေးချယ် ကြတာကို တွေ့ရပေမယ့် အင်ဂျင်နီယာနဲ့ စီးပွားရေး ဘာသာရပ်တွေကိုလည်း ရွေးချယ် ကြတာကို တွေ့ရတယ်လို့ BACI ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Elaisa Vahnie ပြောပါတယ်။ ဒီအကြောင်း ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က Elaisa Vahnie ကို ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို စပြောပါတယ်။
ဖြေ။ “ကျနော်တို့ မြန်မာနိုင်ငံကနေပြီးတော့ အမေရိကန်နိုင်ငံကို ရောက်လာတဲ့ ကလေးတွေ သူတို့ရဲ့ High School (အထက်တန်းကျောင်း) ပြီးတာနဲ့ ကောလိပ်ကို ဝင်သွားတဲ့နှုန်းက ၂၀၁၂ မှာ ၄၃% ကနေပြီးတော့မှ ဒီနှစ် ၂၀၁၇ မှာ ၈၅% တက်သွားတယ်။”
မေး။ ဒါဟာ ၅ နှစ်၊ ၆ နှစ်အတွင်းမှာ ရာခိုင်နှုန်းက ၂ ဆလောက် တက်သွားတာပေါ့နော်။
ဖြေ။ “ဟုတ်ကဲ့၊ မှန်တယ်။ ဒါဟာ အားရစရာ၊ ဝမ်းမြောက်စရာလည်း ဖြစ်တယ်။ ဒီဟာက ၆ နှစ်အတွင်းမှာ ၉၇% တက်သွားတယ်လို့ ကျနော်တို့ ဆိုလို့ရတယ်။”
မေး။ ကလေးတွေရဲ့ ရာခိုင်နှုန်းတက်သွားတာက ဘာကြောင့်လည်း။ သူတို့ကြိုးစားမှု ပိုများလာတာလား၊ ဒါမှမဟုတ် သူတို့ ကြိုးစားလာအောင် ပံ့ပိုးမှု အနေအထားတွေက ကောင်းလာလို့လား။ ဘာကြောင့် အခုလိုမျိုး ရာခိုင်နှုန်း မြင့်လာတာလဲ။
ဖြေ။ “ဒီဟာတွေဟာ အကြောင်းအရာ အများကြီးပါဝင်တယ်လို့ ကျနော်တို့ သုံးသပ် ပါတယ်။ သူတို့ ကိုယ့်ကိုကိုယ် (ကောလိပ်) ကျောင်း ဝင်ချင်တဲ့ စိတ်ပါဝင်စားမှုကလည်း များလာတယ်။ အဲဒါပြီးလို့ရှိရင်၊ ကျနော်တို့လို သူတို့ကို ကူညီတဲ့ အဖွဲ့အစည်းတွေကနေ ပံ့ပိုးပြီးတော့ သူတို့ကို Right direction (မှန်ကန်တဲ့ လမ်းကြောင်း) ပေါ့လေ၊ သူတို့ကို လမ်းပြ ပို့ဆောင်မှု ပိုပြီးတော့ လုပ်လာတာလည်း ပါဝင်တယ်။ ပြီးတော့ ကျနော်တို့ရဲ့ Partner (လုပ်ဖော်ကိုင်ဘက်) ကျောင်းတွေရယ်၊ ပြီးတော့ တက္ကသိုလ်တွေရယ်၊ ပြီးတော့ ဒီ Community (လူမှု အသိုင်းဝိုင်း) တို့ ပူးပေါင်းပြီးတော့မှ ဆောင်ရွက်မှုတွေကြောင့် လည်း ဖြစ်ပါတယ်။ ဆိုတော့ အဲဒါအားလုံး ပူးပေါင်းပြီးတော့မှ ဒီ Result (ရလဒ်) ထွက်လာတယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။”
မေး။ ဟုတ်ကဲ့၊ ဒီ သုတေသနကရော ဘယ်လိုပုံစံနဲ့ လုပ်ကြတာလဲ ခင်ဗျ။ ဘယ်နေရာ တွေမှာ အခြေခံပြီး လုပ်တာလဲ၊ လူဦးရေအားဖြင့် ဘယ်လိုမျိုး အချိုးအစားခွဲပြီးတော့ သုတေသနကို လုပ်ပါသလဲ။
ဖြေ။ “ဟုတ်ကဲ့၊ ကျနော်တို့ ကောလိပ်တက်နှုန်းကို (သုတေသန) လုပ်တဲ့နေရာမှာ၊ တခါထဲ ကောလိပ်ဝင်ဖို့ရာဖြစ်တဲ့ High School ပြီးသွားတဲ့ ကလေးတွေကို ကျနော်တို့ Survey (သုတေသန) လုပ်ရတာ ဖြစ်တယ်။ အဲဒီလို လုပ်တဲ့နေရာမှာ မနှစ် မေလမှာ ပြီးသွားတဲ့ ကျောင်းသားတွေကို ကျနော်တို့ လုပ်ရတာ ဖြစ်တယ်။ အဲဒီလို လုပ်တဲ့ နေရာမှာလည်း ဒီ Indiana ပြည်နယ်ရယ်၊ ပြီးတော့ Texas ပြည်နယ်ရယ်၊ အဲဒီ ၂ ခုကိုပဲ ဒီနှစ်တော့ လုပ်ရတာ ဖြစ်ပါတယ်။ ဒီ ၂ ခုကို လုပ်တဲ့နေရာမှာ ၂၀၀ ကျော်ကျော် ကျနော်တို့ လုပ်ရတယ်။ ဒီ ၂ ခုကို လုပ်တယ် ဆိုပေမယ့်လည်း ဒီ အမေရိကန် တနိုင်ငံလုံးရဲ့ မြန်မာနိုင်ငံကနေ လာတဲ့ မိသားစုနဲ့ ကျောင်းသူ ကျောင်းသားတွေ အကုန်လုံး အတွက် အကျုံးဝင်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။ ဘာလို့လည်း ဆိုတော့ ကျနော်တို့ရဲ့ Family structure (မိသားစု ဖွဲ့စည်းပုံ) ရယ်၊ ကျနော်တို့ရဲ့ Education aspiration (ပညာရေးအပေါ်ထားတဲ့ ရည်မှန်းချက်) ရယ်၊ အဲဒါတွေက တော်တော်လေး တူနေတယ်။ နဲနဲတော့ ကွာနိုင်တာပေါ့လေ။ သို့သော်လည်းပဲ ဒီဟာက အကုန်လုံးကို ခြံငုံပြီးတော့မှ သုံးနိုင်တဲ့ Information (သတင်းအချက်အလက်) ဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။”
မေး။ နောက်တခု ကျနော်သိချင်တာက၊ ဒီ သုတေသနထဲမှာ ပြောထားတာက၊ ၂၀၁၂ ခုနှစ်တုန်းက ၄၃% ရှိခဲ့ပြီးတော့ အခုနှစ် ၂၀၁၇ ခုနှစ်မှာ ၈၅% အထိ တက်လာတယ် ဆိုတော့ သုတေသနကို နှစ်စဉ် လုပ်လာတာလား။ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေကို ဘယ်လို နှိုင်းယှဉ်လဲ။
ဖြေ။ “ဟုတ်ကဲ့၊ နှစ်တိုင်းမှာ ကျနော်တို့ လုပ်ပါတယ်။ နှစ်တိုင်းမှာ လုပ်တဲ့နေရာမှာ ဥပမာအားဖြင့် ၂၀၁၂ ခုနှစ်မှာ ၄၃% တက်တယ်၊ အဲဒီလို ဆက်တက်ပြီးတော့မှ ၂၀၁၄ မှာ ၇၂% တက်သွားတယ်။ ပြီးတော့ ပြီးခဲ့တဲ့နှစ် ၂၀၁၆ ခုနှစ်တုန်းက ၈၀% အထိ တက်သွားတယ်။ ဆိုတော့ ဒီနှစ်တော့ ၈၅% အထိပေါ့လေ။ ဆိုတော့ နှစ်တိုင်းကို ကျနော်တို့ လုပ်တယ်၊ ဟုတ်ကဲ့။”
မေး။ ၂၀၁၂ ခုနှစ်တုန်းက လုပ်ခဲ့တဲ့ သုတေသနအရ ဆိုရင်တော့ ဒီကလေးတွေဟာ အခု ကျောင်းပြီးကြပြီပေါ့နော်၊ Bachelor ၊ ဒါမှမဟုတ်ရင်လည်း B.Sc. သူတို့ ပြီးကြပြီပေါ့။ ဒီကလေးတွေကရော၊ သူတို့အထဲမှာ Post graduate လို့ခေါ်တဲ့ ဘွဲ့လွန် ဆက်တက် တာတွေရော ရှိသလား။ သူတို့ရဲ့ စိတ်ဝင်စားမှုက မြန်မာနိုင်ငံအပေါ်မှာရော ဘယ်လောက် ရှိသလဲ။ မြန်မာနိုင်ငံက ပေါက်ဖွားတဲ့ မိသားစုဆိုတော့ မြန်မာနိုင်ငံ အပေါ်မှာ စိတ်ဝင်စားမှု ရှိကြသလား။
ဖြေ။ “ဟုတ်ကဲ့၊ တော်တော်များများက မြန်မာနိုင်ငံအတွက်ကို ပြန်ပြီးတော့မှ ပေးဆပ်ချင်တဲ့ လိုအင်ဆန္ဒတွေ ရှိကြတယ်၊ Motivation ပေါ့လေ၊ ရှိတာတွေ ကျနော်တို့ တွေ့ရတယ်။ အခု ၆ နှစ်လည်း ရှိပြီဆိုတော့ တော်တော်လေးလဲ ကျောင်းပြီးနေကြပါပြီ။ သို့သော်လည်းပဲ အများအားဖြင့်တော့ ကောလိပ်မှာပဲ သူတို့ ဆက်တက်နေသေးတယ်။ အဲဒီလို ကောလိပ်ဆက်တက်နှုန်းကလည်း ကျနော်တို့ သတ်သတ် ပြုစုထားတယ်။ အဲဒီနေရာမှာ ၃၀% လောက်က Master Program (ဘွဲ့လွန် အစီအစဉ်) လောက် အထိကို တက်ချင်တဲ့ သူတို့ စိတ်ဆန္ဒ ရှိတယ်။ ၁၅% က Doctorate Ph.D. အထိ တက်ပြီးတော့ ကျောင်းပြီးချင်တဲ့ စိတ်ဆန္ဒရှိတာကို ကျနော်တို့ တွေ့ရတယ်။”