သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအကျဉ်းထောင်တွင်း လူဦးရေများပြီး အခွင့်အရေး ဆုံးရှုံးမှုများရှိနေ


အင်းစိန်အကျဉ်းထောင်
အင်းစိန်အကျဉ်းထောင်

အကျဉ်းထောင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ အစိုးရကကြိုးစားနေပေမဲ့ အကျဉ်းထောင်တွင်း အကျဉ်းသားတွေအဆမတန်များပြားနေတဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကျဉ်းသား အခွင့်အရေးဆုံးရှုံးမှုတွေပါ ရှိနေတယ်လို့ အရပ်ဖက် အဖွဲ့အစည်းတွေ က ဝေဖန် ထောက်ပြ နေပါတယ်။ အကျဉ်းထောင်စနစ်တခုလုံး ပြုပြင်ပြောင်းလဲဖို့ဆိုရင် ရဲတပ်ဖွဲ့ နဲ့ တရားစီရင်ရေးလို ကဏ္ဍအလိုက်တပြိုင်နက်တည်း ပြုပြင်ပြောင်းလဲမှသာ ဒါကအောင်မြင်နိုင်လိမ့်မယ်လို့ သူတို့က ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် မေးမြန်း ပေးပို့ထားပါတယ်။

အကျဉ်းထောင်ထဲမှာ နေရာကျပ်တည်းမှုက အတော်လေး ဆိုးရွားနေသလို၊ တချို့ထောင်တွေမှာ သတ်မှတ်ရာခိုင်နှုန်းထက် အဆပေါင်းများစွာကျော်လွန် နေတယ်လို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင်က ဗွီအိုအေကိုပြောပါတယ်။ အကျဉ်းသား တယောက် ကို အိပ်စရာနေရာ သုံးပေအကျယ်လောက်ကနေ တပေခွဲမရတဲ့ အကျဉ်းထောင်တွေ ရှိလာကြောင်း သူက ပြောပါတယ်။

“အဲဒီလိုဖြစ်တဲ့အတွက်ကြောင့် နောက်ဆက်တွဲ လူ့အခွင့်အရေးဆိုင်ရာ နစ်နာမှုတွေကတော့ ကြုံတွေ့ နေရတာပေါ့နော်။ ဘာလို့ဆိုတော့ အိမ်သာနား ကပ်အိပ်ရတဲ့လူမျိုးပေါ့ ဒါမျိုးတွေ ရှိနေတာပေါ့။ အဲဒီတော့ အိမ်သာနား ကပ်အိပ်ရရေး အတွက်လည်း အဲဒီအကျဉ်းခန်းမှာ တာဝန်ရှိတဲ့သူတွေကို နည်းနည်းပါးပါး ညှိရနှိုင်းရ၊ ပေးရကမ်းရ ဆိုတဲ့ဟာမျိုးတွေကလည်း ဖြစ်နေတာပေါ့လေ။”

အကျဉ်းထောင် လူဦးရေကျပ်တည်းတဲ့ကိစ္စကို သက်ဆိုင်ရာဝန်ကြီးဌာက ထပ်ခိုးတွေလုပ်ပေးပြီး ဖြေရှင်းနေပေမဲ့ မလုံလောက်ဘူးလို့ မြန်မာအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကပြောပါတယ်။ ဆရာဝန်မရှိတာ၊ သူနာပြုမလုံလောက်တာတွေကြောင့် ကျန်းမာရေးပြဿနာတွေလည်း ရှိနေပါတယ်။ လူဦးများလို့ ဖြစ်လာတဲ့ မိလ္လာရေဆိုးပြည့်လျှံတဲ့ ကိစ္စတွေကိုလည်း အကျဉ်းသားတွေက ဖြေရှင်းနေရပါတယ်။ ဒါတွေက လူ့အခွင့်အရေးအရကြည့်ရင် နစ်နာတဲ့ကိစ္စတွေလို့ ဦးယုလွင်အောင်ကပြောပါတယ်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် MNHRC က အကျဉ်းသားတွေနဲ့ တွေ့ပြီး ထောင်တွင်း အခြေအနေတွေ မေးမြန်းတဲ့အခါမှာ အမှန်အတိုင်း ပြောပြတဲ့ အကျဉ်းသားကို ထောင်အာဏာပိုင်တွေက ပိုပြီးဖိနှိပ်တဲ့ အလေ့အထရှိကြောင်း ကချင်ပြည်နယ် လူငယ်အစည်းအရုံးက ဆိုင်းနူးပန်က ဗွီအိုအေကို ပြောပါတယ်။ သူက တကြော့ပြန်ကချင်စစ်ပွဲ ၈နှစ်ပြည့်မှာ စစ်ဘေးရှောင်တွေရဲ့ ဒုက္ခကို သရုပ်ဖော်ခဲ့လို့ ငြိမ်းစုစီပုဒ်မနဲ့ မြစ်ကြီးနားထောင်မှာ ၁၅ရက် အကျဉ်းကျခံခဲ့ရတာလည်းဖြစ်ပါတယ်။ သူ အတွေ့အကြုံကို အခုလိုပြောပါတယ်။

“ကိုယ်သွားချင်တဲ့နေရာ သွားလို့မရတော့ဘူး။ သူတို့ရဲ့ ၁၁နာရီကနေ ၂နာရီထိကတော့ သော့ခတ်ထားတယ်ပေါ့ ဒါမျိုးတွေရှိတယ်။ ညဆိုရင်လည်း ည ၅နာရီကနေ သော့ခတ်တယ် ဒါမျိုးတွေရှိတယ်။ နည်းနည်းတင်းကျပ်သွားတဲ့ ဟာမျိုးတွေရှိတာပေါ့။ ဆိုလိုတာက သူတို့ရဲ့ အချိုးပုံစံက မင်းတို့ သူတို့ကို တိုင်ရကောင်းသလား၊ သူတို့ကိုပြောရ ကောင်းသလားပေါ့။ ပညာပြတာတော့ ရှိတာပေါ့နော်။ သိပ်အခွင့်အရေးမရ ကြတော့ဘူး သူတို့ပြောတဲ့အခါမှာ။ ဘာမှဂရုမစိုက်ပေးဘူး၊ ဘာမှမလုပ်ဆောင်ပေးဘူးပေါ့၊ မင်းတို့တောင်မှ ငါတို့ကိုအဲဒါမျိုးလုပ်တယ် ဆိုတဲ့ပုံစံနဲ့ အဲဒါမျိုးရှိခဲ့တယ်။”

ထောင်ထဲမှာ စာကြည့်တိုက်သုံးခွင့်မရတာ၊ စာရေးသားခွင့်မရှိတာနဲ့ တခြားအကျဉ်းသားရပိုင်ခွင့်တွေမရှိသလို အကျဉ်းထောင်ဥပဒေကလည်း ပြုပြင်ပြောင်းလဲသင့်ကြောင်း၊ ထောင်ဝန်ထမ်းတွေရဲ့ ကိုယ်ထိလက်ရောက် အနာတရဖြစ်အောင် လုပ်တာမျိုးတွေလည်းရှိနေကြောင်း ဆိုင်းနူးပန်က ဆက်ပြောပါတယ်။

“နားသိပ်မကြားရတဲ့ အမျိုးသမီးတယောက်က သူ့နာမည်ကိုမထူးလိုက်ဘူး၊ အဲဒီတော့ စာအုပ်တွေနဲ့ ပစ်ပေါက်ကြတယ်။ ကျမကတော့ တော်တော်လန့် သွားတာပေါ့။ ကျမမေးကြည့်တော့လည်း သူ့တို့ ဘေးနားမှာရှိတဲ့ ပစ္စည်းနဲ့ ကိုင်ပေါက်တာပေါ့ ဒါကတော့ သူတို့အတွက်က ထုံးစံလိုဖြစ်နေတာ။ ထူးထူးဆန်းဆန်းမရှိဘူးဖြစ်နေတာ။ ဒီလုပ်ရပ်တွေက လူ့အခွင့်ရေး ချိုးဖောက်တယ်လို့ မြင်တယ်။ ဘာလို့ဆို လူသားတယောက်ဖြစ်တဲ့ အတွက်ကြောင့် တိရစ္ဆာန်မဟုတ်ဘူးပေါ့နော် အဲလိုမျိုးလုပ်ပိုင်ခွင့်တော့မရှိဘူး။ ကျမက အဲဒါကို ထောင်ကထွက်လာတဲ့နေ့မှာ မီဒီယာကို ပြောဖြစ်တယ်။ အဲဒီနောက်ပိုင်း ဟိုမှာက (မြစ်ကြီးနားအကျဉ်းထောင်) ပိုပြီးဖိနှိပ်တယ်လို့ ကြားရတယ် အခြေအနေက။”

အကျဉ်းသားတွေများလာပြီး လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေမရှိအောင် တချို့ကို စိစစ်ပြီးလွှတ်ပေးသင့်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကလည်းအကြံပြုထားပါတယ်။ နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်ဟာ ထောင်တွင်းမှာမရှိသင့်သလို မူးယစ်ဆေး အနည်းအကျဉ်းနဲ့ နှစ်ရှည်ထောင်ကျနေတဲ့သူတွေကိုလည်း စိစစ်ပြီးလွှတ်ပေးသင့်တယ်လို့ AAPP ရဲ့ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်က ပြောပါတယ်။

“အကျဉ်းထောင်စနစ်ကြီး တခုလုံး ပြုပြင်ပြောင်းလဲဖို့လိုတယ်။ ကျနော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တခုလုံး ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ၊ ပြည်နယ် reform တရားစီရင်ရေး ကိစ္စတွေ၊ ဒီ sector တွေမှာပါ ပြုပြင် ပြောင်းလဲမှုတွေ မလုပ်နိုင်ဘူးဆိုရင် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲတာ အောင်မြင်မှာ မဟုတ်ပါဘူး။ အကျဉ်းထောင် စနစ်ပြုပြင်ပြောင်းလဲဖို့ဆိုရင် သူ့ကဏ္ဍအလိုက် အတွဲလိုက် ပြုပြင်ရမယ့်ကိစ္စတွေ ရှိနေပါတယ်။ ဒါတွေကို တပြိုင်နက်တည်း ပြုပြင်ပြောင်းလဲမှသာလျှင် ခေတ်မီတဲ့ တကယ်ကောင်းမွန်တဲ့ အကျဉ်းထောင်စနစ်ကြီး ဖြစ်လာမှာပါ။”

အကျဉ်းထောင်တွေမှာ အကျဉ်းသားများနေတဲ့ ကိစ္စကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ဖြေရှင်းဖို့ ကြိုးစားနေပေမဲ့ မူးယစ်ဆေးဝါးပြဿနာကြောင့် ဝင်လာတဲ့သူက ပိုများနေလို့ ဖြေရှင်းရခက်တဲ့ ပြဿနာနဲ့ကြုံနေပြီး လူ့အခွင့်အရေးချိုးဖောက်တဲ့ ကိစ္စတွေရှိနေကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဒါကို သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ညှိနှိုင်းနေတယ်လို့ ပြောပါတယ်။

.....................













တိုက်ရိုက် လင့်ခ်


XS
SM
MD
LG