သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေးနိုင်ငံတကာ အပြုသဘောချဉ်းကပ်ဖို့ မြန်မာတိုက်တွန်း


 ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် (UN)
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် (UN)

မြန်မာနိုင်ငံတွင်း ရခိုင်အရေးပြဿနာကို နိုင်ငံတကာက အပြုသဘောချည်းကပ်ဖို့နဲ့ ဒီလိုမဟုတ်ဘူးဆိုရင် ဘေးထွက်ဆိုးကျိုးတွေဖြစ်ပြီး ပြဿနာဖြေရှင်းနေမှုတွေကို ထိခိုက်နိုင်တယ်လို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဒီနေ့ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီမှာ သတိပေးပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗြိတိန်နဲ့ ကနေဒါအပါအဝင် နိုင်ငံအချို့ကတော့ ရခိုင်အရေးဟာ လူမျိုးနွယ်စုအလိုက် ရှင်းလင်းဖယ်ရှားတဲ့ လုပ်ရပ်ဖြစ်ပြီး၊ ဒီအတွက် တာဝန်ရှိသူတွေကို အရေးယူရမယ်လို့ နိုင်ငံတကာကို တိုက်တွန်းနေပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ လူ့အခွင့်အရေးကောင်စီက သတင်းကိုတော့ ကိုသားညွန့်ဦးက စုစည်း ပြောပြမှာပါ။

ဆွီဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ စတင်ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ နှစ်ပတ်လည်အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ဦးဆောင် တက်ရောက်ခဲ့တာဖြစ်ပြီး၊ အဲဒီမှာ နိုင်ငံတကာက အာရုံထားနေတဲ့ ရခိုင်အရေးကိစ္စကို အဓိက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

“ မြန်မာနိုင်ငံ ရခိုင်အရေးကိစ္စဟာ ဘာသာအယူဝါဒအကြား ပြဿနာမဟုတ်ပါဘူး။ ရခိုင်ပြည်နယ်မှာ အခု ကြုံနေရတဲ့ အကြပ်အတည်းတွေဟာ ရွေ့ပြောင်းဝင်ရောက်မှု၊ အရင်းအမြစ်ယှဉ်ပြိုင်ရယူလိုမှု၊ ဆင်းရဲမွဲတေမှု၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စတွေပါဝင်တဲ့ နိုင်ငံရေးနဲ့စီးပွားရေးအရ စိန်ခေါ်အကဲစမ်းချက်တွေ ဖြစ်ပါတယ်။ မကြာသေးခင်ကာလမှာပဲ ဒီလို လူမှုအသိုက်အဝန်းအကြားပဋိပက္ခဟာ အမျိုးသားလုံခြုံရေးနဲ့ အကြမ်းဖက်ဝါဒစွဲအခြေအနေတွေအထိ ထိခိုက်သက်ရောက်မှုတွေဖြစ်လာပါတယ်။ ဒါဟာ ဘာသာရေးအရ ခွဲခြားဆက်ဆံမှုနဲ့ မပတ်သက်ပါဘူး၊ အယူဝါဒနှစ်ဖက်အကြား ပဋိပက္ခလည်းမဟုတ်ပါဘူး။ ဘာသာအယူအဆပေါင်းစုံရှိတဲ့ မြန်မာနိုင်ငံရဲ့အခြားနေရာတွေမှာ မွတ်ဆလင်အများစုကြီးဟာ လူ့အဖွဲ့အစည်းနဲ့ လူမှုသဟဇာတရှိရှိ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နေကြတာပါ။”

ရာစုနှစ်တဝက်လော်က စစ်အုပ်ချုပ်ရေးအာက်ကနေ ဒီမိုကရေစီကို အသွင်ကူးပြောင်းနေရတဲ့ကာလမှာ လက်ရှိအစိုးရသစ်အနေနဲ့ ဖွဲ့စည်းပုံဆိုင်ရာအကြပ်အတည်းအပြင်၊ နှစ်ရှည် ပြဿနာတွေကို နေချင်းညချင်ဖြေရှင်းနိုင်ဖို့ မြန်မာလူထုရော နိုင်ငံတကာရဲ့မျှော်လင့်ကိုးစားမှုကို ခံခဲ့ရတယ်လို့လည်း ဦးကျော်တင်က ပြောပါတယ်။ ဒါကြောင့် အစိုးရသစ်တက်ပြီးတဲ့နောက် အတိုက်အခံလုပ်မှုတွေကြားကပဲ ကိုဖီအာနန်ကော်မရှင်ဖွဲ့စည်းတာလိုမျိုး ရခိုင်အရေး ကိုင်တွယ်ဖြေရှင်းမှုတွေကို ရဲရဲတင်းတင်းဆောင်ရွက်ခဲ့တယ်လို့ပြောပါတယ်။ ဒါပေမယ့် ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အခြေအနေတွေ ပြောင်းသွားရတယ်ဆိုပြီး၊ နောက်ပိုင်းဖြစ်လာတဲ့ ပြဿနာတွေအပေါ်မှာ အကြမ်းဖက် ARSA လက်နက်ကိုင်အဖွဲ့နဲ့ မမှန်သတင်းဝါဒဖြန့်ချီမှုတွေကို အပြစ်တင်သွားပါတယ်။

“ ARSA အဖွဲ့ အကြမ်းဖက်တိုက်ခိုက်မငကြောင့် ရခိုင်လူမျိုးတွေနဲ့ အခြားလူနည်းစုလူမျိုးတွေ ဟိနြူဘာသာဝင်တွေလည်း သူတို့အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးကြရတယ်ဆိုတာကို သတင်းမီဒီယာတွေရော သိသူ အတော်နည်းပါတယ်။ ARSA အဖွဲ့ရဲ့ သွေးထိုးလှုံဆော်မှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ မမှန်မကန်ပြောဆိုဖျားယောင်းမှုတွေကြောင့်လည်း ဒီလောက် အစုလိုက်အပြုံလိုက်ထွက်ပြေးမှုတွေ ဖြစ်ခဲ့ရတာပါ။ ICG အစီရင်ခံစာမှာ ဖော်ပြခဲ့သလိုပဲ ARSA ဟာ ရည်ရွယ်ချက်ရှိရှိနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ခဲ့တာပါ။ ဒီအကြမ်းဖက်ဝါဒစွဲတိုက်ခိုက်မှုကြောင့် အခုလို လူသားရပ်တည်မှုဆိုင်ရာအကြပ်အတည်းဆိုးကြီး ဆိုက်ခဲ့ရတာပါ။”

အကြမ်းဖက်ဝါဒစွဲတိုက်ခိုက်မှုကို နှိမ်နင်းရာမှာ ဘေးထွက်ဆိုးကျိုးတွေဖြစ်လေ့ရှိတယ်ဆိုပေမယ့်လည်း၊ အစိုးရအနေနဲ့ သက်သေအခိုင်အမာရှိရင် ထိထိရောက်ရောက်အရေးယူမယ်လို့လည်း ပြည်ထောင်စုဝန်ကြီးဦးကျော်တင်က အခိုင်အမာပြောခဲ့ပါတယ်။

“အရပ်သားတွေကိုအသုံးချနေတဲ့ အကြမ်းဖက်ဝါဒစွဲတိုက်ခိုက်မှုတွေကို တန်ပြန်နှိမ်နင်းတဲ့နေရာမှာ အကြမ်းဖက်တိုကိခိုက်မှုတွေ ဘေးထွက်ဆိုးကျိုးတွေ အရပ်သားထိခိုက်မှုတွေဖြစ်လေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း လူ့အခွင့်အရေးချိုးဖောက်မှုစွဲချက်တွေနဲ့ပတ်သက်လို့ ခိုင်မာတဲ့ သက်သေအထောက်တွေရှိရင်တော့ တာဝန်ရှိသူတွေကို ဥပဒေအရ အရေးယူပါမယ်။ အာဏာရသူတွေ အပြစ်ကင်းလွတ်ခွင့်ရနေတာမျိုးကို အစိုးရအနေနဲ့ ဘယ်တော့မှ လက်မခံပါဘူး။”

တချိန်တည်းမှာပဲ မြန်မာအစိုးရအနေနဲ့ ရခိုင်အရေး ရေရှည်ဖြေရှင်းနိုင်ဖို့နဲ့ ဒုက္ခသည်တွေ ပြန်လာရေးကိစ္စတွေမှာ နိုင်ငံတကာရဲ့ပူးပေါင်းဆောင်ရွက်မှုကို လက်ခံသွားမယ်လို့ ပြောသွားပါတယ်။ ဒုက္ခသည်တွေ ပြန်လာရေးနဲ့ ရခိုင်ပြည်နယ်အတွင်း လူမှုအဝန်းအဝိုင်းတွေ ပြန်လည်ထူထောင်ရေးကိစ္စ အစိုးရဆောင်ရွက်ချက်တွေမှာ UNDP နဲ့ UNHCR တို့ကို ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလိုက်ပြီလို့လည်း လူ့အခွင့်အရေးကောင်စီမိန့်ခွန်းထဲ ထည့်သွင်းကြေညာသွားပါတယ်။ ဒါပေမယ်လို့ ရခိုင်အရေး နိုင်ငံတကာရဲ့ချည်းကပ်မှုတွေမှာ အပြုသဘောမဆန်ရင် ဒါဟာ ဘေးထွက်ထိခိုက်မှုတွေရှိလာမယ်လို့လည်း သတိပေးခဲ့ပါတယ်။

“အခု ကျနော်တို့ အဓိကအလေးထားဆောင်ရွက်နေတာတွေကတော့ လူမှုဘဝရပ်တည်မှုဆိုင်ရာအကြပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့၊ ဒုက္ခသည်တွေ ပြန်လာဖို့ နေရာချထားပေးဖို့၊ ဒေသဖွံဖြိုးရေးဆောင်ရွက်ဖို့။ လူမှုအသိုက်အဝန်းတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ပြီး ပြန်လည်သင့်မြတ်ဖို့ ကိစ္စတွေဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့အချိန်အခါမှာတော့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အားပေးကူညီမှု အပြုသဘောချည်းကပ်မှုတွေ အရေးကြီးပါတယ်။ အပြုသဘောမဆန်တဲ့ ဆောင်ရွက်မှုတွေဟာ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ လူမှုအသိုက်အဝန်းတွေမှာ မညီမျှမှုတွေကို ပိုဖြစ်စေပြီး၊ ပြန်လည်သင့်မြတ်ရေးအတွက် ရေရှည်ထားဆောင်ရွက်ချက်တွေကို ထိခိုက်စေနိုင်ပါတယ်။”

အခု ကျင်းပနေတဲ့ ကုလသမ၈္ဂ နှစ်ပတ်လည်လူ့အခွင့်အရေးကောင်စီမှာ ရခိုင်အရေးနဲ့ရိုဟင်ဂျာဒုက္ခသည်ကိစ္စဟာ ထိပ်တန်းအကြောင်းအရာတခုဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ဥရောပသမဂ္ဂဖက်မှာ ရခိုင်အရေးမှာ တာဝန်ရှိတဲ့ စစ်ခေါင်းဆောင်တွေကို အရေးယူဒဏ်ခတ်မှုတွေလုပ်ဖို့ လှုံဆော်နေသလို၊ အခု လူ့အခွင့်အရေးကောင်စီမှာလည်း မြန်မာ့အရေးကို နိုင်ငံတကာက ပူးပေါင်းကိုင်တွယ်ဖို့ တွန်းအားပေးမှုတွေရှိနေပါတယ်။ ဗြိတိန်နဲ့ ကနေဒါနိုင်ငံကလည်း ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဒီကိစ္စတွေဟာ Ethnic Cleansing လူမျိုးနွယ်စုလိုက်ရှင်းလင်းဖယ်ရှားမှုဖြစ်တယ်လို့ ဒီနေ့အစည်းအဝေးမှာ သတ်မှတ်သုံးနှုံးခဲ့ကြပါတယ်။

“ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီး Boris Johnson ဟာ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ဆိုးဆိုးဝါးဝါး အခြေအနေကြီးကို မျက်မြင်ကြုံတွေ့လာခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ကြုံခဲ့ရတဲ့ အကြမ်းဖက်မှုနောက်ကွယ်မှာ လူမျိုးရေးတင်းမာမှုတွေကို အထင်အရှားတွေ့ရပါတယ်။ မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာမွတ်ဆလင်တွေ ခရစ်ယာန်တွေနဲ့ အခြားလူနည်းစုတွေ ကြုံတွေ့နေရတဲ့ ဒီဖိနှိပ်ခံရမှုတွေအပေါ်မှာ အတော်လေး စိုးရိမ်နေဆဲပါ။ ဗြိတိန်ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ ရိုဟင်ဂျာလူမှုအသိုက်အဝန်းအပေါ် အခုလို ရက်ရက်စက်စက်ပြုမှုတာတွေဟာ လုူမျိုးနွယ်စုအလိုက်ရှင်းလင်းဖယ်ရှားတဲ့လုပ်ရပ်ပါ။ မြန်မာနိုင်ငံတွင်း တရားစီရင်ရေးဟာ ပွင့်လင်းမှုမရှိပဲ ယုံကြည်ရမှုနည်းပါးတာကြောင့် ဒီလုပ်ရပ်အပေါ် တာဝန်ရှိသူတွေကို ဘယ်လို အရေးယူနိုင်မလဲဆိုတာကိုဗြိတိန်နိုင်ငံအနေနဲ့ နိုင်ငံတကာမိတ်ဖက်တွေနဲ့အတူ နည်းလမ်းရှာဖွေသွားမှာပါ။”

ဗြိတိန်နိုင်ငံမှာတော့ ရခိုင်အရေးတာဝန်ရှိ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာခုံရုံးတင်အရေးယူဖို့ ဗြိတိန်အမတ် တရာကျော်က ဗြိတိန်အစိုးရကို တိုက်တွန်းထားတာရှိပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကတော့ ရခိုင်မှာဖြစ်ခဲ့တာတွေဟာ Ethnic Cleansing ဆိုတဲ့ အသုံးအနှုံးကိုရော Genocide မျိုးဖြတ်သတ်ဖြတ်မှုဆိုတဲ့ အသုံးအနှုံးကိုပါ လက်မခံပါဘူး။ လက်ရှိ အစိုးရသစ်ခေါင်းဆောင်တွေဟာ ဒီမိုကရေစီနဲ့ လွတ်မြောက်ရေးအတွက် နှစ်ပေါင်းများစွာရပ်တည်လှုပ်ရှားခဲ့သူတွေဖြစ်တာမို့၊ ဒီလို ရာဇဝတ်မှုမျိုးတွေကို လက်ခံမှာမဟုတ်ပဲ ဒီလိုဖြစ်ရပ်မျိုးမဖြစ်အောင်လည်း ကာကွယ်သွားမယ့်သူတွေဖြစ်တယ်လို့ ခုခံပြောဆိုသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG