သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုင်ပင်ခံ ပုဂ္ဂိုလ် ရဲ့ဥရောပခရီးစဉ် ဘယ်လိုအကျိုးရှိနိုင်မလဲ


အတိုင်ပင်ခံ ပုဂ္ဂိုလ် ရဲ့ဥရောပခရီးစဉ် (Myanmar State Counsellor Office)
အတိုင်ပင်ခံ ပုဂ္ဂိုလ် ရဲ့ဥရောပခရီးစဉ် (Myanmar State Counsellor Office)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်ဟာ ရခိုင်ဒေသပဋိပက္ခ ကိုင်တွယ်ပုံတွေကြောင့် နိုင်ငံတကာဖိအား ကြုံနေတဲ့ မြန်မာနိုင်ငံအတွက် အနောက်နိုင်ငံတွေရဲ့စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ပိုရစေဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ မြန်မာ့အရေး လေ့လာ သုံးသပ်သူတွေက မြင်ပါတယ်။ ချက်သမ္မတနိုင်ငံနဲ့ ဟန်ဂေရီ နိုင်ငံတွေကို ၃ရက်ကြာ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ အခုလို ပြောဆိုလိုက်ကြတာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ချက်သမ္မတနိုင်ငံနဲ့ ဟန်ဂေရီနိုင်ငံကို ၃ရက်ကြာသွားရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချစ်ကြည်ရေးခရီးစဉ်အတွင်း ချက်၊ ဟန်ဂေရီနိုင်ငံ တွေနဲ့မြန်မာနိုင်ငံကြား နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲတွေ ကျင်းပခဲ့သလို၊ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးကိုလည်း ပြန်လည်ဖွင့်လှစ်နိုင် ခဲ့ပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးရှိစေမှာပါလဲ။ အမေရိကန် ပြည်ထောင်စုမှာနေထိုင်တဲ့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာတင့်ဆွေက အကောင်းမြင်ပါတယ်။

“ ကျနော်ကတော့ အကျိုးရှိတဲ့ဘက်ကနေမြင်တယ်။ ဒီနိုင်ငံတွေက အမေရိကတို့လို့ တခြား တခြားသော နိုင်ငံတွေနဲ့ မတူတဲ့ အနေအထားတရပ်ရှိတယ်။ နောက်တခါ အဲဒီနိုင်ငံတွေက သင့်တင့်မျှတတဲ့ အနေအထားမျိုးပေါ့ နည်းပညာတို့၊ ပညာရေးတို့အစရှိတယ်။ နောက်တခါ ချက်ဆိုရင် အစဉ်အဆက်ကို ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကျတဲ့ကာလကတည်းက ရင်းနှီးပြီးတော့ အကူအညီပေးခဲ့တဲ့ နိုင်ငံဖြစ်တော့ နားလည်မှုကတော့ ပိုရှိတာပေါ့နော်။ အဲဒီတော့ မြန်မာနိုင်ငံအတွက်ရော လက်ရှိအစိုးရအတွက်ပါ ဒီ နှစ်နိုင်ငံခရီးစဉ်ကနေပြီးတော့ အပြုသဘောဖြစ်နိုင်တယ်။ နားလည်မှု၊ နောက်တခါ ပူးပေါင်းဆောင်ရွက်မှုရယ် အဲဒီ ၂ နိုင်ငံကတဆင့် ရလာနိုင်တဲ့ နိုင်ငံတကာဆက်ဆံရေးအမြင်တွေပါ ပိုပြီးတော့ မြန်မာနိုင်ငံအတွက် အပြုသဘောပိုဆောင်လာနိုင်တယ်လို့ ကျနော်ယူဆပါတယ်ခင်ဗျ။”

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ချက်နဲ့ဟန်ဂေရီနိုင်ငံ ခရီးစဉ်တွေဟာ ရခိုင်ပဋိပက္ခ ကိုင်တွယ်ပုံတွေကြောင့် အနောက်နိုင်ငံတွေကြား ပုံရိပ်ကျဆင်းနေတဲ့ မြန်မာနိုင်ငံအတွက် စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ ပိုရလာစေဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ သုံးသပ်သူက ကာလီဖိုးနီးယားပြည်နယ်က ရှမ်းစာပေနဲ့ယဉ်ကျေးမှုအသင်း ဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်ဖြစ်ပါတယ်။

“အခုမြန်မာပြည်မှာဆိုရင် ကျနော်တို့ စီးပွားရေး အရမ်းကျနေတယ် ကျနော့်အမြင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ ချက်ကိုသွားပြီးတော့ ဥရောပနိုင်ငံတွေနဲ့ စီးပွားရေးအတွက် သွားပြီးဆွေးနွေးတယ်လို့ ကျနော်မြင်တယ်။ ဥရောပနိုင်ငံက မိတ်ဆွေတွေကိုလည်း မြန်မာပြည်မှာလာရောက်ပြီးတော့ စီးပွားရေးလုပ်ဖို့ Investment တွေလုပ်ဖို့ရန် သူက ဖိတ်ခေါ်တာရှိတယ်။ ဆိုတော့ မြန်မာပြည်ရဲ့ စီးပွားရေးအတွက် အရမ်းအရေးကြီးပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban တို့တွေ့ဆုံချိန် ပူးတွဲကြေညာချက် ထုတ်ပြန်ရာမှာတော့ အရှေ့တောင်အာရှ မှာရော ဥရောပမှာပါ ရွှေ့ပြောင်းအခြေချသူတွေ ဝင်ရောက်လာကြတဲ့ မူဆလင်တွေအရေးနဲ့ပတ်သက်လို့ ခေါင်းဆောင်နှစ်ဦးကြား သဘောတူ ကြပြီး ဒီပြဿနာကို အလေးထားပြောဆိုကြတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဇောင်းပေးဖေါ်ပြပါတယ်။ ဒီဆွေးနွေးမှုကနေ အနောက်နိုင်ငံ တွေက မြန်မာအစိုးရအပေါ် အမြင်တိမ်းစောင်းမှုကို တစုံတရာဖြေရှင်းနိုင်လိမ့်မယ်လို့ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

“EU တို့ အမေရိကန်တို့ နိုင်ငံတွေဟာ မြန်မာနိုင်ငံမှာ လက်ရှိအစိုးရအပေါ်မှာ မကောင်း မြင်တာတွေရှိတယ်။ ဟန်ဂေရီအခု လက်ရှိအစိုးရက လက်ယာစွန်းဆိုတော့ သူတို့ကလည်း ဒုက္ခသည်တွေအပေါ်မှာ အမြင်က ဒါကို ပြဿနာကို တည့်တည့်သူတို့ အစွန်းတဖက်ကနေမြင်ကြတယ်။ အဲဒီတော့ ဒီကြေညာချက်အရဆိုရင် နည်းလမ်း သစ်တွေနဲ့ အပြန်အလှန်နားလည်မှုပေါ့ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြညအစိုးရက ဆောင်ရွက်နေတဲ့အပေါ်မှာ ဥရောပသမဂ္ဂ ကလည်း ပိုပြီးနားလည်နိုင်လာသလို ဖြေရှင်းရေးနည်းလမ်းမှာလည်း နည်းလမ်းသစ် တစုံတရာတော့ ရခဲ့နိုင်မယ်လို့ ကျနော်အပြုသဘောဘက်က မြင်ပါတယ်ခင်ဗျ။”

ချက်နဲ့ဟန်ဂေရီနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်တွေ၊ ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ နှစ်နိုင်ငံကြား စီးပွားရေး၊ ပညာရေး ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG