သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတသစ် ဦးဝင်းမြင့် ဘယ်လိုလူလဲ


သမ္မတသစ်ဦးဝင်းမြင့်
သမ္မတသစ်ဦးဝင်းမြင့်

မြန်မာ့သမိုင်းမှာ ၁၀ ဦးမြောက် ဖြစ်မယ့် နိုင်ငံတော်သမ္မတ ရာထူးအတွက် ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း ဦးဝင်းမြင့်ကို ပြည်ထာင်စုလွှတ်တော်ကနေ ရွေးချယ်လိုက်ပါပြီ။ ပြည်သူ့လွှတ်တော်ကနေ ဒုသမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ဦးဝင်းမြင့်အပါအဝင် ဒု သမ္မတသုံးဦးကို ပြည်ထောင်စုလွှတ်တော်ကနေ မဲပေးရာမှာ နိုင်ငံတော်သမ္မတအဖြစ် ထောက်ခံမဲ ၄၀၃ မဲနဲ့ ဦးဝင်းမြင့် ရွေးချယ်ခံခဲ့ရတာပါ။ မတ်လ ၃၀ ရက်နေ့မှာတော့ နိုင်ငံတော်သမ္မတအဖြစ်နဲ့ ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ရွေးချယ်ခံရသူ ဦးဝင်းမြင့်ဟာ ၁၉၅၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် ညောင်ချောင်းကျေးရွာ ဇာတိဖြစ်ပြီး၊ ၁၉၇၄ ခုနှစ်မှာ ဘူမိဗေဒ ဘာသာရပ်နဲ့ ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ပါတယ်။ H.G.P; R.L. ဘွဲ့လွန်ဒီဂရီတွေလည်း ရရှိခဲ့ပြီး အထက်တန်းရှေ့နေ တရားလွှတ်တော်ရှေ့နေ အဖြစ် တာဝန်ထမ်းခဲ့ပါတယ်။

၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပြီးတဲ့နောက်မှာ ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူးအဖြစ် စတင် တာဝန်ယူခဲ့သူပါ။ အဲဒီအပြင် ဧရာဝတီတိုင်း စည်းရုံးရေးကော်မတီအတွင်းရေးမှူး၊ ဗဟိုကော်မတီအတွင်းရေးမှူးကနေ အခုနောက်ဆုံး NLDပါတီရဲ့ အတွင်းရေးမှုး အဖွဲ့ဝင် တဦးအဖြစ်ပါ အဆင့်ဆင့် ပါတီတာဝန်တွေ ထမ်းဆောင်ခဲ့သူပါ။

NLD ပါတီရဲ့ လှုပ်ရှားမှုတွေအတွင်း အာဏာပိုင်တွေဖမ်းဆီးမှု သုံးကြိမ် ခံခဲ့ရဖူးပါတယ်။ ၂၀၁၀ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အနီးကပ် အားထားရသူတဦးဖြစ်လာသလို ပြန်လည် ဖွဲ့စည်းခဲ့တဲ့ NLD ပါတီ ရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်လာတာပါ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ မှာလည်း ဓနုဖြူမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရသလို၊ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲမှာ ပုသိမ်မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။

၂၀၁၂ ခုနှစ်အပြီး ခေါ်ယူတဲ့ ပြည်သူ့လွှတ်တော်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီမှာ အတွင်းရေးမှူး၊ လွှတ်တော်လုပ်ငန်းဆိုင်ရာ ကော်မတီမှာ အတွင်းရေးမှူး စတဲ့ လွှတ်တော်ကော်မတီ အကြီးအကဲ တာဝန်တွေယူခဲ့ဖူးပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာတော့ တာမွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် အရွေးခံခဲ့ရပြီး၊ ပြည်သူ့လွှတ်တော် ဥက္ကဌဖြစ်လာပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဌ တာဝန်ယူနေစဉ်အတွင်း ပြတ်ပြတ်သားသား ပြောဆိုလှုပ်ရှားမှုတွေကြောင့် NLD ပါတီ လွှတ်တော်အမတ်တွေနဲ့ ပါတီဝင်တွေရဲ့ ထောက်ခံမှုတွေ ပိုပြီး ရလာပါတယ်။

ပါတီရဲ့ မူအတိုင်း ဆောင်ရွက်နိုင်သူဖြစ်သလို၊ ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာစောင့် သိသူလို့ ပါတီတွင်း သတ်မှတ်ခံရပါတယ်။ ဒါကြောင့် နိုင်ငံတော်သမ္မတအဖြစ် ဆောင်ရွက်တဲ့အခါမှာ အရင်သမ္မတလိုပဲ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရဲ့ အယူအဆအမြင်နဲ့ NLD ပါတီရဲ့ မူဝါဒတွေအတိုင်း ရပ်တည်ဆောင်ရွက် သွားမယ်လို့ အများက တွက်ဆထားပါတယ်။

သမ္မတသစ် ဦးဝင်းမြင့် ဘယ်လိုလူလဲ
please wait

No media source currently available

0:00 0:02:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG