သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေ ခိုင်းစေခံခဲ့ရသူ ထိုင်း ၁၂၀ မြန်မာနိုင်ငံက ပြန်ပို့ဖို့စီစဉ်


ထိုင်း မြန်မာနယ်စပ်၊ မြဝတီ နယ်စပ်ဂိတ်
ထိုင်း မြန်မာနယ်စပ်၊ မြဝတီ နယ်စပ်ဂိတ်

မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ ထိုင်းနိုင်ငံသား ၁၂၀ ကို ထိုင်းနိုင်ငံ ပြန်လည်လွှဲပြောင်းပေးဖို့ ၂ နိုင်ငံ တာဝန်ရှိသူတွေ စီစဉ်နေကြောင်း ထိုင်းသတင်းတွေက ဖော်ပြလိုက်ပါတယ်။ တရုတ်နိုင်ငံနဲ့နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မှာ အလုပ်လုပ်ဖို့ ရာဇဝတ်ဂိုဏ်းတွေရဲ့ သွေးဆောင်ဖြားယောင် ခံခဲ့ရတဲ့ ထိုင်းနိုင်ငံသား အမျိုးသား ၉၀၊ အမျိုးသမီး ၃၀ ကို ဌာနေပြန်ပို့ဖို့ စီစဉ်နေကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Kanchana Patarachok ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာက ဒီကနေ့ပဲ ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးက မြန်မာနိုင်ငံခြားရေးဌာနနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဆက်သွယ်ပြီး ထိုင်းနိုင်ငံသားတွေ ပြန်လည်လွှဲပြောင်းရေး စီစဉ်နေတယ်လို့လည်း ပြောပါတယ်။ ထိုင်းနိုင်ငံသားတွေကို လောက်ကိုင်ကနေ ခေါ်ထုတ်လာခဲ့ပြီးဖြစ်ကြောင်း စနေနေ့မှာပဲ ထိုင်းသံရုံးက အတည်ပြုထားပြီး၊ လေကြောင်း၊ ဒါမှမဟုတ် နယ်စပ်ကနေ ကုန်းကြောင်းကနေ ပြန်ပို့ဖို့ စီစဉ်မယ်လို့ လည်း ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ဆိုင်ဘာရာဇဝတ်ဂိုဏ်းတွေက သွေးဆောင်ဖြားယောင်ပြီး အဓမ္မခိုင်းစေခံရတဲ့ သတင်းတွေ မကြာသေးခင်ကစလို့ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာရာက ဒေသတွင်း နိုင်ငံတွေက ပူးပေါင်းနှိမ်နင်းမှုတွေလည်း လုပ်လာကြတာပါ။ အွန်လိုင်းရာဇဝတ်မှုတွေနဲ့ ဆက်နွယ်ပြီး မသင်္ကာသူတွေကိုလည်း မကြာခဏ ဖမ်းဆီးအရေးယူမှုတွေ လုပ်လာရာမှာ မကြာသေး ခင်ကပဲ မြန်မာနိုင်ငံက အင်အားကြီးလက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ် ရေးအဖွဲ့ (UWSA) ထိပ်တန်း တာဝန်ရှိသူ ၂ ဦးကို တရုတ်နိုင်ငံက အလိုရှိနေတာကြောင့် အဖွဲ့ကထုတ်ပယ်လိုက် ကြောင်း မကြာသေးခင်ကပဲ ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG