သုံးရလွယ်ကူစေသည့် Link များ

လူ့အခွင့်အရေးကျူးလွန်သူ မြန်မာတာဝန်ရှိသူတွေကို အရေးယူဖို့ FIDH တိုက်တွန်း


“ No stone unturned- Q&A on accountability for crimes in Myanmar ” ဆိုတဲ့ အစီရင်ခံစာ ( FIDH )
“ No stone unturned- Q&A on accountability for crimes in Myanmar ” ဆိုတဲ့ အစီရင်ခံစာ ( FIDH )

မြန်မာနိုင်ငံ အတွင်းက ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်ဖို့နဲ့ ကျူးလွန်ခံရသူတွေကို တရားဥပဒေရဲ့ အကျိုးခံစားခွင့်ရစေရေး နိုင်ငံတကာ အသိုင်းအဝိုင်းက တတ်နိုင်သမျှ ဆောင်ရွက်ကြရမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့ကြီး FIDH နဲ့ သူ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်တဲ့ အာရှအခြေစိုက် လူ့အခွင့်အရေး အဖွဲ့ ALTSEAN-Burma နဲ့ Odhikar တို့ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။

“ No stone unturned- Q&A on accountability for crimes in Myanmar ” ဆိုတဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံတွင်းက ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ အပေါ် အဖြေတွေ၊ နောက် ရှုပ်ထွေးလှတဲ့ နိုင်ငံတကာ တရားစီရင်ရေး ယန္တရားနဲ့ ပတ်သက်ပြီး နားလည်လာအောင်နဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေမှာ ဘယ်လို အသုံးချနိုင်မလဲ ဆိုတာတွေကို ဖော်ပြထားပါတယ်။

မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေက နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ အပေါ် ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေးမှူးတွေရဲ့ တွေ့ရှိချက်တွေက ရှင်းလင်း ပြတ်သားကြောင်း၊ အဲဒီနောက်မှာတော့ မြန်မာနိုင်ငံတွင်း ပြစ်မှုကျူးလွန်သူတွေ ပြစ်ဒဏ်က လွတ်ငြိမ်းချမ်းသာခွင့် ရနေတဲ့ အခြေအနေကို အဆုံးသတ်ပြီး ကျူးလွန်ခံရသူတွေ တရားမျှတမှု ရှိရေး အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ အပေါ် အပြည့်အ၀ ထောက်ပံ့ပေးရမယ့် အချိန် ဖြစ်တယ်လို့ FIDH ရဲ့ အတွင်းရေးမှူးချုပ်၊ ALTSEAN-BURMA ရဲ့ တာဝန်ခံ Debbie Stothard က ပြောပါတယ်။

အခုအချိန်မှာ မြန်မာနိုင်ငံတွင်းက ပြစ်မှုကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး အထောက်အထားတွေ စုဆောင်း၊ တရားစွဲဆိုရေး လုပ်ငန်းတွေ ဆောင်ရွက်ပြီး တာဝန်ခံမှုဆိုင်ရာ ပြည်တွင်း ၊ ပြည်ပ ယန္တရားတွေ ထူထောင်မှုကို အားပေးပြီး ပြစ်မှုကျူးလွန်ခံရသူတွေဘက်က တရားဥပဒေကြောင်းအရ ဆောင်ရွက်လာနိုင်စေရေး ထောက်ပံ့ပေးရမယ့် သိပ်ပြီး အရေးကြီးတဲ့ အချိန် ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာတော့ ပြီးခဲ့တဲ့နှစ် အတွင်း မြန်မာ စစ်တပ်ရဲ့ ရိုဟင်ဂျာတွေ အပေါ် ဖြိုးခွင်းမှုက လူမျိုးတုံး သတ်ဖြတ်မှု ရည်ရွယ်ချက် ပါတယ်လို့ စွပ်စွဲပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုနဲ့ အရေးယူဖို့ တိုက်တွန်းထားတာပါ။ တချိန်တည်းမှာဘဲ နိုင်ငံတကာ ရာဇဝတ်ပြစ်မှုဆိုင်ရာ ခုံရုံး ICC ကလည်း ရိုဟင်ဂျာ ပဋိပက္ခနဲ့ ပတ်သက်ပြီး စီရင်ပိုင်ခွင့်ရှိကြောင်း ဆုံးဖြတ်ထားတာပါ။ မြန်မာဘက်ကတော့ ကုလ အချက်အလက်ရှာ အဖွဲ့ရဲ့ အစီရင်ခံစာကိုရော ICC ရဲ့ ဆုံးဖြတ်ချက်ကိုပါ ငြင်းပယ်ထားပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလည်း လက်သင့်မခံပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG