ထိုင်းနိုင်ငံနဲ့နယ်စပ် မြန်မာနိုင်ငံ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲက စစ်တပ်ရဲ့ ပူလူတူစခန်းကို KNLA/PDF တပ်တွေ ဒီနေ့သောကြာနေ့မနက်အစောပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲကြောင့် မြန်မာစစ်သားတချို့ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြ ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ လှိုင်းဘွဲ့မြို့နယ်ထဲက စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၃၁) တပ်စခန်းဖြစ်တဲ့ ပူလူတူစခန်းကို KNLA/PDF ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့သီတင်းပတ်တွေကတည်းက ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။ မတ်လ (၁၄) ရက် ဒီနေ့ သောကြာနေ့ မနက် လင်းအားကြီးအချိန်မှာတော့ ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက် သိမ်းပိုက်လိုက်တဲ့အတွက် မြန်မာစစ်သားတွေတချို့ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက် ထွက်ပြေးခဲ့ကြပါတယ်။ စစ်သား (၁၀) ယောက်လောက် ထိုင်းဘက်ရောက်တာလယ်လို့ ထိုင်းနိုင်ငံဘက်မှာ နေသူတယောက်က အခုလိုပြောပြပါတယ်။
“ည (၁၂) နာရီကျော်အချိန်မှာ ပူလူတူစခန်းကျပြီး ပူလူတူစခန်းကျတော့ ထိုင်းဘက်ကိုပြေးလာတယ်။ မြန်မာစစ်သားက (၁၀) ယောက်ကျော်လောက် ရှိတယ်။ ထိုင်းဘက်က နဂိုကတည်းက လုံခြုံရေးကို နယ်ခြားစောင့်တပ်က ယူထားတယ်။ ထိုင်းစစ်တပ်က မြန်မာဘက်ကလာတဲ့ စစ်သားတွေကို ခေါ်ယူပြီးထိမ်းသိမ်းထားတယ်။”
ထိုင်းနိုင်ငံ နယ်စပ်မှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် လက်နက်ကိုင်တွေမဝင်လာအောင် ထိုင်းဘက်က လုံခြုံရေးတွေ စောင့်ကြည့်နေချိန်မှာပဲ မြန်မာစစ်သားတွေ ထိုင်းဘက်ကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။
“တိုက်ပွဲက ပြင်းပြင်းထန်ထန်ဖြစ်နေတော့ ထိုင်းဘက်ကလည်း လုံခြုံရေးတွေက အစောကြီးကတည်း က နေရာယူပြီးစောင့်ကြည့်နေတာ။ ထိုင်းဘက်ကကြည့်ရင် မြန်မာဘက်က လက်နက်တွေကျ၊ ဗုံးတွေကျပြီး မီးခိုးတွေနဲ့ မီးလောင်ကျွမ်းနေတာကို မြင်ရတယ်။ ထိုင်းဘက်မှာ ဖွတ်ဖရဘက်မှာလည်း အရင်က ပြေးလာတာတွေရှိတယ်။ အခုကတော့ တန်ဆောင်ရမ်းဘက်ကို ပြေးလာတာပါ၊ အောက်ဘက်ကျတာပေါ့။”
ပူလူတူစခန်းဟာ မြ၀တီမြို့နဲ့ကီလိုမီတာ (၈၀) လောက်အကွာမှာရှိပါတယ်။ စခန်းလက်လွှတ်လိုက်ရတဲ့ အခြေအနေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ စစ်တပ်နဲ့ KNLA/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်တာကြောင့် ကရင်ဒေသခံ (၅၀၀) ထက် မနည်း မတ်လဆန်းပိုင်းထဲက ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီစစ်ဘေးဒုက္ခသည်တွေ ဟာ နေရပ်မပြန်နိုင်ကြလဲ ခုချိန်ထိ ထိုင်းနိုင်ငံဘက်မှာ ဆက်ပြီး ခိုလှုံနေကြရပါတယ်။
တိုက်ပွဲတွေဖြစ်နေတဲ့ အနီးဆုံးနေရာတွေဖြစ်တဲ့ ထိုင်း-မြန်မာ နယ်စပ် ထိုင်းဘက်အခြမ်းမှာတော့ ထိုင်းစစ်တပ်က လုံခြုံရေး တွေတင်းကြပ်ထားပြီး မြန်မာဘက်က ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သားတွေကို ထိုင်းစစ်တပ်က လူသားချင်းစာနာမှုနဲ့ အကူညီပေးထားတယ်လို့ အာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်တိုင်းမှာ ထိုင်းဘက်ကို မြန်မာစစ်သားတွေ မကြာခဏ ထွက်ပြေး လာလေ့ရှိခဲ့ပြီး ထိုင်းစစ်တပ်က မြန်မာစစ်တပ်ဘက်ကို ပြန်လွှဲပြောင်းပေးခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
၂၀၂၄ ခုနှစ်ထဲမှာ ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့၊ ပိုင်ခလန်ကျေးရွာထဲကို ၂၀၂၄ မတ်လ (၁၉) ရက်နေ့ကတကြိမ်၊ မေလ (၁၉) ရက်မှာလည်း KNU တပ်မဟာ (၆) တပ်တွေရှိတဲ့ ကော့ကရိတ်မြို့နယ် ဒူးပလာယာခရိုင်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ဖူ့ချိမူ တပ်စခန်းကို KNLA/PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီး နောက် မြန်မာစစ်သားတွေထွက်ပြေးခဲ့ပါတယ်။ အခု ၂၀၂၅ ခုနှစ်မှာတော့ မြန်မာစစ်သားတွေ ထိုင်းနိုင်ငံအတွင်းကို ထွက်ပြေးလာတာ အခုပထမဆုံးအကြိမ်ဖြစ်ပါတယ်။
Forum