သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံတော်အတိုင်ပင်ခံရဲ့ ကျေးလက်ငြိမ်းချမ်းရေး စကားဝိုင်း


နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မန္တလေးတိုင်း ၊ ၀မ်းတွင်းမြို့နယ် မြေတိုင်ကန် ကျေးရွာ ဒေသခံတွေနဲ့ ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး ဆွေးနွေးခဲ့ကြပါတယ်။ ငြိမ်းချမ်းရေး ရှိနေတဲ့ ဒေသမှာ နေထိုင်ကြပေမယ့် ငြိမ်းချမ်းရေး အတွက် တတပ်တအား ပါဝင်ဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။ မငြိမ်းချမ်းတဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသတွေက ပြည်သူတွေဟာ နိစ္စဒူဝ စိုးရိမ်ပူပန်နေကြရတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

"ငြိမ်းချမ်းရေးမရတဲ့ မရှိတဲ့ဒေသတွေမှာ ပြည်သူပြည်သားတွေက သူတို့ဘ၀ကို သူတို့မပိုင်ဘူး။ ဘယ်တော့တိုက်ပွဲတွေဖြစ်မလဲ၊ ဘယ်တော့ပြေးရမလဲ ၊ ဘယ်တော့သွားရမလဲ ဘယ်တော့ ငတ်ပြတ်မလဲ...ဘယ်တော့သူတို့ပစ္စည်းတွေမီးလောင်မလဲဆိုတာ အမြဲပဲ စိတ်ပူနေရတယ်။ ဒါကြောင့်မို့လို့ ကျမတို့ ပြည်သူပြည်သားတွေ ကိုယ့်ဘ၀ကိုယ် ပိုင်နိုင်ဖို့အတွက် ငြိမ်းချမ်းရေးအတွက် ၀ိုင်းပြီးတော့ ကူညီစေချင်တယ်ဆိုတာကို ပြောတာပါ။"

ဒေသခံတွေဘက်ကတော့ ပညာရေး၊ လျှပ်စစ်မီး ရရှိရေး စတဲ့ ဒေသဖွံ့ဖြိုးရေးကို အလေးထားပြီး ဆွေးနွေးခဲ့ကြတာပါ။ လျှပ်စစ်မီး ရရှိတာ လပိုင်းဘဲ ရှိသေးတဲ့ မြေတိုင်ကန် ရွာက ဒေသခံတွေအားလုံးတော့ ငွေကြေးမတတ်နိုင်လို့ လျှပ်စစ်မီး မရကြသေးဘူးလို့လည်း ဒေသခံ တဦးက ပြောဆိုသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လျှပ်စစ်မီး အရေးကြီးသလို ဖွံ့ဖြိုးတိုးတက်ရေး အတွက် ငြိမ်းချမ်းရေး အရေးကြီးတဲ့ အကြောင်းလည်း တိုက်တွန်းပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးမှု နှေးကွေးနေရတဲ့ အကြောင်းရင်းက ငြိမ်းချမ်းရေး မရှိလို့ ဖြစ်တယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံက ထောက်ပြသွားပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် အရေးပါတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာရေး အတွက် ငြိမ်းချမ်းတဲ့ နိုင်ငံ ဖြစ်ဖို့လိုတယ်လို့လည်း ပြောဆိုသွားတာပါ။ မြေတိုင်ကန်ရွာက နိုင်ငံတော် အတိုင်ပင်ခံနဲ့ ကျေးလက်ပြည်သူများ ငြိမ်းချမ်းရေး စကားဝိုင်းကိုတော့ ထောင်နဲ့ချီတဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG