သုံးရလွယ်ကူစေသည့် Link များ

"မြန်မာနိုင်ငံတွင်း ဒုက္ခသည် ၃ သန်းကျော် အကူအညီရံပုံငွေလိုအပ်" ကုလသမဂ္ဂ


ရှမ်းပြည်မြောက်ပိုင်း မိုင်းယန်းမြို့မှာ စစ်ဘေးရှောင်ပြည်သူတွေ ကုတင်ကားတွေအောက်မှာ ခိုလှုံအနားယူနေကြစဥ်။ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)
ရှမ်းပြည်မြောက်ပိုင်း မိုင်းယန်းမြို့မှာ စစ်ဘေးရှောင်ပြည်သူတွေ ကုတင်ကားတွေအောက်မှာ ခိုလှုံအနားယူနေကြစဥ်။ (နိုဝင်ဘာ ၁၅၊ ၂၀၂၃)

လက်နက်ကိုင်ပဋိပက္ခနဲ့ သဘာဝဘေးဒဏ်တွေကြောင့် မြန်မာနိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာသူဦးရေ ၃ သန်းကျော်ရှိတယ်လို့ ကုလက ခန့်မှန်းထားပါတယ်။ အကူအညီလိုအပ်နေသူတွေဆီ လူသားစာနာမှု အထောက်အပံ့ရောက်ရှိဖို့ကလည်းနှောင့်နှေးနေတယ်လို့ ပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက် လူသားစာနာမှု အကူအညီမရရှိဘဲ ကာလရှည်ကြာကိုယ်ထူကိုယ်ထ ရုန်းကန်နေကြတဲ့ စစ်ရှောင်တွေရဲ့ အခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာသူဦးရေ ခန့်မှန်းခြေ ၃ သန်းကျော်ရှိနေပြီး အဲဒီထဲက ၁ သန်းဝန်းကျင် ဟာ ရေဘေးသင့်ခဲ့သူတွေဖြစ်တယ်လို့ ကုလရဲ့ အောက်တိုဘာလထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ လူသားစာနာမှုအကူအညီလိုအပ်နေသူတွေရဲ့ လေးပုံတပုံဝန်းကျင်အတွက်သာ ရန်ပုံငွေရထားတယ်လို့ လည်း ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ကျယ်ပြန့်လာတဲ့တိုက်ပွဲတွေကြားမှာ နေအိမ်မီးထဲပါသွားလို့ ပြန်မလာနိုင်သူ တွေနဲ့ကိုယ်ထူကိုယ်ထ ရုန်းကန်နေရချိန် အိမ်ပြန်မဆောက်နိုင်သူတွေလည်း ရှိနေပါတယ်။ ရှမ်းပြည် တောင်ပိုင်းက ဒေသခံတဦးကတော့ အိမ်မီးရှို့ခဲ့ရလို့ အချိန်တော်တော်ကြာ စစ်ရှောင်ခဲ့ရပြီး အခုချိန်မှာ နေရပ်ပြန် ကိုယ်ထူကိုယ်ထ ရုန်းကန်နေပြီလို့ ပြောပါတယ်။

"အိမ်က ကိုယ့်ဟာကိုယ် ဆောက်ရတယ်။ မဆောက်နိုင်တဲ့သူတွေ၊ အိမ်မီးလောင်တဲ့သူ တော်တော် များများက ပြန်မလာနိုင်ကြသေးဘူးလေ။ ပြောရရင်တော့ကွယ် အိမ်က ယာယီအဖြစ်ပဲ ဆောက်နိုင်တာ ပေါ့နော်။ မိုးလုံလေလုံရုံ ကာပြီးတော့နေလိုက်တာ။ နောက်ထပ် အိမ်တလုံးဆောက်ဖို့ဆိုတာ အခုချိန်ထိ တော့ ၃ နှစ်ကျော်ပြီ။ အသက်တွေလည်းကြီးတော့ ဘာအလုပ်မှမရှိဘူး။ အဲဒီမှာ ရှိတာလေးနဲ့ပဲ ချွေတာ ပြီးတော့ ရပ်တည်နေရတာ။ ကိုယ်တွေကတော့ သူများတွေထက်စာရင်တော့ နေရထိုင်ရတာ နည်းနည်း သက်သာသေးတယ်။ သူများတွေက အခုချိန်ထိ မပြန်နိုင်သေးတဲ့မိသားစုတွေ အများကြီးရှိသေးတယ်။ ကိုယ့်အိမ်ကိုပြန်ရတာတော့ သစ်ပင်အရိပ်အောက်မှာတဲထိုးနေလည်း သူများနေရာမှာသွားနေတာ ထက်စာရင် စိတ်ပိုင်းဆိုင်ရာဖိစီးမှု နည်းနည်းတော့လျော့တာပေါ့။"

ပြန်လည်ထူထောင်ရေးအတွက် စစ်ကောင်စီရဲ့ အကူအညီတွေရရှိမယ်လို့ သတင်းထွက်ခဲ့ပေမယ့် အခုချိန်ထိ နေရပ်ပြန်မလာနိုင်သေးသူတွေ တော်တော်များများ ရှိနေပါတယ်။ ငွေကြေးတတ်နိုင်သူ တချို့ကလည်း စိုးရိမ်စိတ်ကြောင့် နေရပ်ပြန်ပြီး လုပ်ငန်းလည်ပတ်ဖို့ကို မစသေးဘဲရှိနေတယ်လို့ ပြောပါတယ်။

"အရင်တုန်းက ငွေကြေးချမ်းသာတဲ့ သူတွေတောင်မှ မပြန်လာကြသေးဘူး။ လုပ်ငန်းတွေလည်း သူတို့မလုပ်ကြသေးဘူး။ သူတို့ရဲ့ ဆုံးရှုံးမှုက သိန်းပေါင်းသောင်းနဲ့ချီပြီးတော့ ဆုံးရှုံးခဲ့တာလေ။ နောက်ထပ် အဲဒီလိုမျိုး ရင်းနှီးမြှုပ်နှံဖို့အတွက် သူတို့ကလည်း လောလောဆယ်တော့ မလုပ်ရဲသေးတဲ့ အနေအထားမို့ ဘာမှကို မလုပ်ကြသေးတာ။"

စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေး အဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေတဲ့ တနင်္သာရီတိုင်းမှာ လည်းလက်နက်ကိုင်ပဋိပက္ခကြောင့် တောတောင်ထဲ နှစ်နဲ့ချီ စစ်ရှောင်နေကြသူတွေ ရှိပါတယ်။ စားသောက်နေထိုင်ရေးအတွက် နွားကျောင်းတာနဲ့ တောင်ယာလုပ်ကိုင်နေကြတာပါ။ သူတို့ရဲ့ ရွာတွေထဲ ပြန်ဝင်နိုင်ဖို့က စစ်ကောင်စီရဲ့စစ်ကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်ကိုကြောက်လန့်လို့ အခုချိန်ထိ စစ်ရှောင်အဖြစ်နဲ့သာ နေထိုင်နေတယ်လို့ ပြောပါတယ်။

"ကျနော်တို့ဘက်မှာတော့ ဗုံးတွေဘာတွေ ဘာသံမှမကြားရဘူး။ လက်နက်ကြီးနဲ့တော့ တခါတလေ ပစ်သေးတယ်။ ကျနော်တို့နေတာကလည်း ဝေးတယ်လေ။ တိုက်ပွဲတွေဘာတွေ ဖြစ်လာရင်တော့ လေယာဉ်ပဲကြောက်နေရတယ်။ အင်တာနက်လိုင်းကတော့ တခါတလေမကောင်းဘူး။ တခါတလေ လည်း ကောင်းတယ်။ ဖုန်းလိုင်းတွေဘာတွေတော့ ရတော့ရတယ်၊ MPT ကတော့ ရတာပဲ။"

တိုက်ပွဲအခြေအနေကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲအပြင် ကုန်စည်သယ်ယူခွင့်ကိုပါ ကန့်သတ်ထားလို့ အဘက်ဘက်မှာ အခက်အခဲတွေရှိနေတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံအတွက် လူသားစာနာမှုဆိုင်ရာ လိုအပ်ချက်ရဲ့ ၃၂ ရာခိုင်နှုန်းအတွက်သာ အခုနှစ်ထဲမှာ ရန်ပုံငွေရရှိထားတယ်လို့ OCHA မြန်မာက ထုတ်ပြန်ထားပါတယ်။ နိုင်ငံတွင်းမှာတော့ ကျယ်ပြန့်လာတဲ့ ပဋိပက္ခတွေကြောင့် အကူအညီလိုအပ်သူ အရေအတွက်က များသထက်များလာနေပြီးကိုယ်ထူကိုယ်ထ ရုန်းကန်နေကြတဲ့ စစ်ရှောင်တွေလည်း ဆက်ရှိနေပါတယ်။

Forum

XS
SM
MD
LG