သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိပ်ကမ်းတွေ ဖွံ့ဖြိုးရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု


သီလဝါဆိပ်ကမ်း
သီလဝါဆိပ်ကမ်း

မြန်မာ့ ဆိပ်ကမ်းတွေမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ ဝင်ရောက်လာပြီး ဒေသတွင်းမှာ ပြိုင်ဆိုင်နိုင်မှု ရှိလာအောင် ဆိပ်ကမ်းအာဏာပိုင် အဖွဲ့ရဲ့ လုပ်ပုံကိုင်ပုံ ပြောင်းလဲရမယ်လို့ ဆယ်စုနှစ် ၂ ခုကျော် လုပ်ငန်းအတွေ့အကြုံရှိသူ ကပ္ပတိန် ဟင်နရီ ခင်မောင်က ထောက်ပြ ပြောဆိုပါတယ်။ မြန်မာ့ ဆိပ်ကမ်းတွေ ဒေသတွင်းနဲ့ ယှဉ်နိုင်လာဖို့၊ ရင်းနှီးမြှုုပ်နှံသူတွေကို ဆွဲဆောင်နိုင်ဖို့ ဘာတွေ ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါသလဲ ဆိုတာကို ကပ္ပတိန် ဟင်နရီ ခင်မောင်နဲ့ ဆက်သွယ် မေးမြန်းပြီး မသိင်္ဂ ီထိုက်က စီးပွားရေး အစီအစဉ်မှာ တင်ပြထားပါတယ်။

မြန်မာ့ စီးပွားရေး သွက်လက်လာစေဖို့ ဆိပ်ကမ်းတွေ ဖွံ့ဖြိုးဖို့ အရေးကြီးတယ်လို့ ပြောဆိုလာတဲ့ ကပ္ပတိန် ဟင်နရီ ခင်မောင်က ဆိပ်ကမ်းတွေ ဖွံ့ဖြိုးရေး အတွက် အားမလို အားမရ ဖြစ်နေသူပါ။ ရန်ကုန်ဆိပ်ကမ်းဟာ ဒီထက် ပိုပြီး ကုန်ကျစာရိတ် သက်သာ၊ နောက် လုပ်ထုံးလုပ်နည်းတွေကလည်း စီးပွားရေး လုပ်ကိုင်သူတို့ အတွက် လွယ်လွယ်ကူကူ ဖြစ်သင့်တယ်လို့ သူက အဓိက ထောက်ပြတာပါ။ ဒီလို ဘာကြောင့် မဖြစ်ရသလဲ ဆိုတော့ ပြုပြင်ပြောင်းလဲရေးမှာ မဝံ့မရဲ ဖြစ်နေတာလို့ သူက ထောက်ပြပါတယ်။

“ ပထမဆုံး လုပ်ရမှာက ကျနော်တို့ ဒီ ရန်ကုန်ဆိပ်ကမ်း ဖြစ်နေတဲ့ ပြသနာဟာ ကျနော်တို့ ဒီ ဆိုရှယ်လစ်ဇင်ကနေ ဖြစ်လာတဲ့ အတွေးအခေါ်တွေကို အတော်ပြင်ပစ်ရမှာ ဖြစ်တယ်။ အတွေးအခေါ်တွေက ဘယ်လို ဖြစ်နေလဲ ဆိုရင် ဘယ်သူမှ Initiative ပေါ့ ကိုယ့်ဟာနဲ့ကိုယ် စပြီးတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ အထူးသဖြင့် ဆိပ်ကမ်းက အာဏာပိုင်က ရှိတဲ့ ပုဂ္ဂိုလ်တွေက ကိုယ့်ရဲ့ Initiative နဲ့ ကိုယ် လုပ်ဖို့မှာ အားနည်းမှုတွေ အများကြီး ရှိတယ်။ မလုပ်တတ်တာ မဟုတ်ဘူး။ လုပ်တတ်တယ်။ ဒါပေမယ့် လုပ်လိုက်လို့ တခုခု ဖြစ်သွားရင် အဆူခံရမှာ အပြောခံရမှာ စိုးတဲ့ စိုးရိမ်စိတ်က အမြဲတမ်း ရှိတဲ့ အတွက် တိုးတက်သင့်သလောက် မတိုးတက်ဘူး ဖြစ်နေတာပေါ့။”

မြန်မာ့ ဆိပ်ကမ်းတွေ အပေါ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တွန့်ဆုတ်နေရတာမှာ ဆိပ်ကမ်း စီမံခန့်ခွဲမှုက အဓိက အဟန့်အတား ဖြစ်နေတာလို့လည်း ဆယ်စုနှစ် ၂ ခုကြာ လုပ်ငန်း အတွေ့အကြုံရှိသူ ကပ္ပတိန် ဟင်နရီ ခင်မောင်က အခုလို ပြောပါတယ်။

“ အဓိကက ဘာဖြစ်တာလဲ ဆိုတော့ ကျနော်တို့က ဒီနေရာမှာ ပြောပြချင်တာက Investor (ရင်းနှီးမြှုပ်နှံသူ) တွေ ဘာလို့ တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေသလဲ ဆိုတာ နံပတ် ၁ - အဲဒါ အရမ်းအရေးကြီးတယ် ခင်ဗျ။ အရမ်း အရေးကြီးတာ ဘာလဲ ဆိုတော့ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်က ခေတ်အဆက်ဆက်က လုပ်ခဲ့တဲ့ Format တခုကို မပြောင်းဘူး။ အဲဒါ ဘာလဲ ဆိုတော့ ကျနော်တို့က သဘောၤကပ်မယ်ဆိုရင် ကွန်တိန်နာ သဘောၤဆိုရင်တော့ သူက လျှောက်ရတယ်ပေါ့ဗျာ။ ရန်ကုန်မှာ Private ဆိပ်ကမ်းတွေ ရှိတာပေါ့နော်။ အဲတော့ ပုဂ္ဂလိကပိုင် ဆိပ်ကမ်းတွေကို ကပ်ချင်တယ်ဆိုရင် ကွန်တိန်နာ သဘောၤတွေက သိပ်အများကြီး ပြသနာ မရှိဘူး။ ပထမ ကပ်ဖို့မှာတော့ နည်းနည်း ပြသနာရှိတယ်။ ပြသနာက ဘယ်လိုတုန်း ဆိုတော့ လျှောက်လွှာတင်ရတာ။ ဥပမာ သဘောၤတစင်း ယူလာမယ်ဆိုရင် သီလဝါမှာ MITT မှာ ကပ်ချင်တယ်။ ကပ်ချင်တယ်ဆိုရင် ကျနော် တင်ပြရတယ်။ ဆိပ်ကမ်း အာဏာပိုင်ကနေ ကောင်းပြီး အဲဒီသဘောၤကို ကပ်စေသတည်းလို့ ပြောလိုက်တယ်ဆိုရင်တော့ နောက်နောင် အဲဒီမှာတော့ ဘာအခက်အခဲမှ သိပ်မရှိဘူး။ နောက်နောင် အမြဲတမ်း ဝင်ထွက်သွားလာ ကပ်လို့ ရတယ်။ ”

“ ပြသနာက ဘာရှိလဲ ဆိုတော့ Bulk Carrier သဘောၤတွေ။ Bulk Carrier သဘောၤတွေရဲ့ ဘယ်မှာ ကပ်ချင်ပါတယ်ဆိုတာကို သဘောၤပိုင်ရှင် လည်းကောင်း သို့မဟုတ် အေးဂျင့်တွေက လည်းကောင်း ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ ဘယ်သူကဘဲ ဆုံးဖြတ်ပေးလဲ ဆိုတော့ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်ကဘဲ ဆုံးဖြတ်ပေးတာ။ အဲဒီ Concept ကြီး မပျောက်မချင်း ဘယ် Investor မှ မလာဘူး။ ”

အာဏာပိုင်တွေဘက်က ဆိပ်ကမ်းလုပ်ငန်းတွေမှာ သဘောၤကပ်တာက အစလိုက်ပြီး အသေးစိတ် စီမံခန့်ခွဲနေတာကြောင့် ဆိပ်ကမ်းတွေမှာ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းကြီးတွေ အနေနဲ့ ကိုယ့်ဆိပ်ကမ်းတွေ အလုပ်ဖြစ်ရေး ကိုယ်တိုင် ဈေးကွက် ထိုးဖောက်လို့ မရတဲ့ အခြေအနေ ဖြစ်နေတယ်။ ဒါက အဓိက အဟန့်အတားလို့လည်း ကပ္ပတိန် ဟင်နရီ ခင်မောင်က ပြောပါတယ်။

“ ဆိုလိုတာကဗျာ ရန်ကုန်မှာ လာပြီး ဆိပ်ကမ်းဆောက်မယ်ဗျာ။ ဆိပ်ကမ်းဆောက်ပြီးတော့ ဒေါ်လာတွေ သန်းနဲ့ချီပြီး အကုန်အကျခံမယ်ဗျာ။ ခံပြီးတော့ ဆောက်ပြီးတဲ့ အခါကျတော့ ကိုယ့်ရဲ့ Customer (ဖောက်သည်) ကို ကိုယ်သွားရှာလို့ မရဘူး။ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်က ချပေးတဲ့ သဘောၤကိုဘဲ ယူရတဲ့ အနေအထားရှိတယ်။ အဲဒီမှာ ပြသနာတွေ အများကြီး ရှိတယ်။ ဒါကြောင့် မြန်မာ့ ဆိပ်ကမ်းက တိုးတက်သင့်သလောက် မတိုးတက်ဘူးဆိုတာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ဘာဘဲ ဖြစ်သင့်လဲ ဆိုတော့ Regulatory Body ဘဲ ဖြစ်သင့်တယ်။ ဝင်ရောက် စွက်ဖက်နေတဲ့ အဖွဲ့ မဖြစ်သင့်ဘူး။ အဲဒါတွေ အားလုံးကလည်း ခုနက ပြောတဲ့ ဆိုရှယ်လစ် အတွေးအခေါ်ကနေ လာလိုက်တဲ့ဟာက ကနေ့ အချိန်ထိ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်က ပြင်နိုင်တဲ့ အနေအထားမှာ မရှိဘူး ခင်ဗျ။ ”

ဒေသတွင်းမှာ ဆိပ်ကမ်းဆိုင်ရာ အာဏာပိုင်တွေက လုပ်ငန်းရှင်တွေ လိုက်နာရမယ့် ရေကြောင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ၊ ဆိပ်ကမ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကိုဘဲ ကြီးကြပ် ဆောင်ရွက်နေတာလို့လည်း သူက ထောက်ပြပါတယ်။

“ သူက ရှင်းတယ်။ ဥပမာ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ဆိပ်ကမ်းကို လာဖွင့်တဲ့ လူက သူ့ Market (ဈေးကွက်) သူရှာတာဘဲ။ ဥပမာ ကျနော်ကHutchison Port Group ပေါ့။ ဗမာပြည်မှာ အခု ဝင်ထားတဲ့ Hutchison Port Group ဒါ MITT လို့ ခေါ်ပါတယ်ခင်ဗျ။ ကမ္ဘာမှာ အကြီးဆုံး ဆိပ်ကမ်းကို စလုပ်ထားတဲ့ လူပေါ့နော်။ ကမ္ဘာမှာ အကြီးဆုံး ဆိပ်ကမ်းတွေကို Operate လုပ်တဲ့ လူတယောက်ဟာ မြန်မာပြည် အပြင်မှာ အစောဆုံး လာတဲ့ ပုဂ္ဂိုလ်ထဲမှာပါတယ်။ အဲဒါ MITT ပေါ့။ အဲဒီတော့ သူဟာ မလေးရှား နိုင်ငံမှာ လုပ်ရတဲ့ Format နဲ့ ရန်ကုန်မှာ လုပ်ရတဲ့ Format က တခြားစီဘဲ။ အခု သူက မလေးရှား နိုင်ငံမှာဆိုရင် သူ့ Customer သူရှာတယ်။ သူ့ Customer သူရှာရင် ဒီသဘောၤ ဒီသဘောၤ ကပ်မယ် သူ့ Jetty မှာ ကပ်မယ်ဆိုတာကို သူ့ System ထဲမှာ ထည့်လိုက်တယ်။ ထည့်လိုက်ပြီ ဆိုတာနဲ့ ဘယ် ဆိပ်ကမ်းအာဏာပိုင်ကမှ ဝင်ရောက် စွက်ဖက်လို့ကို မရဘူး။ သူ့ဟာသူ လာမယ်၊ သူ့ဟာသူ ကပ်မယ်၊ သူ့ဟာသူ ချမယ်၊ သူ့ဟာသူ သွားမယ်။”

မြန်မာ့ ဆိပ်ကမ်းအာဏာပိုင် အဖွဲ့ဘက်ကတော့ ဒီလို မဟုတ်ပါဘူးတဲ့။ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် အဖွဲ့က ဘာတွေ လုပ်နေသလဲ ဆိုတာကိုလည်း ကပ္ပတိန် ဟင်နရီ ခင်မောင်က အခုလို ထောက်ပြပါတယ်။

“ ဒီမှာကျတော့ အဲလို မဟုတ်ဘူး။ အဲဒီ သဘောၤက MITT မှာ ကပ်မလား မကပ်ဘူးလား ဆိုတာကို မနက်တိုင်းလုပ်တဲ့ Berthing Meeting မှာ ဆုံးဖြတ်တာ သူက။ ကျနော်တို့က တင်ရတာ။ ဥပမာ ကျနော်က Customer သဘောၤသွင်းလာတဲ့သူကနေ ကျနော် MITT မှာ ကပ်လိုပါတယ်၊ တခါ MITT ကလည်းဘဲ သူလည်း ကပ်ခွင့်ရပါတယ်၊ သူက အဲလိုတင်တော့မှ ဆိပ်ကမ်းအာဏာပိုင်မှာ ရှိတဲ့ Berthing Meeting ကော်မတီကနေပြီးတော့မှ ဒီသဘောၤဟာဆိုရင် မနက်ဖြန် ကပ်စေသတည်း၊ တခါတလေကျရင် မကပ်ဘူး။ အများစုကတော့ Apply လုပ်တယ်။ သို့သော် အဲဒီ Format ကို ကျနော်က မရှိစေချင်တော့တာ။ ဘာဖြစ်လို့လဲ ဆိုတော့ နောက်ဆုံး မိနစ်ထိ ကပ်ခွင့်ပေးတာ မပေးတာရဲ့ Authority ကို ဘယ်သူက ကိုင်ထားလဲ ဆိုတော့ ဆိပ်ကမ်းအာဏာပိုင်က ကိုင်ထားတာ။ အဲဒါ ဘယ်နိုင်ငံမှာမှ မရှိတော့ဘူး။ ဒီနိုင်ငံ တနိုင်ငံမှာဘဲ ရှိတော့တယ်။ ဆိပ်ကမ်းအာဏာပိုင်ဆိုတာ သူက သူ့ Regulations တွေကို ထည့်ရတယ်။ ဝင်လာတဲ့ သဘောၤတွေ၊ အေးဂျင့်တွေ ပိုင်ရှင်တွေ အားလုံးက သူချမှတ်ထားတဲ့ ခုနက ပြောတဲ့ Navigational ဥပဒေတွေ ရှိမယ်၊ တခြား သတ်မှတ်ထားတဲ့ ဥပဒေတွေကို လိုက်နာရမှာက ကျနော်တို့ ၊အဲဒီ သဘောၤပိုင်ရှင်တွေ သို့မဟုတ် သဘောၤ အေးဂျင့်တွေ ၊ ချာတာတွေရဲ့ လုပ်ငန်းဖြစ်တယ်။ ဒီ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ဒီလို ဝင်စွက်ဖက်နေသမျှ ကာလပတ်လုံး ဘယ်တော့မှ Investor နောက်ထပ် လာမှာ မဟုတ်ဘူး ခင်ဗျ။ ”

မြန်မာ့ ဆိပ်ကမ်းတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ နောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ လက်တွန့်နေတဲ့ အခြေအနေနဲ့ လုပ်ရကိုင်ရ အဆင်ပြေ ချောမွေ့မှုနဲ့ ပတ်သက်ပြီး ကပ္ပတိန် ဟင်နရီ ခင်မောင်နဲ့ ဆက်သွယ်မေးမြန်းမှုကနေ ကောက်နုတ် တင်ပြခဲ့တာပါ။ နောက်သတင်းပတ်မှာတော့ ဆိပ်ကမ်းတွေ မဖွံ့ဖြိုးတာကြောင့် ပြည်သူလူထု အပေါ်မှာ ဘယ်လို ဆိုးကျိုး သက်ရောက်မှုတွေ ရှိသလဲ ဆိုတာကို တင်ပြပေးပါမယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG