သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၅ဦးကို ထောင်ဒဏ်ချမှတ်


 (ဓါတ်ပုံ- ဒေါင်းတို့မျိုးဆက်)
(ဓါတ်ပုံ- ဒေါင်းတို့မျိုးဆက်)

(Zawgyi/Unicode)

ပြီးခဲ့တဲ့ သင်္ကြန်ကာလတုန်းက သံချပ်ထိုးဖျော်ဖြေတာမှာ တပ်မတော်ကိုထိခိုက်စေတဲ့ စာသားတွေနဲ့ အပြုအမူတွေပါဝင်လို့ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၅ဦးကို အလုပ်နဲ့ ထောင်ဒဏ် ၁နှစ်ကျခံဖို့ မရမ်းကုန်းမြို့နယ်တရားရုံးက ဒီကနေ့ အမိန့် ချမှတ်လိုက်ပါတယ်။ ပြစ်ဒဏ်နဲ့ပတ်သက်ပြီး အယူခံဝင်သွားဖို့ကတော့ ကျောင်းသားတွေနဲ့တိုင်ပင်ပြီး ဆုံးဖြတ်သွားမယ်လို့ ဒေါင်းတို့မျိုးဆက်အဖွဲ့ရဲ့ ရှေ့နေကပြောဆိုထားပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

တက္ကသိုလ်ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ အခုနှစ်သင်္ကြန်ကာလတုန်းက သံချပ်ထိုးဖျော်ဖြေတဲ့အထဲမှာ တပ်မတော်ကို ထိခိုက်စေတဲ့စာသားနဲ့ အပြုအမူတွေ ပါဝင်တယ်ဆိုပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) တို့နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားလိုပြုပြီး ဧပြီလကုန်ပိုင်းမှာ တရားစွဲဆိုခဲ့တာပါ။

အဲဒီလို တရားစွဲဆိုအပြီး ၆လကျော်အကြာ ဒီကနေ့မှာပဲ တရားရင်ဆိုင်နေရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း၊ မကေခိုင်ထွန်း၊ ကိုပိုင်ရဲသူနဲ့ ကိုဇော်လင်းထွဋ် သူတို့ ၅ဦးကို ပုဒ်မ ၅၀၅(က) တခုတည်းအတွက် အလုပ်နဲ့ ထောင်ဒဏ် တနှစ်ချမှတ်လိုက်တာပါ။

အခုလိုပြစ်ဒဏ်ချခံလိုက်ရပေမယ့် နိုင်ငံရေးအခန်းကဏ္ဍကနေ တပ်မတော်ထွက်သွားဖို့အတွက် သူတို့အနေနဲ့ ဆက်လက်လုပ်ဆောင်သွားဦးမယ်လို့ ကိုဇေယျာလွင်က ဒီကနေ့ရုံးထုတ်အပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“တကယ်တမ်းကျတော့ ကျနော်တို့ဟာ တပ်ကိုပုတ်ခတ်စော်ကားလိုခြင်း မဟုတ်ဘူး။ ကျနော်တို့ ဖွဲ့စည်းပုံပြင်ချင်တယ်။ နိုင်ငံရေးအခန်းကဏ္ဍကနေ တပ်ကိုထွက်သွားစေချင်တယ်။ အဲဒီအတွက် ကျင့်ဝတ်ရှိတဲ့တပ်ဖြစ်အောင် ကျနော်တို့သံချပ်စာသားတွေ ထိုးခဲ့ခြင်းဖြစ်တယ်။ အဲတော့ ဒီကနေ့အမိန့်ချတဲ့အတွက် ကျနော်တို့က ဘယ်တော့မှ ဒီကိစ္စတွေ ဆက်မလုပ်တော့မှာ မဟုတ်ဘဲနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နိုင်ငံရေးကဏ္ဍကနေ တပ်ထွက်သွားရေးအတွက်ကို သံချပ်နဲ့ရော၊ တခြားပုံစံအမျိုးမျိုးနဲ့ရော ကျနော်တို့ ဆက်လက်လုပ်ဆောင်သွားပါဦးမယ်။”

ဒီအမှုနဲ့ပတ်သက်ပြီး ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၅ဦးဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်စန်းစန်းမြင့်က ဒီအမှုအပေါ် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စောဒကတက်သင့်တယ် ယူဆတာကြောင့် ကျောင်းသားတွေဘက်က ဆန္ဒရှိရင် အယူခံတက်သွားမယ်လို့ ပြောပါတယ်။

“တရားလိုကို အနိုင်ပေးချင်ရင် တရားလိုဘက်က တင်ပြတာတွေကို ဇောင်းပေးပြီးသုံးသပ်မယ်။ တရားခံကို အနိုင်ပေးချင်တယ်ဆိုရင် တရားခံဘက်က တင်ပြတာတွေကို ဦးစားပေးပြီးတော့မှ သုံးသပ်မယ်။ ဆိုလိုတာကတော့ တရားရုံးကို အပြစ်တော့မပြောပါဘူး။ သို့သော်လည်းပဲ အနေအထားအရဆိုလို့ရှိရင် တရားရုံးကနေပြီးတော့မှ တရားလိုနဲ့ လိုပြသက်သေတွေရဲ့ ထွက်ချက်တွေနဲ့ သက်သေခံအထောက်အထားတွေ ဇောင်းပေးပြီးတော့မှ ဆုံးဖြတ်သွားတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကတော့ စောဒကတက်သင့်တယ်လို့ ဆရာမကတော့ ယူဆတာပေါ့နော်။”

တရားလိုဖြစ်သူ ဒုဗိုလ်မှူးကြီး သန်းထွန်းမြင့်ကတော့ သက်သေခံအထောက်အထားတွေကို ဥပဒေနဲ့အညီ တင်သွင်းထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ တရားမျှတမှုကို လိုလားတာကြောင့် အခုလိုတရားစွဲဆိုခဲ့တာဖြစ်ပြီး၊ ဥပဒေရဲ့အဆုံးအဖြတ်ကို ခံယူသွားတာဖြစ်တယ်လို့ သူကဆိုပါတယ်။

“အခွင့်အရေးဆိုတာနဲ့ ပတ်သက်လို့ရှိရင် တဦးတယောက်ရဲ့ အခွင့်အရေးကိုပဲ ကြည့်လို့မရဘူး။ သူတို့စွတ်စွဲခံရသူရဲ့ အခွင့်အရေးတင်မကဘူး။ ကျနော်တို့ တရားလိုနဲ့ တပ်မတော်သားတွေရဲ့ အခွင့်အရေးကိုလည်း ပြန်ပြီးတော့ စာနာဖို့လိုတယ်။ တပ်မတော်သားတွေက အခုရှေ့တန်းမှာ ခင်ဗျားတို့သိတဲ့အတိုင်းပဲ အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်နေတာ။ ဒီလိုတိုက်ပွဲဝင်နေတဲ့လူတွေကို သွားပြီးတော့ ပုတ်ခတ်တာ၊ စော်ကားတာ လုပ်လို့မရပါဘူး။ တဖက်ကလည်း တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်တာ ဖြစ်ပါတယ်။ အဲတော့ ငါတို့ရဲ့လူ့အခွင့်အရေးပဲဆိုပြီးတော့ ပြောချင်ရာပြောမယ်၊ ပုတ်ခတ်ချင်ရာ ပုတ်ခတ်မယ်ဆိုပြီးတော့ လုပ်လို့တော့မရဘူး။ ဒါကြောင့်မို့ ကျနော်တို့က တရားမျှတမှုကိုလိုလားတဲ့ အတွက်ကြောင့်မို့လို့ တရားရုံးမှာ ဦးတိုက်လျှောက်ခြင်း ဖြစ်ပါတယ်။ ဒါဥပဒေရဲ့ အဆုံးအဖြတ်ကိုပဲ ကျနော်တို့ခံယူသွားတာ ဖြစ်ပါတယ်။”

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၅ဦးဟာ ဒီကနေ့ ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့အပေါ် ချုပ်ရက်တွေကို ခံစားခွင့်ရှိတာကြောင့် ၆လလောက်သာ ထပ်မံအချုပ်ခံဖို့ရှိတော့ကြောင်း သူတို့ရဲ့ရှေ့နေက ပြောပါတယ်။ ဒါပေမယ့် အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်က ပုဒ်မ ၅၀၅ (က) အတွက်သာဖြစ်ပြီး၊ နောက်ရုံးချိန်းမှာတော့ ကျန်ရှိနေသေးတဲ့ ပုဒ်မ ၆၆(ဃ) အတွက် မရမ်းကုန်းမြို့နယ် တရားရုံးမှာပဲ အမှုကိုဆက်လက် ရင်ဆိုင်သွားရဦးမှာ ဖြစ်ပါတယ်။

...........


(Unicode)











တိုက်ရိုက် လင့်ခ်


XS
SM
MD
LG