သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုရားသုံးဆူဒေသ ထိုင်း-မြန်မာနယ်စပ် နှစ်ဖက်လုံခြုံရေးတိုးမြင့်


ဘုရားသုံးဆူဒေသ ထိုင်း-မြန်မာနယ်စပ် ဂိတ်တခု (၂၀၁၀)
ဘုရားသုံးဆူဒေသ ထိုင်း-မြန်မာနယ်စပ် ဂိတ်တခု (၂၀၁၀)

နှစ်နိုင်ငံနယ်နမိတ် တိုင်းတာသတ်မှတ်နိုင်ခြင်းမရှိသေးတဲ့ မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နယ်စပ်ဒေသမှာ အာရှ အဝေးပြေး လမ်းမကြီးအတွက် ထိုင်းဖက်ခြမ်းကနေ လမ်းသစ်ဖေါက်လုပ် ရေမြောင်းလွှဲချခဲ့တဲ့ အတွက် ဘုရားသုံးဆူရပ်ကွက်တချို့ ရေလွှမ်း သွားခဲ့ပြီးနောက် အခြေအတင် ဖြစ်ပွါးရာကနေ နယ်စပ်မှာ လုံခြုံရေးတွေ တိုးမြင့်ချထားပါတယ်။ လောလောဆယ်မှာတော့ ဒီပြဿနာအတွက် ထိုင်းမြန်မာ နယ်စပ်ကော်မီတီတွေကနေ ညှိနှိုင်းဆောင်ရွက်နေ ပါတယ်။ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ဘုရားသုံးဆူမြို့ရှိရာ ထိုင်း-မြန်မာနယ်စပ်ဒေသမှာ နှစ်ဖက်စစ်တပ်တွေ ကနေ အသင့်နေရာယူထားတဲ့ အခြေ အနေကြောင့် ဒေသခံတွေစိုးရိမ်နေကြရတယ်လို့ ဘုရားသုံးဆူမြို့ခံတဦးဖြစ်သူ နိုင်အောင်က မွန်ဘာသာနဲ့ပြောပါတယ်။

“စစ်သားတွေကလက်နက်အသင့်စောင့်နေကြတယ်။ နှစ်နိုင်ငံနယ်နမိတ်ဖြတ်ကျော်လို့မရဘူး။ သူတို့ပိတ်ပင်ထားတယ်။ အခြေအနေဘယ်လိုလာမလဲမပြောတတ်ဘူး။ ကျွန်တော်တို့ဒေသခံတွေကတော့ စိုးရိမ်နေရတယ်ဆိုပြီး မွန်ဘာသာနဲ့ ပြောဆိုသွားတာပါ။”

မနေ့ကစပြီး ကရင်ပြည်နယ်ဘုရားသုံးဆူမြို့ ထိုင်းမြန်မာနယ်နမိတ်အတွင်း ထိုင်းနိုင်ငံဖက်က ဖေါက်လုပ်နေဆဲ ရေမြောင်း ကနေ မြန်မာဘက်ခြမ်းကိုလွှမ်းလာတဲ့အတွက် အခြေအတင် ဖြစ်ပွါးပြီး နှစ်နိုင်ငံစစ်တပ်တွေကနေလုံခြုံရေး တိုးချ ထားသလို သွားလာခွင့်တွေလဲ ပိတ်ပင်ထားခဲ့တာပါ။

ဇူလိုင်လ(၂၅) (၂၆)ရက်နေ့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ထိုင်းနိုင်ငံ ရေမြောင်းကရေတွေ ဘုရားသုံးဆူမြို့ကို စီးဝင်ပြီး ရေလွှမ်းတဲ့အပေါ် ထိုင်းအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့တပ်မတော်ကနေ လုံခြုံရေး ယူထား တာဖြစ်တယ်လို့ ဘုရားသုံးဆူမြို့ NLDအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအောင်စိုးက အခုလိုပြောပါတယ်။

“ဒီကလုံခြုံရေးအဖွဲ့ကလဲ သွားပြီးစောင့်ရှောက်တာကလဲ စစ်ရေးတင်းမာမှုအနေအထားမဟုတ်ဘူးလေ။ သူတို့ဘက်က တွေ့ဆုံဆွေးနွေးဖို့အတွက် အချိန်ဆွဲနေလို့ နယ်စပ်လုံခြုံရေးယူထားတဲ့သဘောပါဘဲ။ စစ်ရေးအရ အင်အားပြတဲ့အနေ အထားမဟုတ်ပါဘူး။”

ဒါပေမယ့် မနေ့ကဖြစ်စဉ်ဟာ စစ်ရေးတင်းမာမှု အသွင်ဆောင်နေတယ်လို့ ထင်မြင်ယူဆမှုတွေရှိနေသလို ထိုင်း-မြန်မာနယ်စပ် ဂိတ်ကို ပိတ်ပင်ထားတဲ့အတွက် ထိုင်းဘက်ခြမ်းမှာ အလုပ်လုပ်နေ တဲ့မြန်မာအလုပ်သမားတွေ အလုပ်ခွင် မဆင်းနိုင်ဘူးလို့ အလုပ်သမားတွေ ကပြောပါတယ်။

ဒီလိုထိုင်းဖက်ခြမ်း ကရေမြောင်းဖေါက်လုပ်နေမှုနဲ့ပက်သက်ပြီး ထိုင်းနဲ့မြန်မာနယ်စပ်ကော်မီတီတွေဖြစ်တဲ့ ဘုရားသုံး ဆူမြို့ အုပ်ချုပ်ရေးမှူးဦးမျိုးနိုင်ခေါင်းဆောင် မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ ထိုင်းကိုယ်စားလှယ်အဖွဲ့တို့ ကနေ မနေ့ညနေပိုင်းမှာပဲ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

နှစ်ဖက်နယ်စပ် ကော်မီတီအဖွဲ့ဝင်တွေ့ဆုံမှု အရ ထိုင်းနိုင်ငံဘက်က နေရေမြောင်းဖေါက်လုပ်မှုကို ယာယီရပ်စဲပေးထား တယ်လို့ နယ်စပ်ကော်မီတီဝင် ဘုရားသုံးဆူမြို့ စခန်းမှူး အောင်မြတ်မိုးကပြောပါတယ်။

“သူတို့အခြမ်းမှာ ရေနှုတ်မြောင်းတွေ တူးနေကြတော့ ဒီဘက်ကတားတယ်၊ နယ်ခြားမှာ။ ကျွန်တော်တို့တားတဲ့ အခါကျတော့သူတို့ကမရပ်ဘူး။ ဆက်လုပ်နေတယ်။ ဆက်လုပ်နေတော့ ကျွန်တော်တို့ဒီဘက်က အပေါက်ပိတ်မယ်ပေါ့။ အဲဒီတော့သူတို့ရပ်ထားတယ်။ နားထားမယ်။ နားထားပြီးတော့ သီတင်းကျွတ်မှလုပ်မယ်။ လုပ်မယ်ဆိုရင်သူတို့က သေသေချာရေး စနစ်တကျ လွတ်လွတ်ကျွတ်ကျွတ်လွှဲပေးမယ်ပေါ့။ ညှိနှိုင်းပြီးတော့အခုတော့နားထားတယ်။”

ထိုင်းအာဏာပိုင်တွေကနေ ထိုင်းဘက်ခြမ်းအာရှလမ်းမကြီးကို တိုးချဲ့ဖေါက်လုပ်ပြီး ရေမြောင်းကြီး တွေကို တူးဖေါ်ထားတာ ကြောင့် မိုးရွာသွန်းတဲ့အခါ မြေနိမ့်ရာမြန်မာဘက်ခြမ်းဘုရား သုံးဆူမြို့အတွင်းမှာ အိမ်တလုံး ပြိုကျခဲ့တဲ့ အပြင် ရေကြီးရေလျှံ မှုဖြစ်ပွါးခဲ့တာပါ။ ဘုရားသုံးဆူမြို့ ရပ်ကွက် တချို့ရေလွှမ်းခံရမှု အခြေအနေကိုတော့ ဦးအောင်စိုးက အခုလိုပြောပါတယ်။

“သူတို့လုပ်ထားတဲ့ရေမြောင်း ကျဉ်းတဲ့အခါကျတော့ ပုံမှန်အနေအထားနဲ့ဆိုအဆင်ပြေပါတယ်။ ဒါပေမယ့် ရေများ မိုးများတဲ့ အခါကျတော့ ဒီရေမြောင်းတွေမနိုင်တော့ဘူး။ ရေကျော်လာတော့ လမ်းတွေ အိမ်တွေ ရပ်ကွက်ထဲဝင်လာတယ်။ ဗွက်တွေ ရေမြောင်းတူးထားတဲ့ဗွက်တွေ တိုက်ရိုက်ဆင်းလာတယ်။ အောက်မှာရှိတဲ့ အိမ်တလုံးပြိုသွားတယ်။ လူနေအိမ်ထဲအထိ အခန်းထဲအထိရေတွေ ဝင်သွားတဲ့အခါကျတော့ ပြည်သူလူထု စိတ်သောကရောက်ကြတာပေါ့။ အမှတ်(၁)ရပ်ကွက် ပန်းတန်း နေရာ အဲဒီရပ်ကွက်တွေ ကတော့ အိမ်ထဲ အထိရေဝင်တယ်။”

ဘုရားသုံးဆူမြို့နယ်စပ်ဟာ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့အကြား ဒီကနေ့အထိနယ်စပ်နယ်နမိတ် တိတိကျကျမသတ် မှတ်နိုင် သေးသလို နယ်မြေအငြင်းပွါးမှုပြဿနာတွေလဲ အစဉ်လိုလိုဖြစ်ပွါးနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG