သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလညီလာခံ ရခိုင်အရေးဝေဖန်ချက် မြန်မာသံအမတ်ကြီးတုံ့ပြန်


၇၂ ကြိမ်မြောက် အထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းတုံ့ပြန်စဉ်
၇၂ ကြိမ်မြောက် အထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းတုံ့ပြန်စဉ်

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု မရှိဘူးလို့ မြန်မာအစိုးရက တုံ့ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ၇၂ ကြိမ်မြောက် အထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ ကိစ္စတွေကို တုံ့ပြန်စဉ်မှာ ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြဿနာဖြစ်ထားတဲ့ နေရာတွေဆီကို နိုင်ငံတကာကိုယ်စားလှယ်အဖွဲ့ကို စက်တင်ဘာ ၂၈ ရက်နေ့မှာ ခေါ်သွားဖို့ အစိုးရက စီစဉ်နေတယ်လို့လည်း သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက အသိပေးခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

နယူးယောက် မြို့ ကုလသမဂ္ဂဌာနချုပ်မှာကျင်းပခဲ့တဲ့ အထွေထွေညီလာခံမှာ ပြီးခဲ့တဲ့ သီတင်းတပတ်လုံး နိုင်ငံစုံကခေါင်းဆောင်တွေ မိန့်ခွန်းပြောကြားခဲ့ကြတဲ့ထဲမှာ မြန်မာနိုင်ငံကနေ ရိုဟင်ဂျာတွေ သိန်းနဲ့ချီထွက်ပြေးတဲ့ကိစ္စကို ခေါင်းဆောင်တော်တော်များများက ထည့်သွင်းပြောခဲ့ကြပါတယ်။ အထွေထွေညီလာခံလာတက်တဲ့ ခေါင်းဆောင်တွေကြားမှာလည်း မြန်မာကိစ္စကို အလေးထားဆွေးနွေး စရာဖြစ်ခဲ့တယ်လို့ အမေရိကန်သံအမတ်ကြီး Nikki Haley ကပြောကြားခဲ့ပါတယ်။ တနင်္လာနေ့ကတော့ အထွေထွေညီလာခံ အပြန်အလှန်ဆွေးနွေးပွဲအတွင်းသက်ဆိုင်ရာနိုင်ငံတွေအလိုက် တုံ့ပြန်ခဲ့ကြတာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ရခိုင်အရေးကို တုံ့ပြန်ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လူမျိုးပြုတ် ရှင်းလင်းသုတ်သင်မှုတွေ၊ ရက်စက် ကြမ်းကြုတ်တဲ့လုပ်ရပ်တွေ ရှိနေတယ်လို့နိုင်ငံတချို့က ပြောကြားခဲ့ကြတဲ့အပေါ် မြန်မာနိုင်ငံက အပြင်းထန်ဆုံး ကန့်ကွက်တယ်လို့ သံအမတ်ကြီး ဦးဟောင်ဒိုဆွမ်းက တုံ့ပြန်ခဲ့ပါတယ်။

“ကျွန်တော်ရှင်းရှင်းပဲ ပြောပါရစေ သဘာပတိကြီးခင်ဗျား။ မြန်မာနိုင်ငံမှာ လူမျိုးပြုတ် ရှင်းလင်းမှု မရှိသလို လူမျိုးတုံးအောင် သတ်ဖြတ်မှုလည်း မရှိပါဘူး။ မြန်မာခေါင်းဆောင်တွေဟာ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးအတွက် ဟိုးအရင်ထဲက ကြိုးပမ်းလာခဲ့ကြသူတွေဖြစ်တဲ့အတွက် ဒီလိုမူဝါဒမျိုးကိုလည်း လက်မခံပါဘူး။ လူမျိုးပြုတ် ရှင်းလင်းမှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေမဖြစ်အောင်လည်း အတတ်နိုင်ဆုံး ကာကွယ်သွားမှာဖြစ်ပါတယ်။”

ဒီအသုံးအနှုန်းမျိုးတွေကို ပေါ့ပေါ့တန်တန် မသုံးဘဲ ခိုင်မာတဲ့သက်သေပြနိုင်မှ သုံးသင့်ကြောင်းနဲ့ ဒီလိုစွပ်စွဲချက်တွေဟာ သိပ်ကို အပြစ်ကြီးမားတဲ့အတွက် ဥပဒေအရ စုံစမ်းလေ့လာသုံးသပ်ပြီး စဉ်းစားဆုံးဖြတ်ဖို့လိုအပ်တယ်လို့လည်း သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက အလေးအနက်ပြောပါတယ်။ မြန်မာနိုင်ငံကို စွပ်စွဲနေတဲ့ကိုယ်စားလှယ်တွေနဲ့နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့ အခြေအနေကို ထိထိရောက်ရောက် ဘက်မလိုက်အမြင်နဲ့ကြည့်ဖို့လည်း တိုက်တွန်းသွားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်ဝါဒီတို့ရဲ့ အန္တရာယ်ရှိနေတာကိုလည်း သူက ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို ဥပမာပေးပြီး ရှင်းပြပါတယ်။ အသတ်ခံရတဲ့ ဟိန္ဒူဘာသာဝင်တွေကို အစုလိုက်အပြုံလိုက် မြုပ်နံှထားတဲ့ နေရာတွေ အခုရက်ပိုင်းမှာ တွေ့ရှိခဲ့တာကိုလည်း ကုလသမဂ္ဂမှာ မြန်မာသံအမတ်ကြီးက ပြောပြခဲ့ပါတယ်။

“ARSA အကြမ်းဖက်အဖွဲ့ရဲ့ ဆိုးဝါးယုတ်မာတဲ့ လုပ်ရပ်တွေ မနေ့က ထပ်မံပေါ်ထွက်လာခဲ့ပါတယ်။အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ARSA အဖွဲ့က ရက်ရက်စက်စက် သတ်ဖြတ်ထားတဲ့ ဟိန္ဒူရွာသား ၂၈ ယောက်ကို အစုလိုက် အပြုံလိုက် မြုပ်နှံထားတဲ့ကြွင်းကြီးတခုကို မနေ့က အာဏာပိုင်တွေ တေ့ွရှိခဲ့ပါတယ်။ ဒီကနေ့မှာလည်း နောက်ထပ် အလောင်း ၁၇ လောင်းကို ထပ်မံ တူးဖော်ရရှိပါတယ်။ သြဂုတ် လ ၂၅ ရက်နေ့ တိုက်ခိုက်မှုတွေ ဖြစ်ပြီးနောက်မှာ ပျောက်ဆုံးနေတယ်လို့ သတင်းရရှိထားတဲ့ ဟိန္ဒူရွာသူရွာသား ၉၃ ယောက်ထဲက အသတ်ခံရသူတွေ ဖြစ်ကြပါတယ်။”

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို အစုလိုက်အပြုံလိုက်ထွက်ပြေးခဲ့သူတွေနဲ့ပတ်သက်လို့ တုံ့ပြန်ပြောတာမှာတော့ အဓိကအကြောင်းကကြောက်ရွံ့မှုကြောင့်လို့ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ဖို့ အမျိုးသားတွေကို ARSA အဖွဲ့ထဲ မဖြစ်မနေဝင်စေသလို နိုင်ငံတကာရဲ့စိတ်ဝင်စားမှုရစေဖို့ ဘင်္ဂလားဒေ့ရှ် ဖက်ထွက်ပြေးအောင် ရွာတော်တော်များများကို ခြိမ်းခြောက်ခဲ့တဲ့အတွက် ကြောက်လန့်ပြီး အများအပြား ထွက်ပြေးခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။ ပဋိပက္ခတွေဖြစ်ထားတဲ့နေရာတွေမှာ အခြေအနေ ပုံမှန်ပြန်ဖြစ်အောင်ကြိုးစားနေသလို အကူအညီလိုအပ်နေသူတိုင်းကို မခွဲခြားဘဲ အကူအညီပေးနိုင်ဖို့ ဦးစားပေးဆောင်ရွက်နေတာကိုလည်း ရှင်းပြသွားပါတယ်။

“အခုဆိုရင် ပိုပြီးထိရောက်မယ့် ဆောင်ရွက်ချက်တွေကို အစိုးရက ဆောင်ရွက်နေပါပြီ။ ကြက်ခြေနီအဖွဲ့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အစိုးရဦးဆောင်တဲ့ လုပ်ငန်းအဖွဲ့တခုကို ဖွဲ့စည်းထားပြီး အိုးအိမ်ပစ် ခိုလှုံနေကြသူအားလုံးကို အကူအညီတွေပေးနေပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ဒုက္ခရောက်နေတဲ့ လူမှုအသိုင်းအဝိုင်းအားလုံး အင်မတန်လိုအပ်နေတဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေရနိုင်ဖို့အတွက် ASEAN အဖွဲ့ရဲ့လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး AHA စင်တာကို အသုံးပြုနိုင်ဖို့အတွက်လည်း တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆွေးနွေးနေပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြဿနာတွေဖြစ်ခဲ့ပြီးနောက် အဲဒီနေရာတွေဆီ သတင်းထောက်တွေ၊ အကူအညီပေးသူတွေကို လွတ်လွတ်လပ်လပ်သွားခွင့်ပေးဖို့ တောင်းဆိုမှုတွေလည်း ကျယ်ကျယ်လောင်လောင်ရှိခဲ့ပါတယ်။ အခု ကြာသပတေးနေ့ကျရင်တော့ နိုင်ငံတကာအဖွဲ့တခုကို သွားခွင့်ပေးဖို့ စီစဉ်ထားပါတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက အသိပေးပါတယ်။

“နိုင်ငံစုံပါဝင်တဲ့ အဖဲ့ွတခုကို စက်တင်ဘာလ ၂၈ ရက်နေ့ကျရင် ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြဿနာဖြစ်ထားတဲ့နေရာတွေကိုခေါ်သွားပြီးအခြေအနေကို ကိုယ်တိုင်မျက်မြင်တွေ့နိုင်ကြဖို့အတွက် အစိုးရက စီစဉ်နေပါတယ်။ ဒုက္ခသည်အရေးကို ဖြေရှင်းနိုင်ဖို့အတွက်လည်း ဘင်္ဂလားဒေ့ရှ် ဖက်ကို ဆက်သွယ်ထားပါတယ်။”

Mr. Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေက အစိုးရအတွက် ရှင်းလင်းတဲ့လမ်းပြမြေပုံဖြစ်တာကြောင့် အကောင်အထည်ဖော်ဖို့ ခိုင်ခိုင်မာမာဆုံးဖြတ် ဆောင်ရွက်နေတဲ့အကြောင်းလည်း ရှင်းပြပါတယ်။ တခါ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ရောက်နေတဲ့ ဒုက္ခသည်တွေကိုလည်း ၁၉၉၃ သဘောတူညီချက်အတိုင်း ပြန်လည်လက်ခံမယ်ဆိုတာကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ကုလသမဂ္ဂအထွေထွေညီလာခံ ဆွေးနွေးပွဲမှာ ထပ်မံအသိပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG