သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အလားအလာနဲ့ စိန်ခေါ်မှု


၂၀၁၇ ခုနှစ်က ရွှေတိဂုံစေတီတော်ပေါ်မှာ တွေ့ရတဲ့ ကမ္ဘာလှည့်ခရီးသည်အချို့။ (ဇန်နဝါရီ ၂၉၊ ၂၀၁၇)
၂၀၁၇ ခုနှစ်က ရွှေတိဂုံစေတီတော်ပေါ်မှာ တွေ့ရတဲ့ ကမ္ဘာလှည့်ခရီးသည်အချို့။ (ဇန်နဝါရီ ၂၉၊ ၂၀၁၇)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ ၂ နှစ်ကျော် ပိတ်ထားတဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေ ရှေ့လထဲ ပြန်ဖွင့်ဖို့ ကြေညာလိုက်တာကြောင့် ခရီးသွားလုပ်ငန်းရှင်တွေကြား မျှော်လင့်ချက်တွေ ထွက်ပေါ်လာပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်ကပ်ရောဂါနဲ့ ပြီးခဲ့တဲ့နှစ်ထဲ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေကြောင့် ထိခိုက်မှုတွေ ကြုံနေရတဲ့ ခရီးသွားလုပ်ငန်း ပြန်လည်နာလန်ထူဖို့ကတော့ အချိန်ယူရနိုင်တယ်လို့ ခရီးသွားလုပ်ငန်း အသိုင်းအဝန်းက ပြောပါတယ်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် စိန်ခေါ်မှုတွေနဲ့ အလားအလာတွေအကြောင်း လုပ်ငန်းရှင်တချို့နဲ့ ဆက်သွယ်မေးမြန်းပြီး ကိုဝင်းမင်း တင်ပြထားပါတယ်။

သင်္ကြန်အပြီး မြန်မာနှစ်ဆန်း ၁ ရက်၊ ဧပြီ ၁၇ ရက်မှာ အခုလို ပြန်ဖွင့်မယ့်အပေါ် မြန်မာနိုင်ငံ ခရီးသွားအသင်း ဥက္ကဋ္ဌ ဦးနောင်နောင်ဟန်က အခုလိုပြောပါတယ်။

“ကျနော်တို့ ခရီးသွားကဏ္ဍအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဒါ အင်မတန်ကောင်းမွန်တဲ့ အရွေ့တခုလို့ပဲ ပြောရမယ်။ ၂ နှစ်ကျော် ပိတ်ဆို့နေတဲ့ ကာလအတွင်းမှာ ဒါ ပြန်ပြီးတော့ ပွင့်လာတယ်၊ ပွင့်ဖို့အတွက် အခွင့်အလမ်းတွေ ဖြစ်လာတယ်ပေါ့။ အခုလောလောဆယ်ကတော့ ခရီးသွားလုပ်ငန်းက ပြည်ပခရွီးသွားတွေနဲ့ ပတ်သက်ရင် လည်ပတ်မှုက Zero လို့တောင် ပြောလို့ရတဲ့ လုံးဝ မလည်ပတ်ပါဘူး။ ပုံမှန် Commercial Flight တွေလည်း ပြန်သန်းမှု မရှိခဲ့ဘူး။ Relief Flight အနေနဲ့ပဲ ပြန်သန်းတဲ့အတွက်ကြောင့် ပြည်တွင်းက ခရီးသွားတွေလည်း ပြည်ပကို ထွက်ရတာ အခက်အခဲရှိတယ်။ ပြည်ပက ခရီးသွားတွေလည်း ပြန်လာဖို့ခက်တယ်။ ဒါကြောင့်မို့ မကြာခင်အတွင်းမှာ ခရီးသည်တွေ ပြန်ရလာမယ်။ ပထမဆုံး Business Visa နဲ့ မြန်မာနိုင်ငံတွင်းမှာ စီးပွားရေးလုပ်ငန်းတွေရှိတယ်၊ ဒါပေမယ့် ဒီ Relief Flight မှာ လိုက်ပါလာလို့ မရဘူး ဖြစ်နေတာပေါ့။ အဲဒီလူတွေ အကုန်လုံး ပြည်တွင်းကနေ ပြည်ပကို စီးပွားရေးကိစ္စနဲ့ သွားမယ့်သူတွေလည်း ဒီ Business Traveller တွေ ပထမဆုံး လာရောက် လည်ပတ်နိုင်တဲ့ အခြေအနေတွေ ဖြစ်လာမယ်။ အဲဒီနောက်မှာမှ အပန်းဖြေခရီးစဉ်တွေက နောက်ပိုင်းကျရင်တော့ ထပ်လာမှာပေါ့။”

ဒီအပေါ် လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ စီးပွားရေး ေ့လလာသုံးသပ်သူ တဦးကတော့ သူ့အမြင်ကို အခုလိုပြောပါတယ်။

“အရင်ကထက်စာရင်တော့ နိုင်ငံခြားထွက်ဖို့ ဈေးပိုသက်သာတဲ့ Flight တွေနဲ့ ထွက်လို့ရသွားမှာပေါ့။ ဒါပေမယ့်လည်း အခုက ကိုဗစ်ကာလကြီးလည်း ဖြစ်နေတယ်၊ လေကြောင်းလိုင်းတွေကလည်း တခြားနိုင်ငံတွေမှာ အများကြီး လျှော့နေတယ်၊ အရင်ကလောက်တော့ အများကြီး လာကြမှာမဟုတ်ဘူး။ ကိုဗစ် အခြေအနေမျိုးကြောင့်လည်း ဖြစ်နိုင်တယ်ပေါ့။ နောက်တခုက အားသာချက်က အရင်တုန်းကဆို Air Cargo ပေါ့၊ လေကြောင်းလိုင်းကနေ ပစ္စည်းတွေ တင်သွင်းတဲ့အခါမှာ Relief Flight တွေပဲရှိတော့ Cost က များတာပေါ့။ အခုလိုမျိုး ပြန်ပြီး ဖွင့်မယ်ဆိုရင်တော့ Air Cargo တွေ များလာနိုင်တယ်ပေါ့။ များရင်တော့လည်း Cost က သက်သာသွားမှာပေါ့။ ဒါကတော့ စဉ်းစားကြည့်တာပါ။ ဒါပေမယ့် တခြားတဖက်မှာလည်း စဉ်းစားမယ်ဆိုရင် လေယာဉ်ဆီတွေက ဈေးနှုန်းတက်နေတော့ မလျော့တာလည်း ဖြစ်နိုင်သလို ဈေးလည်း ပိုတက်တာ ဖြစ်လာနိုင်တယ်။”

အခုလို လေကြောင်းလိုင်းတွေ ပြန်ဖွင့်လာပြီး ခရီးသွားဗီဇာ အနေအထား ပွင့်လာဖို့ကို မေးရာမှာလည်း ဦးနောင်နောင်ဟန်က အခုလို ဆက်ရှင်းပြပါတယ်။

“အခုလောလောဆယ် ဗီဇာနဲ့ပတ်သက်ပြီး ကျနော်တို့ကို ညွှန်ကြားချက် ထုတ်ပြန်ခြင်း မရှိသေးဘူးဗျ။ ဒါနဲ့ပတ်သက်ပြီးလည်း မကြာခင်မှာ ထွက်ပေါ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်နေတယ်။ အခုလောလောဆယ်တော့ ဒီနိုင်ငံတွေကို ဗီဇာလျှောက်ထားမှုတွေရော၊ Visa on Arrival တွေရော၊ နောက်တခုက E-Visa တွေရော အကုန်လုံး ပိတ်ထားသေးတယ်။ ဒါပေမယ့် ဒီလေကြောင်းလိုင်းတွေ ဖွင့်ပြီးတဲ့ အပေါ်မှာမှ ဗီဇာနဲ့ပတ်သက်ပြီး ဖြေလျှော့မှုတွေ ထပ်ပြီးတော့ ဘယ်နိုင်ငံတွေကတော့ E-Visa လျှောက်လို့ရတယ်၊ ဘယ်နိုင်ငံတွေကတော့ သက်ဆိုင်ရာ သံရုံးတွေမှာ ဗီဇာလျှောက်လို့ရတယ် ဆိုတဲ့ဟာ ထပ်ပြီးတော့ ပေါ်လာပါလိမ့်မယ်။”

ကိုဗစ်ဖြစ်နှုန်း သေနှုန်း ကျလာတာကြောင့် အခုလို ခရီးသွားလုပ်ငန်းကို ဖြေလျှော့လိုက်ပေမယ့် တခြား ကိုဗစ်စည်းကမ်းဆိုင်ရာ စိန်ခေါ်မှုတွေ ဆက်ရှိနေတဲ့ အပေါ်မှာလည်း စီးပွားရေး လေ့လာသုံးသပ်သူက အခုလို ဆက်ပြောပြပါတယ်။

“လေကြောင်းလိုင်း ပြန်ဖွင့်မယ်၊ ဒါပေမယ့် Quarantine နေရမယ့်ရက်က မပြောင်းဘူး၊ မပြောင်းလို့ရှိရင်လည်း လူစိတ်ဝင်စားစရာရှိမှာ မဟုတ်ဘူး။ ဥပမာ ထိုင်းကိုဝင်မယ်ဆိုရင် Test and Go ပေ့ါ၊ တရက်ပဲ နေရတော့တယ်။ ကိုဗစ် Test စစ်တယ်၊ Negative ဆိုရင် သွားလို့ရပြီ။ ဆိုတော့ တရက်ပဲဆို ဘာပဲပြောပြော များသောအားဖြင့် အချိန်က လည်ဖို့ပတ်ဖို့အတွက် တရက်ပဲဆိုရင် အဆင်ပြေတယ်။ အခုက မြန်မာနိုင်ငံကို စဝင်တာနဲ့ Quarantine နေရမယ်၊ Test က နှစ်ကြိမ်စစ်ရမယ်၊ Cost အရမ်းများတယ်ဆိုရင် ဘယ်သူမှ စိတ်ဝင်စားမှာမဟုတ်ဘူး။ ခရီးသွားလုပ်ငန်းတွေ အရမ်းကြီး အဆင်ပြေမယ်လို့တော့ မထင်ဘူး။ အဲဒါကို ပြင်ရင်တော့ ဘယ်လိုမျိုး ဖြစ်လာနိုင်မလဲတော့ မသိဘူး။ စောင့်ကြည့်ရမှာပဲ။”

ဒါ့အပြင် မနှစ်က စစ်အာဏာသိမ်းပြီး နိုင်ငံရေး မတည်ငြိမ်မှုကလည်း စိန်ခေါ်မှုဖြစ်နေတာကို ဦးနောင်နောင်ဟန်က ထောက်ပြပါတယ်။

“၂၀၂၁ နဲ့ ၂၀၂၂ ကြားထဲမှာတော့ ကိုဗစ်ကြောင့်လည်း ပါသလို နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့်လည်း ဧည့်သည်တွေ မလာတာလည်း ပါတယ်။ ဒါကြောင့်မို့ အခု ပြန်ဖွင့်တယ် ဆိုပေမယ့်လည်း နိုင်ငံရေးတည်ငြိမ်မှု ရှိမှသာ နိုင်ငံတကာ ခရီးသွားတွေက ပြန်လာမယ့် အခြေအနေ ရှိတယ်။ ဒါကြောင့်မို့ ဒီဟာအပေါ်မှာ အခုလက်ရှိ ခရီးသွားလုပ်ငန်းတွေ အခြေအနေက ပြင်ဆင်ထားမှုတွေ အများကြီး မလုပ်ထားရသေးဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးတည်ငြိမ်မှု အခုလောလောဆယ် မရှိသေးဘူးပေါ့။ မရှိသေးတဲ့အတွက်ကြောင့် ခရီးသွားလုပ်ငန်းက ချက်ချင်းကြီး အခုဖွင့်၊ အခုချက်ချင်း ဝင်လာနိုင်မယ့် အခြေအနေမျိုး မရှိသေးဘူး။”

ဒါကြောင့် ခရီးသွားလုပ်ငန်း ပုံမှန်ပြန်ဖြစ်နိုင်ဖို့ အနည်းဆုံး ၆ လကနေ ၁ နှစ်အထိ အချိန်ယူရနိုင်တယ်၊ ဒီ့ထက် နိုင်ငံရေး မတည်ငြိမ်မှု ပိုဖြစ်လာရင်တော့ မျှော်လင့်ချက်ပါ ပျက်သွားနိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)














XS
SM
MD
LG