သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြိုးပေးကွပ်မျက်ခံခဲ့ရသူ ဆလိုင်းတင်မောင်ဦး ဂုဏ်ပြုတဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်


ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ဆလိုင်းတင်မောင်ဦး ဂုဏ်ပြု ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၂၆၊ ၂၀၂၁။ ဓာတ်ပုံ - ABFSU)
ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ဆလိုင်းတင်မောင်ဦး ဂုဏ်ပြု ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၂၆၊ ၂၀၂၁။ ဓာတ်ပုံ - ABFSU)

(Zawgyi / Unicode)

ဒီကနေ့ဟာ ချင်းတိုင်းရင်းသား ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ၄၅ နှစ်မြောက်နေ့ဖြစ်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ဒီကနေ့ ဆန္ဒပြပွဲတွေမှာ သူ့ကိုဂုဏ်ပြုပြီး သပိတ်စစ်ကြောင်းတွေ ထွက်ခဲ့ကြပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းသား ဆလိုင်းတင်မောင်ဦးဟာ ၁၉၇၀ ခုနှစ်လွန် နှစ်တွေက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် တပါတီစနစ်နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး ထောင်နှစ်ကြိမ် ကျခဲ့ဖူးပါတယ်။ ၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှာ အဲဒီအချိန် တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ ဆိုရှယ်လစ်အစိုးရက ဆလိုင်းတင်မောင်ဦးကို ကြိုးပေး ကွပ်မျက်ခဲ့တာပါ။

သူဟာ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ ကြိုးပေးကွပ်မျက်ခံရတဲ့ တဦးတည်းသော ကျောင်းသားခေါင်းဆောင် ဖြစ်ပါတယ်။

မန္တလေး၊ မုံရွာ၊ ကလေး စတဲ့မြို့တွေက ဒီကနေ့ ဆန္ဒပြပွဲတွေမှာ ဆလိုင်းတင်မောင်ဦးကို ဂုဏ်ပြုပြီး သူပြောခဲ့တဲ့ စကားတွေကို ကောက်နုတ်ရေးသားထားတဲ့ စာတန်းတွေ ကိုင်ဆောင်ပြီးတော့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်၊ အရှေ့ဒဂုံအရပ်မှာလည်း လူငယ်တွေ စုဝေးပြီး လျှပ်တပြက် ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့လယ်ခေါင်မှာလည်း ဒီကနေ့ညနေပိုင်းမှာ လူူငယ်တွေက မီးရှို့ထားတဲ့ မီးတုတ်တွေ ကိုင်ပြီး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ဆလိုင်းတင်မောင်ဦး ဂုဏ်ပြု ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၂၆၊ ၂၀၂၁။ ဓာတ်ပုံ - ABFSU)
ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ဆလိုင်းတင်မောင်ဦး ဂုဏ်ပြု ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၂၆၊ ၂၀၂၁။ ဓာတ်ပုံ - ABFSU)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ ထိုင်သပိတ်မှောက်ခဲ့သလို မြိုင်မြို့မှာ ဆိုင်ကယ်သပိတ် လှည့်လည်ခဲ့ပြီးတော့ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့၊ သရက်နှစ်ခွကျေးရွာမှာ ဒေသခံတွေရဲ့ သပိတ်စစ်ကြောင်း၊ မြင်းခြံမှာ နည်းပညာကောလိပ် ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်းတွေ ထွက်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတာကြောင့် ဒီကနေ့အထိဆိုရင် သေဆုံးသူပေါင်း ၈၈၁ ယောက်ရှိပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူပေါင်းက ၅,၂၀၀ နီးပါးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကတော့ ဒီအရေအတွက်တွေ မဟုတ်မှန်ဘူးလို့ ငြင်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------

(Unicode)








ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ဆလိုင်းတင်မောင်ဦး ဂုဏ်ပြု ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၂၆၊ ၂၀၂၁။ ဓာတ်ပုံ - ABFSU)
ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ဆလိုင်းတင်မောင်ဦး ဂုဏ်ပြု ဆန္ဒပြပွဲ မြင်ကွင်း။ (ဇွန် ၂၆၊ ၂၀၂၁။ ဓာတ်ပုံ - ABFSU)



XS
SM
MD
LG