သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရရဲ့ ၁၄ ရက် သီးခြားခွဲထားရေးအစီအစဉ်အပေါ် ပြည်ပက ပြန်လာသူတွေအမြင်


 လှိုင်မြို့နယ်အတွင်းက Quarantine Center (ဓါတ်ပုံ- NLD Hlaing Township )
 လှိုင်မြို့နယ်အတွင်းက Quarantine Center (ဓါတ်ပုံ- NLD Hlaing Township )

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ် အရှိန်မ လျော့သေးတာကြောင့် နိုင်ငံခြားကပြန်လာသူတွေကို ၂ ပတ်ကြာ သီးခြားခွဲနေစေတဲ့ မြန်မာအစိုးရက လုပ်ဆောင်နေတဲ့ အစီအစဉ်ဟာ စိတ်ကြေနပ်စရာ ကောင်းပေမဲ့ လိုအပ်ချက်တချို့ ရှိနေသေးတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ အမေရိကန်ပြည်ထောင်စုကနေ ရန်ကုန်လေဆိပ်ကို ပြန်ရောက်သွားသူ တချို့က VOA ကိုပြောပါတယ်။ မတ်လကုန်မှာ နယူးယောက်နဲ့ နယူးဂျာစီ ပြည်နယ်တွေကနေ ရန်ကုန်ကိုပြန်သွားပြီး အခုအခါ အစိုးရက စီစဉ်ပေးထားတဲ့ လှိုင်တက္ကသိုလ်ဝင်းအတွင်းက Quarantine Center မှာ ၂ ပတ်ကြာ နေနေရသူ နှစ်ဦးရဲ့ အတွေ့အကြုံနဲ့ ပတ်သက်လို့ကို ဉာဏ်ဝင်းအောင်ဆက်သွယ်မေးမြန်းထားပါတယ်။

အမေရိကန် ပြည်ထောင်စုက ထွက်ခွာခါနီး လေယာဉ်ပေါ်မတက်ခင် ကျန်းမာရေး ထောက်ခံစာ ပြဖို့ လိုအပ်တယ်လို့ နယူးယောက်မြို့ကနေ ရန်ကုန်မြို့ကို လေယာဉ်စီး ပြန်လာတဲ့ ကိုအောင်ထက်က ပြောပါတယ်။ လေဆိပ်အရောက်မှာ တာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းတွေ လာရောက်ကြိုဆို စစ်ဆေးပြီး ၂ ပတ်ကြာနေရမယ့် လှိုင်တက္ကသိုလ်ဝင်းအတွင်းက Quarantine Center ကို ခေါ်သွားကြောင်း သူက ရှင်းပြပါတယ်။

“ ကျနော်တို့ လေဆိပ်ကို ဆင်းပြီဆိုတာနဲ့ သူတို့က နံပတ် ၁ က ကိုယ်အပူချိန် တိုင်းပြီးတဲ့အခါကျတော့ ကျနော်တို့ လေယာဉ်ပေါ်မှာ ပါတဲ့ လူတွေအကုန်လုံးကို သူတို့က အခန်းလေး တခန်းထဲထည့်ပြီးတော့ ကျနော်တို့ လေယာဉ်ပေါ်မှာ ဖြည့်ထားတဲ့ Data စာရွက်တွေကို ကောက်တယ်။ ပြီးတော့ Passport တွေအကုန်လုံးကို သိမ်းတယ်၊ ပြီးတော့ အတုံးထုပေးတယ်ခင်ဗျ။ ပြီးတော့ သူတို့ ကျန်းမာရေးဌာနကနေပြီးတော့ လာပြီးတော့ ရှင်းပြတယ်ခင်ဗျ။ ကျနော်တို့အကုန်လုံးကို စောင့်ကြည့်တဲ့အနေနဲ့ ၁၄ ရက် နေရမယ်။ နေတဲ့အခါကျတော့ အစိုးရကနေ စီစဉ်ပေးထားတဲ့ နေရာတွေမှာ နေလို့ရတယ် ဒါမှမဟုတ် ဟိုတယ်တွေမှာ နေလို့ရတယ်လို့ သူတို့ option ပေးတယ်ခင်ဗျ။ ပြီးတော့ သူတို့ အစိုးရကနေ သတ်မှတ်ထားတဲ့နေရာကလည်း ကျနော်တို့ နေတဲ့ အိမ်နဲ့ နီးတဲ့အတွက်ကြောင့် ကျနော်တို့ ကတော့ ဒီနေရာကို ရွေးလိုက်တာပေါ့နော်။ တချို့ကတော့ ဟိုတယ်မှာ သွားနေတယ်၊ ဟိုတယ် ဆိုတာလည်း သူတို့ အစိုးရနဲ့ ချိတ်ထားတဲ့ ဟိုတယ်တွေ ပေါ့၊ သူတို့ သတ်မှတ်ထားတဲ့ ဟိုတယ်ခတော့ ပေးရတယ် ခင်ဗျ။"

အဲဒီ လှိုင် Quarantine Center မှာ နေနေရသူ နောက်တဦးက မပူးလေးပါ ။ အစိုးရက စီစဉ်ပေးထားတဲ့ တိုက်ခန်းမှာ အသုံးအဆောင်တွေက အစ ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးထားတယ်လို့ သူကဆိုပါတယ်။

“Quarantine ထားဖို့ လိုတယ်ဆိုတဲ့အကြောင်းကို သူတို့ အရင်ဆုံးရှင်းပြတယ်။ သူတို့က ဘာတာဝန်တွေယူထားတယ်၊ ညီမတို့က ဘာစည်းကမ်းတွေ လိုက်နာရမယ်ဆိုတာ ရှင်းပြတယ်။ ပြီးတော့ ကိုယ်နေမယ့်အခန်းတွေပေါ့နော် အဲဒါတွေ စီစဉ်ပေးတယ်။ နောက်ပြီး ကိုယ်နဲ့ အတူတူနေမယ့်လူ ၊ ၂ ယောက်တတွဲ ပဲ ပေးဆင်းတယ်။ တောက်လျှောက် service တွေကတော့ အပြည့်ပဲ။ ပြီးတော့ ဖုန်းကဒ် လို မလို မေးတယ်၊ လိုတဲ့ လူတွေကိုပေးတယ်။ ညီမတို့ အခန်းထဲရောက်တဲ့အချိန်မှာ တယောက်ချင်းစီအတွက်ကို လိုအပ်တဲ့ပစ္စည်းတွေ ချထားပေးတယ်။ ကုတင်၊ မွေ့ရာ၊ စောင်၊ ခြင်ထောင် ၊ ခေါင်းအုံး၊ အိပ်ရာခင်း ၊ ပန်ကာ၊ ရေချိုးခန်းသုံး ပစ္စည်းပေါ့ အကုန်လုံး အဝတ်လျှော်ဆပ်ပြာတွေကအစ ၊ တယောက် တခုစီ သီးသန့်အကုန်လုံး ပေးထားတာပေါ့။”

နိုင်ငံခြားကနေ ပြန်ဝင်လာသူတွေအတွက် ရန်ကုန်မြို့မှာ Quarantine Center (၂၃) ခုလောက်ရှိတယ်ဆိုပေမယ့် ကျန်တဲ့နေရာတွေမှာ နေရာချထားပေး သူတွေနဲ့ ပြည့်နေတယ်လို့ ပြောပါတယ်။ Quarantine Center မှာ စေတနာ့ဝန်ထမ်း လုပ်အားပေးနေသူတွေအတွက် အသုံးအဆောင်တချို့ လိုအပ်နေတာကို သတိထားမိတယ်လို့ ကိုအောင်ထက် ပြောပါတယ်။

“သူတို့ အခက်အခဲတွေကတော့ သူတို့တွေက အရမ်းပင်ပန်းတယ်ခင်ဗျ။ ပြီးတော့ သူတို့မှာက လက်အိတ်တွေ၊ နှာခေါင်းစည်း လည်း မလုံလောက်ဘူးလို့ ကြားတယ်ခင်ဗျ။”

မြန်မာနိုင်ငံကိုဝင်လာတဲ့ နိုင်ငံခြားက ပြန်လာသူတွေဆီမှာ Covid-19 ရောဂါပိုး စ တွေ့လာရတယ်ဆိုပြီး ပြည်သူတွေကြား စိုးရိမ်မှုတွေကို လူမှုကွန်ယက်တွေမှာ ရေးသားပြောဆို နေကြတာပါ ။ အခုလို ပြည်တော်ပြန်လာရတာနဲ့ ပတ်သက်ပြီး ကိုအောင်ထက်နဲ့ မပူးလေးတို့က သူတို့အမြင်ကို ပြောပြပါတယ်။

“ကျနော်တို့က Virus ပါလာတာ မဟုတ်တဲ့အတွက်ကြောင့် ကျနော်ပြန်လာခဲ့တယ်။ ပြီးတော့ ဒီကိုရောက်တဲ့အခါမှာလည်း ကျနော်က Virus သယ်လာတာမဟုတ်ဘူး။ ကျနော် ဒီလိုမျိုး ၁၄ ရက် ဝင်ရတယ်ဆိုတာကလည်း Virus ရှိလို့ မဟုတ်ဘူး။ဒီလို ၁၄ ရက် နေလိုက်တဲ့အတွက်ကြောင့် ကျနော့်ကိုယ် ကျနော် သံသယ ကင်းတယ် ၊ ကိုယ့် ပတ်ဝန်းကျင်ကလည်း သံသယ ကင်းတယ်လို့ ခံယူထားပါတယ်။”

“ ရောဂါပိုးက ပြည်ပကနေ သယ်လာတာဆိုတာကတော့ မှန်တယ်။ ဘယ် နိုင်ငံမှာပဲ ဖြစ်ဖြစ် ပြည်ပကနေ သယ်လာတာပေါ့နော်။ ဒါပေမယ့် သူတို့ စိတ်ထဲမှာ စွဲသွားတာက ပြည်ပက ဝင်လာတဲ့ လူတွေ ကနေပြီးတော့ ဒီရောဂါက ပါလာတဲ့အတွက်ကြောင့် ဒီလိုလူတွေကို စောင့်ကြည့်ရမယ်၊ အလိုအလျောက် မုန်းတီးတဲ့ စိတ်မျိုးဖြစ်သွားတယ်။ အဲဒါကို မှန်ကန်တဲ့နည်းနဲ့ အသိပညာပေးတာမျိုး မလုပ်နိုင်ဘူးပေါ့နော်။”

လှိုင် Quarantine Center မှာ ၂ ပတ်ကြာနေနေရသူတွေကို စိတ်ဓါတ်ပိုင်းဆိုင်ရာအရ အားပေးဖို့ ညဘက်တွေမှာ ဆေးတက္ကသိုလ်ကျောင်းသားတွေနဲ့ ဖြိုးပြည့်စုံ ၊ ဂျူဝယ်လ် တို့လို အဆိုတော်တွေက လာရောက်ဖျော်ဖြေကြတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)












XS
SM
MD
LG