သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခိုလှုံလာတဲ့မြန်မာစစ်သားတွေ အမြန်ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ် လိုလား


BANGLADESH-MYANMAR-CONFLICT
BANGLADESH-MYANMAR-CONFLICT

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံလာတဲ့ မြန်မာ နယ်ခြားစောင့်တပ်သားတွေ အန္တရာယ်ကင်းကင်းနဲ့ အမြန်နေရပ်ပြန်နိုင်ရေးကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။

သူတို့တွေကို အန္တရာယ်ကင်းကင်းနဲ့ အမြန်ပြန်ပို့နိုင်ရေးအတွက် အခုအချိန်မှာ ဦးစားပေးလုပ်ဆောင်နေပေမယ့် သူတို့ကိုလေကြောင်းက ပြန်ပို့မလား၊ ရေကြောင်းကနေပြန်ပို့ရမလားဆိုတာကိုတော့ မသိသေးကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အပတ်စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရ Seheli Sabrin က ပြောပါတယ်။ သူတို့ကို လေကြောင်းကနေ ပြန်ပို့တာဟာ အမြန်ဆုံးဖြစ်တာကြောင့် ဒီလိုပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က စဉ်းစားနေတာဖြစ်ပြီး သူတို့အားလုံးကို အတတ်နိုင်ဆုံး အချိန်မဆိုင်းဘဲ ပြန်ပို့ချင်ကြောင်းလည်း ပြောပါတယ်။

မြန်မာ့နိုင်ငံရေးအခြေနေကြောင့် သူတို့ကို ဘင်္ဂလားဒေ့ရှ်မှာလက်ခံထားဖို့ ရှိမရှိ မေးမြန်းချက်ကိုတော့ ဒါဟာ မေးစရာမလိုကြောင်းနဲ့ အိန္ဒိယဘက်ကို မြန်မာစစ်သားတွေ ထွက်ပြေးချိန်ကလည်း အိန္ဒိယကလက်မခံဘဲ ပြန်ပို့ခဲ့ကြောင်း ပြောပါတယ်။ မြန်မာဘက်ကလည်း သူတို့ကို ပြန်ခေါ်ချင်ကြောင်း ပြောတဲ့အတွက် သူတို့ကို ဘင်္ဂလားဒေ့ရှ်က အခုလက်ခံထားတာဟာ ယာယီပဲ ဖြစ်ကြောင်း ပြောပါတယ်။

ထွက်ပြေးလာတဲ့ မြန်မာစစ်သားတွေက ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ကို သူတို့ရဲ့လက်နက်တွေပါအပ်တာကြောင့် ဒက္ကာက မြန်မာသံရုံးနဲ့ မြန်မာနိုင်ငံခြားရေးရုံးကို ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။ အခု ဖြစ်ရပ်ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်ပြီး မြန်မာနိုင်ငံ တည်ငြိမ်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ကလိုလားကြောင်းလည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG