သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံက ပြန်လာသူများ Community Quarantine နဲ့ သီးခြားခွဲ စောင့်ကြည့်နေ


ထိုင်းက ပြန်လာသူတွေကို ကိုယ်ပူချိန်တိုင်းတာနေတဲ့ ကျန်းမာရေး ဝန်ထမ်းများ (မတ် ၂၄၊ ၂၀၂၀)
ထိုင်းက ပြန်လာသူတွေကို ကိုယ်ပူချိန်တိုင်းတာနေတဲ့ ကျန်းမာရေး ဝန်ထမ်းများ (မတ် ၂၄၊ ၂၀၂၀)

(Zawgyi/Unicode)

COVID-19 ရောဂါကို တားဆီးကာကွယ်နိုင်ဖို့အတွက် ထိုင်းနိုင်ငံကနေ နယ်စပ်ကိုဖြတ်ကျော်ပြီး ဝင်လာကြတဲ့ မြန်မာအလုပ်သမားတွေကို နယ်ရပ်တွေမှာ Community Quarantine အဖြစ်ထားပြီး သီးခြားစောင့်ကြည့်နေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ အကြောင်းကို ပြောပြပေးမှာပါ။

ထိုင်းနိုင်ငံကနေ နယ်စပ်ကို ဖြတ်ကျော်ပြီး ဝင်လာကြတဲ့ မြန်မာတွေကို အရင်က သက်ဆိုင်ရာ ပြည်နယ် မြို့နယ်အလိုက် ပြန်ပို့ပေးပြီး ကိုယ့်ရပ်ရွာမှာပဲ Home Quarantine အဖြစ် ၁၄ ရက် စောင့်ကြည့်တာမျိုး လုပ်ခဲ့ပေမဲ့ ခုနောက်ပိုင်းမှာတော့ သူတို့ကို အစုလိုက် သီးသန့်ထားပြီး စောင့်ကြည့်တဲ့ Community Quarantine တွေကို စတင်လုပ်ဆောင်နေကြပါတယ်။

ဒီလို အစုလိုက် သီးသန့်ထားပြီး စောင့်ကြည့်တဲ့ Community Quarantine တွေအတွက် နေရာတွေကို စီစဉ်ထားပြီးပေမယ့် စောင့်ကြည့်ခံမယ့် လူတွေအတွက် အိပ်ယာတွေ လိုအပ်နေပြီး အခက်အခဲတွေ အများကြီး ရှိနေတယ်လို့ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူးက VOA ကိုပြောပါတယ်။

“အခက်အခဲကတော့ အများကြီးပဲဗျ။ အဓိကကတော့ နေရာတော့ ရှိတယ်ပေါ့နော်။ ကုတင်မရှိတာမျိုးတို့ ပြီးတော့ စောင်၊ ခေါင်းအုံး အဲ့လိုမျိုးပေါ့နှော်။ အဲ့တာခက်ခဲတာတော့ ရှိတယ်ပေါ့နော်။ လက်ရှိအနေအထားမှာ အဲ့တာတော့ အဆင်ပြေဖို့ လိုအပ်နေတယ်ပေါ့။ လူတွေအများကြီးဝင်လာမယ်ဆိုရင်တော့ ထောင်ဂဏန်း သောင်းဂဏန်းဝင်လာမယ်ဆိုရင်တော့ ထားစရာနေရာနဲ့ စားစရာကျွေးဖို့ မွေးဖို့ အခက်အခဲဖြစ်လာနိုင်တယ်ဗျ။”

အခုလက်ရှိ တာချီလိတ်မြို့နယ်မှာ Community Quarantine ထားထားတဲ့ လူဦးရေက ၉၂ ယောက် ရှိနေပြီး သူတို့ကို ကျန်းမာရေးစစ်တဲ့အခါ ၁၁ ဦးက အဖျားရှိနေတာကြောင့် မိုးကုတ် ဝိပဿနာကျောင်းမှာ သီးသန့်စောင့်ကြည့်ထားတယ်လို့ ဆိုပါတယ်။

ခုအချိန်မှာ ထိုင်းဘက်က ဝင်ခွင့်ထွက်ခွင့် ပိတ်ထားတာကြောင့် ပြန်ဝင်လာသူတွေ များများစားစား မရှိသေးပေမဲ့ တရားဝင် သွားလာခွင့်တွေ ဖွင့်ပေးပြီးတဲ့ အချိန်မှာ ပြန်ဝင်လာမယ့်သူ တွေကိုတော့ သက်ဆိုင်ရာမြို့နယ်တွေကို ပြန်မပို့ပေးတော့ဘဲ နယ်စပ်မြို့တွေမှာပဲ Community Quarantine အဖြစ် သီးသန့်စောင့်ကြည့်တာမျိုးတွေကို လုပ်ဖို့ ညွှန်ကြားထားပြီးဖြစ်တယ်လို့လည်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှုးက ပြောပြပါတယ်။

ထိုင်းက ပြန်ဝင်လာသူတွေကို အိမ်မှာသီးခြားခွဲစောင့်ကြည့်ဖို့ အစီအစဉ်ကနေ သက်ဆိုင်ရာရပ်ရွာအလိုက်သူတို့ကို တနေရာတည်းစုပြီး သီးခြားခွဲစောင့်ကြည့်ဖို့ ညွှန်ကြားချက်တွေကိုတော့ လွန်ခဲ့တဲ နှစ်ရက်လောက်က စပြီး ထုတ်ထားတာပါ။

သထုံမြို့နယ်မှာတော့ Community Quarantine တွေကို ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ တရက်ကို နှစ် ကြိမ် အဖျားရှိ၊ မရှိ တိုင်တာစစ်ဆေးပေးတာတွေတော့ လုပ်ပေးနေတယ်လို့ မွန်ပြည်နယ် သထုံမြို့နယ် ခရိုင် ကျန်းမာရေး ဦးစီးဌာနက Dr. သင်းသင်းအိက ပြောပါတယ်။

“မနက်တကြိမ် ညတကြိမ် အဖျားတိုင်းတယ်။ သူတို့မှာ လာခံစားရလဲ ခံစားရတဲ့ ရောဂါလက္ခဏာ ပေါ့။ COVID 19 နဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာ ဘာရှိလဲပေါ့ မနက်တကြိမ် ညတကြိမ် အမတို့က ကြည့်ပေးတယ် အဲ့လောက်ပါပဲ။”

Quarantine Center တွေအတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့က ထောက်ပံပေးတာရှိသလို ကိုယ့်ဒေသတွေရဲ့ အလှုရှင်တွေ အထောက်အပံ့နဲ့ လုပ်နေကြတာတွေလည်း ရှိတာကြောင့် လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ မြို့နယ်တွေ တိုင်းဒေသကြီးတွေရဲ့ ကျန်းမာရေး ဌာနတွေက တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လေကြောင်းလိုင်းက ဝင်ရောက်လာသူတွေကိုတော့ facility quarantine ဆိုတဲ့ ဆေးရုံဆေးခန်းနဲ့ကျန်းမာရေးဌာနက သတ်မှတ်ပေးထားတဲ့ နေရာတွေမှာ ၁၄ ရက်စောင့်ကြည့်ဖို့ ညွှန်ကြားထားပါတယ်။ ထိုင်းနိုင်ငံ နယ်စပ်ကတဆင့် ဝင်ရောက်လာတဲ့သောင်းဂဏန်းရှိတဲ့ မြန်မာတွေကိုတော့ Home quarantine ဆိုတဲ့ အိမ်မှာ သီးခြားထားစောင့်ကြည့်ဖို့ဆိုပြီး သက်ဆိုင်ရာဒေသတွေကို ပြန်လွှတ်ခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံကဝင်လာသူတဦးမှာ ကိုရိုနာဗိုင်းရပ်တွေ့ခဲ့တဲ့နောက် အဲဒီ Home quarantine လုပ်နေသူတွေကို community quarantine ကျေးရွာဒေသအလိုက် တနေရာမှာစုထားပြီး စောင့်ကြည့်ဖို့ဆိုတဲ့ အစီအစဉ်ဖြစ်လာတာပါ။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG