သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာလ မလေးရှားရောက် မြန်မာနိုင်ငံသား ၁၅၀ ကျော် ပြန်ခေါ်မည်


မလေးရှားနိုင်ငံ Kuala Lumpur မြို့က Twin Towers။ (မတ် ၁၈၊ ၂၀၂၀)
မလေးရှားနိုင်ငံ Kuala Lumpur မြို့က Twin Towers။ (မတ် ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

မလေးရှားနိုင်ငံမှာ COVID-19 အရေးပေါ်ကာလမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၅၀ နီးပါးကို ဇွန်လ ၁၇ရက်နေ့မှာ ကယ်ဆယ်ရေးလေယာဉ်နဲ့ အခမဲ့ပြန်ပို့မယ့်သတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ဆက်ပေးပါမယ်။

မလေးရှားနိုင်ငံအတွင်းမှာ သွားလာ လှုပ်ရှားမှု ကန့်သတ်ထိန်းချုပ်ရေးအမိန့် (MCO) ထုတ်ပြန်ထားတဲ့ အချိန်အတွင်း ပိတ်မိနေတဲ့ မြန်မာနို်င်ငံသားတွေထဲက အလည်ဗီဇာနဲ့ လာသူတွေ၊ အလုပ်ဗီဇာသက်တမ်း ကုန်ဆုံးနေသူတွေ ကျန်းမာရေးမကောင်းလို့ နေရပ်ပြန်ဖို့ တရားဝင်လဝကမှာ စာရင်ပေးသွင်းထားသူတွေကို ရွေးချယ်ပြီး နေရပ်ပြန်ပို့ပေးမှာပါ။ ဒီအစီစဉ်ဟာ မလေးရှားအစိုးရနဲ့ ကွာလာလမ်ပူမြို့က မြန်မာသံရုံးတို့ ပူးပေါင်းဆောင်ရွက်ချက်ဖြစ်ပြီး ဒါဟာ COVID-19 အရေးပေါ်ကာလအတွင်းမှာ မြန်မာနိုင်ငံသားတွေကို ပြန်ပို့တဲ့ တတိယမြောက်က ကယ်ဆယ်ရေးလေယာဉ်လည်း ဖြစ်ကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံးက အလုပ်သမား သံအရာရှိ ဦးအောင်ဇော်မင်းကပြောပြပါတယ်။

"တတိယလေယာဉ်ကတော့ အလုပ်သမားတွေနဲ့ အလည်ဗီဇာတွေနဲ့ ပိတ်မိနေတဲ့သူတွေပါပါတယ်။ ၁၄၅ ယောက်ပါ ပေးစရာမလိုပါဘူး အလကားပါ။ တခေါက်က မာလင်ဒိုအဲယားလိုင်းနဲ့ မလေးရှားဘက်ကနေ စီစဉ်ပါတယ်။ မလေးရှားဘက်ကလည်း မြန်မာဘက်ကို ဗော်လန်တီယာအဖွဲ့သွားဖို့ရှိတယ်။ အဲဒီအတွက် မြန်မာသံရုံးနဲ့ ညှိနှိုင်းပြီး စီစဉ်တာပါ။"

ဒါအပြင် COVID-19 အရေးပေါ်ကာလမှာ တရားမဝင်ခိုးဝင်မှုတွေနဲ့ ဖမ်းဆီးခံထားရသူတွေလည်း ရှိပါတယ်။ ဖမ်းမိထားတဲ့ မြန်မာနိုင်ငံသားတွေကတော့ မလေးရှားနိုင်ငံရဲ့ ထိန်းသိမ်းရေးစခန်း ၁၂ ခု မှာရှိနေကြတာပါ။ သူတို့ထဲက လူ ၃,၀၀၀ ထက်မနည်းကိုလည်း မလေးရှားအစိုးရက ကုန်ကျစရိတ်လိုတဲ့ အစီအစဉ်ပြန်ပို့ပေးမှာဖြစ်တယ်လို့ မလေးရှားနိုင်ငံလူမူရေးအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းကလည်းပြောပြပါတယ်။

"ကျနော်ကြားတဲ့သတင်းကတော့ မလေးရှားအစိုးရက သူတို့ ကိစ္စနဲ့ သူတို့ မြန်မာပြည်ကိုသွားဖို့ရှိတယ်။ ဒီကနေ ခါလီသွားမယ်ပြီးတော့ ဟိုကပြန်ခေါ်လာမယ်။ အဲဒီတော့ FOC (Free of charge) နဲ့ပေါ့။ ဒီကလည်း ရောဂါ မကူးစက်အောင် camp စခန်းတွေကို ရှင်းပစ်လိုက်တဲ့ သဘောပေါ့။"

ထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်လို့ မြန်မာသံရုံးဘက်ကလည်း ထိန်းသိမ်းရေးစခန်းတွေကို သွားပြီး မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်မှုတွေ လုပ်ပြီး နေရပ်ပြန်နိုင်ရေး အစီအစဉ်တွေ စတင်လုပ်ဆောင်နေပြီလို့လည်း မြန်မာအလုပ်သမား သံအရာရှိ ဦးအောင်ဇော်မင်းကပြောပြပါတယ်။

"Camp ထဲမှာ ရှိနေတဲ့ လူ ၃,၀၀၀ ကျော်ကိုတော့ မြန်မာနိုင်ငံ ပြန်ပို့ဖို့ စီစဉ်နေတယ်မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် သံရုံးက သွားရောက်စိစစ်နေပါတယ်။ ၃,၀၀၀ လောက်ကကျနော်အထင် ပြန်ပို့မှာ နောက်လလောက်တော့ ဖြစ်နိုင်တယ်။ ဒါကတော့ ရက်အတိအကျ ပြောမရသေးဘူး။ မလေးရှားအစိုးရက စီစဉ်ဆောင်ရွက်တာဆိုတော့လည်း ကျနော်တို့ သေချာပြောလို့ မရသေးဘူး။ လောလောဆယ် စီအိုင် (CI) မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားစာအုပ် လုပ်ပေးဖို့တော့ မြန်မာသံရုံးက စခန်းထဲကို သွားပြီး စိစစ်မှုတွေလုပ်နေပါတယ်။"

COVID-19 အရေးပေါ်ကာလမှာ ထိန်းသိမ်းရေးစခန်းထဲက မြန်မာနိုင်ငံသား ၄၀၀ နီးပါးကိုလည်း မလေးရှားအစိုးရက မလေးရှားလေယာဉ်လိုင်းနဲ့ပဲ အခမဲ့ပြန်ပို့ပေးခဲ့ပါတယ်။ ဒီထဲမှာ နေရပ်ပြန်ထဲက အနည်းငယ်ကတော့ မြန်မာနိုင်ငံကို ပြန်ရောက်ချိန်ကျမှ COVID-19 ကပ်ရောဂါပိုးတွေ့ရှိသူတွေလည်း ပါဝင်နေတာပါ။ မလေးရှားအစိုးရကတော့ ဒီကာလမှာ ထိန်းသိမ်းရေးစခန်းတွေထဲက လူတွေကိုလည်း လူစုလူဝေး မဖြစ်အောင် ရှင်းလင်းပြီး နေရပ်ပြန်ပို့နေသလို တရားမဝင်နိုင်ငံခြားသားတွေကို ကျန်မားရေးစစ်ဆေးမှုတွေ ခက်တာကြောင့် အလုပ်ရှင်တွေက တရားမဝင် အလုပ်ခန့်တာမျိုး မဖြစ်အောင်လည်း ဖမ်းဆီးအရေးယူတာတွေ လုပ်နေတာပါ။ ဒီအတွက် မလေးရှားရောက် မြန်မာနိုင်ငံသား သိန်းဂဏန်းလောက်လည်း နေထိုင်ရပ်တည်ရေးခက်ခဲလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG