သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဦးဝင်းမြင့် ထိုင်းနိုင်ငံချစ်ကြည်ရေးခရီးရောက်ရှိ


သမ္မတ ဦးဝင်းမြင့် နှင့် ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha (Myanmar President Office)
သမ္မတ ဦးဝင်းမြင့် နှင့် ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha (Myanmar President Office)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီးတို့ဟာ ထိုင်းနိုင်ငံ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်ကို ဒီကနေ့ စတင်တာမှာ ညနေပိုင်းက ဘန်ကောက်မြို့ကို ရောက်သွားပြီ ဖြစ်ပါတယ်။ သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီးတို့ဟာ ဝန်ကြီးချုပ် Prayut Chan-o-cha ရဲ့ ဖိတ်ကြားချက်အရ အခုလို သွားရောက်တာ ဖြစ်ပါတယ်။

ညနေပိုင်းက ဝန်ကြီးချုပ်နဲ့ တွေ့ဆုံ ဆွေးနွေးအပြီး ထိုင်းအစိုးရ ဧည့်ဂေဟာမှာ ခေါင်းဆောင် ၂ ဦး ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ကြတာမှာ မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ထိုင်းနိုင်ငံက ဆက်လက် ပံ့ပိုးပေးသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်က ကတိပြုခဲ့ကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။

"ထိုင်းနိုင်ငံဝန်ကြီးချုပ် Prayut Chan-o-cha နဲ့ ဆွေးနွေးရာမှာ ဝန်ကြီးချုပ်က မြန်မာအစိုးရက ဆောင်ရွက်လျက်ရှိတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေးတို့ကို ဆက်လက်ပြီး ပံ့ပိုးမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ လူနေမှုဘ၀ မြင့်မားဖို့အတွက် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ ဆောင်ရွက်ရာမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ထိုင်းနိုင်ငံအရှေ့ဘက်ပိုင်း ကမ်းရိုးဒေသအကြား၊ နောက်ပြီး နယ်စပ်ဖြတ်ကျော်မှုအပါအဝင် မြန်မာနဲ့ ထိုင်းနိုင်ငံအကြား ဆက်သွယ်ရေးလမ်းကြောင်းများ မြှင့်တင်ရေးအတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။"

သမ္မတ ဦးဝင်းမြင့်ဟာ ဒီ တရားဝင် ခရီးစဉ်နဲ့အတူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပမယ့် (၈) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီး အစည်းအဝေးနဲ့ (၉) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (CLMV) ထိပ်သီး စည်းဝေးပွဲတွေကိုလည်း တက်ရောက်မှာဖြစ်ကြောင်း မြန်မာ သမ္မတရုံးက အစောပိုင်းမှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ACMECS နဲ့ CLMV ထိပ်သီး စည်းဝေးပွဲတွေကို ဘန်ကောက်မြို့မှာ ဇွန်လ ၁၅ ရက်နဲ့ ၁၆ ရက်အကြား ၂ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒါဟာ ဦးဝင်းမြင့်အနေနဲ့ နိုင်ငံတော်သမ္မတ တာဝန် စတင် ထမ်းဆောင်ပြီးနောက်မှာ ဒုတိယအကြိမ်မြောက် နိုင်ငံခြားခရီးစဉ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲကို တက်ရောက်တဲ့ ခရီးစဉ်ဟာ သူ့ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ် ဖြစ်ပါတယ်။

ထိုင်းနဲ့ မြန်မာအကြား ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂.၄၅ ဘီလီယံ ရှိခဲ့တာမှာ မြန်မာနိုင်ငံက ထိုင်းဘက်ကို ဒေါ်လာ ၁.၄ ဘီလီယံနဲ့ ညီမျှတဲ့ ကုန်ပစ္စည်းတွေ တင်ပို့ခဲ့ပြီး ထိုင်းဘက်ကနေ ၁.၀၅ ဘီလီယံနဲ့ ညီမျှတဲ့ ကုန်ပစ္စည်းတွေကို တင်သွင်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG