သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး လူကယ်ပြန်ဝန်ကြီးနဲ့ မေးမြန်းချက်


ထိုင်းနိုင်ငံတွင်းမှာ တင်းကျပ်တဲ့နိုင်ငံခြားသားအလုပ်သမားဥပဒေသစ်ပြဌာန်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအလုပ်သမားတချို့ မြန်မာနိုင်ငံကို တဖွဲဖွဲပြန်လာတာမှာတော့ ကရင်ပြည်နယ် မြဝတီက မဲဆောက်နယ်စပ်ဂိတ်ကနေ ပြန်လာတဲ့အရေအတွက်ကကို သုံးသောင်းလောက်ရှိသွားပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ရနောင်းမြို့ကနေ တနင်္သာရီတိုင်း ကော့သောင်းနယ်စပ်ဂိတ်၊ ရှမ်းပြည်နယ် ထိုင်း မဲဆိုင်နယ်စပ်ဂိတ်စတဲ့ နယ်စပ်ဂိတ်ဝင်ပေါက်တွေကနေ ပြန်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ရေတိုအဖြစ်နဲ့ ကြိုဆိုနေရာချထားပြီး နေရပ်ရင်းပြန်နိုင်အောင် လိုအပ်တာတွေ စီစဉ်ဆောင်ရွက်ပေးနေသလို ရေရှည်စီမံချက် အနေနဲ့လည်း သောင်းနဲ့ချီပြန်လာတဲ့ အလုပ်သမားတွေအတွက် ဘဝအာမခံချက်ရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်အောင် အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်နေတယ်လို့ ဝန်ကြီးကပြောပါတယ်။

ပြန်လာတဲ့ရွှေ့ပြောင်းအလုပ်သမားတွေအတွက် စီစဉ်ဆောင်ရွက်ပေးနေတာတွေနဲ့ပတ်သက်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဝန်ကြီးဒေါက်တာဝင်းမြတ်အေးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစပြောပြပါတယ်။

“ဒေါက်တာဝင်းမြတ်အေး။ ။အဓိကတော့ ကျနော်တို့က ကရင်ပြည်နယ်အစိုးရနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်တာ မြဝတီဘက်ကို ပြန်လည်လက်ခံရေးစခန်းပေါ့နော် ဆောင်ရွက်နေတော့ ပြန်လာတဲ့လူတွေကတော့ မနည်းတော့ဘူး စုစုပေါင်း နှစ်သာင်းကိုးထောင်ရှစ်ရာခြောက့်ဆယ့်လေး ၂၉၈၆၄ ရှိသွားပြီ။ ရက်အလိုက်က မြဝတီကြိုဆိုလက်ခံရေးစခန်းကို ၂၉ ရက် ၆ လကစပြီးတော့ ကျနော်တို့လက်ခံကြိုဆိုရေးတွေ လုပ်တာပေါ့နော်။ လက်ခံကြိုဆိုရေးတွေလုပ်တော့ ၉၉၉ နယ်စပ်စခန်းကနေ ဝင်လာတဲ့လူက ၁၂၆၁၇ ယောက်ရှိပြီး ချစ်ကြည်ရေးတံတားကဝင်တာက ၁၇၂၄၉ ယောက်ပေါ့။ ဆိုတော့ စုစုပေါင်းဆိုရင် ၂၉၈၆၄ ယောက်ရှိသွားပြီ။ အဲဒါက ၉ ရက်နေ့အထိပေါ့နော်။ ၁၀ ရက်နေ့ကတော့ ဒီနေ့ပေါ့၊ ဒီနေ့ကတော့ မနက်ပိုင်းက ၂၀၀ကျော်ဝင်တယ်။ အခုတော့ ညနေပိုင်း စာရင်းကျနော်မရသေးဘူး။

မဆုမွန်။ ။ အဲဒီတော့ ၉၉၉ ဂိတ်ရယ်၊ ထိုင်းမြန်မာချစ်ကြည်ရေးတံတားကနေ အားလုံးပေါင်းက ကရင်ပြည်နယ်ကနေ ဝင်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားဦးရေက သုံးသောင်းနီးပါးလောက် ရှိတဲ့သဘောပေါ့နော် ဝန်ကြီး။

ဒေါက်တာဝင်းမြတ်အေး။ ။ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ အဲဒီကဝင်တာက အများဆုံးပဲလေ အဲဒီတော့ အဲဒီလောက်ရှိခဲ့ပြီပေါ့နော်လူတွေဝင်တာ။ ဖြစ်တော့ ကျနော်တို့ဘာလုပ်ပေးသလဲဆိုတော့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ရယ်၊ ကျနော်တို့ လူကယ်ပြန်အဖွဲ့ရယ်၊ တပ်မတော်ရယ်၊ ပြည်နယ်အစိုးရရယ် နောက်ကျနော်တို့ အဓိကတော့ စေတနာရှင်ပြည်သူတွေပေါ့ ၊ စေတနာရှင်ပြည်သူတွေက အရမ်းကို ဆောင်ရွက်ကြတာပဲ၊ အဖွဲ့အစည်းတွေအကုန်လုံး လူမှုအဖွဲ့အစည်းတွေ အကုန်လုံးကနေပြီးတော့ အဲဒီမှာ ရိက္ခာတွေရော ၊ လိုအပ်တဲ့ဟာတွေ အကုန်လုံးအဆင်သင့်ပဲ ။ ထမင်းထုတ်ဝေတာတို့၊ ရေသန့်ဘူးဝေတာတို့ ဒါတွေကို အကုန်လုံးလုပ်တယ်။ လုပ်ပြီးတော့ သူတို့ဝင်လာတဲ့လူတွေက သူတို့အစီအစဉ်နဲ့ သူတို့ ပြန်လည်ထွက်ခွာသွားကြတယ်။ ကျန်တဲ့ ငွေစားရိတ်ကူညီတာတို့ ၊ လမ်းစားရိတ်ပေးတာတို့ ဒါတွေကို လိုအပ်ရင်ဆောင်ရွက်မယ်ဆိုပြီးတော့ရှိတယ်။ လိုအပ်မယ်ဆိုရင်။ အခုလက်ရှိအခြေအနေကတော့ ကြိုဆိုတယ်၊ လက်ခံတယ်ပေါ့နော်။

မဆုမွန်။ ။ ဝန်ကြီး အခုလောလောဆယ်မှာ ဒီနယ်စပ်ဂိတ်တွေကနေ ပြန်ပြီးဝင်လာတဲ့ဟာက တနသာၤရီတိုင်း ဝန်ကြီးချုပ်ကလည်း ပြန်ကြားရေးဝန်ကြီးဌာနမှာရေးထားပါတယ်။ တနင်္သာရီတိုင်း ရနောင်း၊ ကော့သောင်း ဘက်ကနေ ဝင်တာရှိတယ်၊ နောက်ရှမ်းပြည်နယ်ဘက်ကလည်း ဝင်တာရှိတယ်ဆိုတော့ နယ်စပ်ဂိတ်ပေါ့နော် ၊ ဘယ်နှစ်နေရာကနေပြီးတော့မှ ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ ဝင်ရောက်နေတယ်လို့ ဝန်ကြီး သတင်းသိထားရှိပါသလဲ။

ဒေါက်တာဝင်းမြတ်အေး။ ။ ဒီ ၃ ခုပဲ ကျနော်သိတာပဲ ။ ဒါပေမယ့် ထိုင်းနိုင်ငံအစိုးရကို ဒီဘက်က Request လုပ်ထားတော့ လူတွေကတော့ ပြန်လာကြတာပေါ့နော် တဖွဲဖွဲနဲ့ ပြန်လာတာ အခုအထိ ဆက်တိုက်ဖြစ်နေတာပေါ့နော် ။ ကျနော်တို့ ကိုယ်တိုင်လည်း သဘက်ခါဆိုရင် ကျနော်တို့ အဲဒီဘက်ကို ရောက်မှာလေ အဲ့ဒီကျရင်ကျနော် သတင်းတွေထပ်ပေးပါဦးမယ်။

မဆုမွန်။ ။ဟုတ်ကဲ့ ဝန်ကြီး နောက်ဆုံးပါ။ အဲဒီလို ထိုင်းဘက်ကပြန်လာတဲ့လူတွေကို ဝန်ကြီးတို့ အပါအဝင် တိုင်းဒေသကြီးအစိုးရအဖွဲ့တွေရော၊ ပြည်နယ်အစိုးရတွေရော၊ တာဝန်ရှိတဲ့သူတွေ အလုပ်သမားဝန်ကြီးတွေကနေလည်း လုပ်နေတယ်။ ဒါကတော့ ကြိုဆိုရေးပိုင်းပေါ့နော်ဝန်ကြီး။ ဒီနောက်ပိုင်းသူတို့ အတွက်ပြန်ပြီးနေရာချထားရေးနဲ့ သူတို့အလုပ်အကိုင်ကိစ္စတွေနဲ့ ပတ်သက်လို့ ဝန်ကြီးတို့ဘက်က ဘာများ စီစဉ်ဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိပါသလဲရှင့်။

ဒေါက်တာဝင်းမြတ်အေး။ ။အဲဒါကတော့ ရေရှည်ကိစ္စပေါ့ ရေရှည်ကိစ္စပေါ့ အခုက အတော်တော်များများကလည်း ပြန်လာကြပြီဆိုတော့ ဒီဘက်မှာလည်း မျှော်လင့်ကြမှာပေါ့နော် ဒီမှာအလုပ်အကိုင်အခွင့်အလမ်း။ ဆိုတော့ ကျနော်တို့အနေနဲ့ စပြီးတော့ အစိုးရအသစ် တက်ကတည်းက ဘယ်စီမံချက်ပဲလုပ်လုပ် ဘာအလုပ်ပဲလုပ်လုပ် အလုပ်အကိုင်အခွင့်အလမ်းကို ဖော်ဆောင်ပြီးတော့ လုပ်ဆောင်မယ်ဆိုတဲ့ မူဝါဒနဲ့ လုပ်ကိုင်နေတာပေါ့နော် ဘာပဲလုပ်လုပ်၊ အကုန်လုံးကတော့ စဉ်းစားပြီးလုပ်နေတဲ့ အတွက်ကြောင့် ကျနော်တို့ဆီမှာလည်း ဖြစ်လာမှာပါ။ အင်မတန် ခက်ခဲတဲ့ တချို့ဒေသတွေတောင်မှ ဥပမာ ရခိုင်ဒေသမှာဆိုရင် အထည်ချုပ်လုပ်ငန်းလုပ်တယ်၊ ရက်ကန်းစဉ်တွေ ၁၀၀ ထပ်ဖွင့်တယ် စသဖြင့် အစိုးရနဲ့ ပုဂ္ဂလိက နဲ့ အရင်းစိုက်ထုတ်နိုင်တဲ့ လူတွေပူးပေါင်းပြီးတော့ အလုပ်အကိုင်ဖော်ဆောင်တဲ့ဟာတွေ ကျနေ်ာတို့လုပ်ဆောင်နေတယ်၊ ဆိုတော့ ဒီဘက်မှာလည်း တဖြေးဖြေးနဲ့ အလုပ်အကိုင်ကောင်းလာအောင်တော့ ဆောင်ရွက်နေတာပေါ့နော် ဖြစ်တဲ့နည်းနဲ့ပေါ့နော် အလုပ်အကိုင်အခွင့်အလမ်းတွေကို။

မဆုမွန်။ ။ဟုတ်ကဲ့ပါ ဝန်ကြီး ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဖြေပေးတာ။

ဒေါက်တာဝင်းမြတ်အေး။ ။ ဟုတ်ကဲ့ပါ။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာဝင်းမြတ်အေးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG