သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး မြန်မာအပေါ် အမေရိကန် ဆက်လက်ဖိအားပေးမည်


အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton
အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton

အမေရိကန်ပြည်ထောင်စုအနေနဲ့ ရိုဟင်ဂျာ အရေးကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို အမေရိကန်က တိုက်ရိုက် ဖိအားပေး ပြောဆိုမှုတွေ ရှိနေသလို၊ အာဆီယံအဖွဲ့ကတဆင့်လည်း ဖိအားပေး လုပ်ဆောင်မှုတွေ ရှိနေကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး John Bolton က ဗွီအိုအေက Greta Van Susteran နဲ့ သီးသန့် ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ပြောကြား လိုက်ပါတယ်။ လူ့အခွင့်အရေး၊ စာနာမှုဆိုင်ရာ အကူအညီပေးရေး စတဲ့ ကြုံတွေ့နေရတဲ့ ပဋိပက္ခများစွာကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အမေရိကန်ရဲ့အကျိုးစီးပွားကို ဦးစားပေး လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း နိုင်ငံတကာရေးရာတွေမှာ သမ္မတ Donald Trump အစိုးရရဲ့ ရပ်တည်ချက်ကို ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဗင်နီဇွဲလားအပေါ် အမေရိကန်က ချမှတ်ထားတဲ့ ပတ်ဆို့အရေးယူမှု၊ ဗင်နီဇွဲလားအရေးမှာ တရုတ်နဲ့ ရုရှားတို့ရဲ့ ဝင်ရောက် စွက်ဖက်မှု၊ ဟောင်ကောင်က ဆန္ဒပြပွဲတွေအကြောင်း၊ မြောက်ကိုရီးယား နျူကလီးယားအရေး စတာတွေအပါအဝင် မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အရေးကိစ္စတွေနဲ့ ပတ်သက်လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး John Bolton ကို ဗွီအိုအေက Greta Van Susteran က တွေ့ဆုံ မေးမြန်းခဲ့တာပါ။

ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတယ်ဆိုတဲ့ကိစ္စ၊ အဲဒီလို ရက်စက်တဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်ကြောင့် မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးုယူမှုတွေ တိုးမြင့် လုပ်ဆောင်သွားသင့်သလားလို့ Greta Van Susteran က မေးတာမှာ John Bolton က အခုလို စဖြေပါတယ်။

“ကျနော်တို့အနေနဲ့ မြန်မာအစိုးရကို တိုက်ရိုက် ဖိအားပေး ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက စင်္ကာပူမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲအတွင်း ဒုသမ္မတ Mike Pence ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ကျနော်တို့ အမေရိကန်အစိုးရရဲ့ မူဝါဒတွေနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပါတယ်။ မြန်မာနိုင်ငံ စစ်အာဏာရှင် လက်အောက်ကနေ ရုန်းထွက်လာပြီးတော့မှ ဒီ (ရိုဟင်ဂျာ) ပြဿနာနဲ့ ရင်ဆိုင်နေရတာ အင်မတန် စိတ်မကောင်းစရာ ဖြစ်ရပ်ပါ။ အခုချိန်ထိတော့ မှန်ကန်တဲ့ ရလဒ်ထွက်မလာသေးပါဘူး။”

စင်္ကာပူနိုင်ငံမှာ အခုနှစ် ဇွန်လ ၂၀ ကနေ ၂၃ ရက်နေ့အထိ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲ ပြင်ပမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်ဒုသမ္မတ Mike Pence တို့ သီးခြား တွေ့ဆုံခဲ့ကြတာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုတွေအတွင်း ဥပဒေမဲ့ သတ်ဖြတ်မှုတွေအပါအဝင် မြန်မာနိုင်ငံအတွင်းက ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိတယ်လို့ စွပ်စွဲခံထားရတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ် သန်းဦးနဲ့ ဗိုလ်ချုပ်အောင်အောင်တို့ ၄ ဦးနဲ့ သက်ဆိုင်ရာ မိသားစုဝင်တွေကို အမေရိကန်နိုင်ငံခြားရေးဌာနက ဇူလိုင်လ ၁၆ ရက်နေ့က ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

အမေရိကန်အမျိုးသားလုံခြုံရေးကို တိုက်ရိုက် ထိခိုက်စေတဲ့ကိစ္စရပ်မဟုတ်ပေမယ့် လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေနဲ့ ပဋိပက္ခဖြစ်နေတဲ့ဒေသတွေကို အမေရိကန်အနေနဲ့ ဘယ်လို အကူအညီပေးမလဲ၊ ဘယ်အဆင့်မှာ ကူညီသင့်တယ်လို့ ဆုံးဖြတ်သလဲလို့ မေးတာမှာတော့

“အင်မတန် စိတ်မချမ်းမြေ့ဖွယ်ရာ စာနာမှုဆိုင်ရာအခက်အခဲ အကြပ်အတည်းတွေနဲ့ ကြုံတွေ့နေရစေဦးတော့ အခြေခံအားဖြင့်တော့ အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားကိုဘဲ ကျနော်တို့က ဦးစားပေး လုပ်ဆောင်ရမှာပါ။ နေရာတကာမှာ လိုက်ပါနေဖို့ ကျနော်တို့မှာ လုံလောက်တဲ့ အရင်းအမြစ်မရှိပါဘူး။ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတခုဖြစ်တာကြောင့် အာဆီယံကို ကျနော်တို့ ဖိအားပေးနေပါတယ်။ ဒီလိုကိစ္စမျိုးမှာ ဒေသတွင်းက အဖွဲ့အစည်းတခုကတဆင့် ထဲထဲဝင်ဝင် ဖိအားပေး လုပ်ဆောင်တာမျိုး ဖြစ်သင့်ပါတယ်။”

ဒါကြောင့်လည်း ဗင်နီဇွဲလားပဋိပက္ခကြောင့် ဒုက္ခသည်တွေကို လက်ခံထားရတဲ့ အိမ်နီးချင်း ဘရာဇီး၊ ကိုလံဘီယာနဲ့ ပီရူးလိုနိုင်ငံတွေအနေနဲ့ ဒီပြဿနာပြေလည်ရေးဟာ သမ္မတ Nicolas Maduro ကို ဖြုတ်ချမှဖြစ်နိုင်မယ်ဆိုတာ သဘောပေါက်လာအောင် အမေရိကန်က အဲဒီနိုင်ငံတွေကို ဖိအားပေး လုပ်ဆောင်နေတာလို့ John Bolton က ပြောပါတယ်။ နိုင်ငံတခုမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ ပြေလည်ရေး အတွက် ဒေသတွင်းက အဖွဲ့အစည်းတွေ၊ အိမ်နီးချင်းနိုင်ငံတွေကို ဖိအားလုပ်ဆောင်ခြင်းက ပိုပြီး ထိရောက်မယ်လို့ ယူဆကြောင်း သူက ပြောပါတယ်။

အမေရိကန်လွှတ်တော်အမတ်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကတော့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ လုပ်တွေဟာ Genocide - လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ဖို့ တိုက်တွန်း ပြောဆိုတာတွေ ရှိနေပါတယ်။ ဒါပေမယ့် လက်ရှိ အမေရိကန်အစိုးရကတော့ ဒါဟာ Ethnic Cleansing - လူမျိုးစုအလိုက် ရှင်းလင်းသုတ်သင်မှုအဖြစ်သာ သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြသူတွေကို ရိုဟင်ဂျာလို့ ခေါ်ဆိုတာကို မြန်မာအစိုးရက လက်မခံပေမယ့် ဒီလူတွေ နေရပ်ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ MOU နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးထားပြီး အပြန်အလှန် ညှိနှိုင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်နေသလို ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်တာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်
ရိုဟင်ဂျာအရေး အမေရိကန်မူ John Bolton မှတ်ချက်
please wait

No media source currently available

0:00 0:03:38 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG