သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အရေး ဂျပန်ဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး


ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့ ဒီနေ့တွေ့ဆုံခဲ့ကြပြီး၊ မြန်မာ့အရေးနဲ့ ဆွေးနွေးရာမှာ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ အရေးကြီးတဲ့အကြောင်း အလေးထား ပြောဆိုသွားကြပါတယ်။ ဂျပန်နိုင်ငံက စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့ မျှော်လင့်နေတဲ့ မြန်မာနိုင်ငံမှာ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးရေးအပေါ် စိုးရိမ်ချက်တွေ ရှိနေတဲ့ အခြေအနေကိုတော့ ကိုအောင်လွင်ဦးက ပြောပြပေးမှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ မဲခေါင်မြစ်ဝှမ်းနိုင်ငံတွေရဲ့ အစည်းအဝေးပွဲ အဆုံးသတ်ခဲ့ပြီးနောက် ၂ နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့လည်း ထည့်သွင်း ဆွေးနွေးခဲ့ကြတာပါ။ တွေ့ဆုံမှုအပြီး ပူးတွဲသတင်းစာ ရှင်းလင်းပွဲ အတွင်းမှာလည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ရခိုင်ပြည်နယ်အရေး၊ စီးပွားရေး၊ တည်ငြိမ်ရေး အပါအဝင် လတ်တလော ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရက ဖြေရှင်းဖို့ကြိုးပမ်းနေတဲ့အပေါ် အသိအမှတ်ပြု ပြောကြားသွားပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စုံစမ်းစစ်ဆေးဖို့လည်း အရေးကြီးတဲ့အကြောင်း ပြောကြားခဲ့တာပါ။

“လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ လက်ခံယုံကြည်နိုင်လောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့တွေ၊ ပြန်လည်နေရာချထားရေး ကိစ္စတွေရဲ့ အရေးကြီးမှုတွေကို ပြောဖြစ်ပါတယ်။”

ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးအကူအညီတွေ ပေးအပ်ရာမှာ အဓိကနိုင်ငံတနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ တိုက်တွန်းချက်အပေါ် ဒေါ်အောင်ဆန်းစုကြည် ကလည်း အသိအမှတ်ပြု လက်ခံကြောင်း တိုကျိုမြို့တော်က ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

" ဂျပန်နိုင်ငံဟာ ရခိုင်ပြည်နယ်မှာ အေးဆေးစေချင်တယ်။ တည်ငြိမ်စေချင်တယ်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စေချင်တယ် ဆိုတာကို ယုံကြည်ပါတယ်။"

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက လုံခြုံရေး ကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာက ရိုဟင်ဂျာတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားပြီး တာဝန်ရှိသူတွေကို စုံစမ်းဖော်ထုတ် အရေးယူဖို့လည်း တိုက်တွန်းနေကြတာပါ။

မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားသလို၊ နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ ကျုးလွန်သူတချို့ကိုလည်း ဖော်ထုတ်အရေးယူမှုတွေ ရှိခဲ့ကြောင်း တုံ့ပြန်ပြောဆိုထားကြပြီး၊ ကုလသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်ကြီး ဟောင်း Kenzo Oshima အပါအဝင် စုံစမ်းရေး ကော်မရှင်တခုကိုလည်း အစိုးရက မကြာသေးခင်ကပဲ ထပ်မံဖွဲ့စည်းထားပါတယ်။ ကော်မရှင်သစ်အနေနဲ့ တာဝန်တွေကို အပြည့်အ၀ ဆောင်ရွက်နိုင်ဖို့ အရေးကြီးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် ကသတင်းစာရှင်းလင်းပွဲမှာပဲ ပြောကြာခဲ့တာပါ။

"ဂျပန်ဝန်ကြီးချုပ် Shinzo Abe ပြောသွားတဲ့ အတိုင်းပဲ ကျမတို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က မှန်မှန်ကန်ကန်နဲ့ တိတိကျကျနဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့အရေးကြီးတယ်ဆိုတာကို လက်ခံထားပါတယ်။"

မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ခေါ်ခဲ့ပြီး နောက်တနေ့မှာပဲ ၂ နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတာပါ။ ဂျပန်နိုင်ငံအပါအဝင် ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေကို မြန်မာနိုင်ငံက ဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းနေပေမဲ့လည်း ရခိုင်ပြည်နယ်အရေးလို ပြည်တွင်းရေး အခြေအနေတွေကြောင့် ဖွံဖြိုးရေး အလားအလာတွေအပေါ် ရိုက်ခတ်မှုတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေးခန့်မှန်းချက် အစီရင်ခံစာသစ်မှာ ဆိုရင်လည်း မိုးရာသီရေကြီးမှု၊ ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်မှု၊ ပြည်ပက တိုက်ရိုက်ရင်းနှီးမြှုပ်နှံဖို့ ကတိကဝတ်တွေ နှေးကွေးမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းဟာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ၆.၂ ရာခိုင်နှုန်းကို ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားတာပါ။ အထူးသဖြင့် ကမ္ဘာတဝန်းစီးပွားရေး အခြေအနေတွေ မရေမရာဖြစ်နေချိန်မှာ၊ ရခိုင်ပြည်နယ်က မတည်မငြိမ် အခြေအနေတွေကြောင့် အနုတ်လက္ခဏာပြနိုင်တဲ့ အလားအလာတွေ ရှိနေဆဲဖြစ်ကြောင်းလည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG