သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျိုင်းတုံ-မိုင်းလား လမ်း ပြန်ဖွင့်ရေး ညှိနှိုင်း


မြန်မာအဝေးပြေးလမ်းမ တနေရာ
မြန်မာအဝေးပြေးလမ်းမ တနေရာ

ပိတ်ထားတာ ၁ နှစ်ကျော်ကြာပြီဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ- မိုင်းလားလမ်းကို ပြန်ဖွင့်နိုင်ဖို့ ပြည်နယ်အစိုးရက တပ်မတော်နဲ့ညှိနှိုင်းနေပါတယ်။ တနှစ်ကျော်ကြာပိတ်ထားခဲ့တာကြောင့် နယ်စပ်ဒေသကုန်သွယ်ရေးကျဆင်းခဲ့သလို ဒေသတွင်း ကုန်သည်တွေလည်း အခက်တွေ့နေတဲ့အတွက် ပြည်နယ်အစိုးရက လမ်းပြန်ဖွင့်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ လမ်းပြန်မဖွင့်နိုင်သေးရင် အခြားလမ်းတွေကနေ ဆက်သွယ်ပြီး နယ်စပ်ကုန်သွယ်ရေးမြင့်တက်အောင်ကြိုးစားဖို့ရှိနေကြောင်းလည်း ရှမ်းပြည်နယ် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီးက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် စက်တင်ဘာလမှာ မိုင်းလားဒေသက အချက်အခြာကျတဲ့ဒေသတွေကို ၀ တပ်ဖွဲ့တွေက ဝင်ရောက်တပ်စွဲခဲ့တဲ့နောက် ဒေသတွင်းအခြေအနေတွေ တင်းမာခဲ့ရာက ကျိုင်းတုံ- မိုင်းလားလမ်းကို တပ်မတော်က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ပိတ်ခဲ့တာဖြစ်ပါတယ်။

လမ်းပိတ်ထားခဲ့တာ ၁နှစ်ကျော်ကြာမြင့်ချိန်မှာတော့ လမ်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်နဲ့ ညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က ပြောပါတယ်။

“ မိုင်းလားလမ်း ပြန်ဖွင့်ပေးမယ် မပေးဘူးဆိုတာ ရှမ်းပြည်နယ်အစိုးရက လုပ်လို့ မရဘူး။ ကျနော်တို့က ပြည်ထောင်စုကို တင်ရမှာပေါ့။ မိုင်းလားလမ်းဖွင့်ဖို့အခြေအနေက တပ်မတော်ရဲ့ အခန်းကဏ္ဍဖြစ်နေတယ်လေ။ တပ်ကလည်း နိုင်ငံတော်လုံခြုံရေးအရ ယူထားတာဖြစ်တယ်။ အဲတော့ ကျနော်တို့က ပြည်ထောင်စုတင်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ရမယ်။ ”

ရှမ်းပြည်နယ်အစိုးရ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်ဟာ နယ်စပ်ကုန်သွယ်ရေး မြှင့်တင်နိုင်ဖို့ ဒီလ ၁၂ရက်ကနေ ၁၇ရက်နေ့အထိ ကွင်းဆင်းလေ့လာခဲ့တာဖြစ်ပါတယ်။

ကျိုင်းတုံ-မိုင်းလားလမ်းပိတ်ထားတဲ့အတွက် နယ်စပ်ကုန်သွယ်ရေးကျဆင်းလာနေတာကြောင့် အခြားလမ်းကြောင်းတွေ ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြောင်းလည်း သူက ဆက်ပြောပါတယ်။

“ နယ်စပ်ကုန်သွယ်ရေးက ကျသွားတယ်။ နယ်စပ်ကုန်သွယ်ရေးက အလားတူကာလဆို ဒေါ်လာ ၆သန်းဖိုးလောက်ကျတယ်။ နောက်တချက် ပြည်သူတွေနည်းနည်းစီးပွားရေးကျပ်တာပေါ့ဗျာ။ ကျနော်တို့ကတော့မိုင်းလားကတော့ ညှိနှိုင်းဆောင်ရွက်ရမှာ။ ပြည်ထောင်စုတင်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ရမယ်။ တကယ်လို့ မိုင်းလားမဖွင့်နိုင်ရင် မိုင်းယု- မိုင်းဖြတ်လမ်းကို လမ်းကောင်းအောင် လုပ်ရမယ်။ နောက် ကျိုင်းလတ်တံတားက လာအိုနဲ့ ဖွင့်ရမယ်။ ကျိုင်းလတ်ကနေ လာအိုနဲ့ဖွင့်နိုင်အောင် ကြိုးစားရမယ်။ အပေါက်တွေဖွင့်ပြီးတော့ ကုန်ကူးသန်းမှုမြန်ဆန်အောင် ဆောင်ရွက်ပေးရမှာပေါ့နော်။ အဲဒါကို ရှမ်းပြည်နယ်အစိုးရကနေ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမှာပေါ့နော။ ”

ဒါအပြင် သယ်ယူပို့ဆောင်ရေးကောင်းမွန်စေဖို့အတွက် ကျိုင်းတုံ-မိုင်းခတ်- မိုင်းယန်း- မိုင်းလားလမ်းကိုလည်း ပြင်ဆင်ဖို့ ရှိကြောင်း ပြောပါတယ်။

လက်ရှိ ကျိုင်းတုံ-မိုင်းလားလမ်း ပိတ်ထားတာကြောင့် တွေ့ကြုံရတဲ့အခက်အခဲတွေကို ကျိုင်းတုံဒေသခံတယောက်ကလည်း အခုလို ပြောပါတယ်။

“ ပြောမယ်ဆိုရင် ကျနော်တို့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အဲဒီလမ်းက အဓိက ကျတဲ့ လမ်းတခုပေါ့။ ကျနော်တို့ ဥပမာ ဆန်တွေ တင်ပို့တာတို့ ကုန်သွယ်နည်းမျိုးစုံပေါ့ဗျာ။ တရုတ်ပစ္စည်းတွေအတော်များများက အဲဒီဖက်လမ်းက အနီးဆုံးဆိုတော့ တရုတ်ပစ္စည်းက ကျနော်တို့ တနိုင်ငံလုံးက သုံးနေကြတာဆိုတော့။ အဲဒီဖက်လမ်းကနေ အသွားအလာ ပြည်တွင်းသုံးတွေရော နယ်မြေသုံးတွေရော တာချီလိတ်အထိ သွားနေကြတာပေါ့။ အဲတော့ တရုတ်ပစ္စည်းလည်း အဲဒီလမ်းကနေ မဝင်နိုင်၊ ဒေသထွက်ကုန်လည်း အဲဖက်လမ်းကနေ မပို့နိုင်ဆိုတော့ ခရီးသွားလုပ်ငန်းက အစ အကုန်လုံးက ရပ်တန့်သွားတာပေါ့။ တောင်သူလယ်သမားတွေကလည်း ညည်းနေကြတာပေါ့။ ကုန်သည်တွေလည်း ညည်းနေကြတာပေါ့လေ။”

စစ်ရေးအခြေအနေအရ လက်ရှိ ပိတ်ထားရတဲ့ ကျိုင်းတုံ- မိုင်းလား လမ်းဟာ ၅၂ မိုင်သာရှိပြီး တရုတ်နိုင်ငံကနေ ရှမ်းပြည်နယ် အရှေ့ပိုင်းမြို့တော်ဖြစ်တဲ့ ကျိုင်းတုံမြို့ကိုဖြတ်ပြီး ထိုင်းနဲ့ လာအိုနိုင်ငံတွေကို ဆက်သွယ်ဖို့ အတွက် အတိုဆုံးလမ်းကြောင်းလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG