သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ခရီးသြားလုပ္ငန္း ျပန္စႏိုင္ေရး ေျဖရွင္းလုပ္ေဆာင္ရမွာေတြ ရွိေနေသး


ရွမ္းျပည္နယ္ အင္းေလးကန္အနီးက ရြာတခုမွာ ေတြ႔ရတဲ့ ႏိုင္ငံျခားသားဧည့္သည္မ်ား။ (ႏို၀င္ဘာ ၁၉၊ ၂၀၁၈)

[Zawgyi/Unicode]

ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြေၾကာင့္ ရပ္နားထားရတဲ့ ခရီးသြားလုပ္ငန္းေတြနဲ႔ ခရီးစဥ္နယ္ေျမေတြကို ပုံစံအသစ္နဲ႔ ျပန္စႏိုင္ဖို႔ တာဝန္ရွိသူေတြ ျပင္ဆင္ေနေပမဲ့ စိန္ေခၚမႈေတြလည္း ရွိေနဆဲျဖစ္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီသတင္းကို ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက တင္ဆက္ေပးမွာပါ။

ျမန္မာႏိုင္ငံမွာ ခရီးသြားရာသီ မၾကာခင္ စေတာ့မွာ ျဖစ္ေပမဲ့ ကပ္ေရာဂါကူးစက္မႈေတြ မ်ားေနဆဲ ျဖစ္တဲ့အတြက္ လုပ္ငန္းေတြ ျပန္စႏိုင္ဖို႔က မေရမရာ ျဖစ္ေနပါတယ္။ ကပ္ေရာဂါကာလမွာ ခရီးသြားလုပ္ငန္းေတြ ရပ္ဆိုင္းထားရေပမဲ့ ျပန္လည္စတင္ႏိုင္တဲ့အခါ လုံၿခဳံစိတ္ခ်ရတဲ့ ဝန္ေဆာင္မႈေတြ ေပးႏိုင္ဖို႔ ျပင္ဆင္ေနတယ္လို႔ ဟိုတယ္နဲ႔ ခရီးသြားလာေရး ဝန္ႀကီးဌာန၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ေအးဟန္ ကေျပာပါတယ္။

“ဒီခရီးစဥ္ေဒသေတြမွာ Safe Service ျဖစ္ဖို႔အတြက္ လည္ပတ္တဲ့ဧည့္သည္ေတြ Safe ျဖစ္ေအာင္လို႔ ဘယ္လိုေတြ စီမံေဆာင္႐ြက္မယ္ဆိုတဲ့ DMO လို႔ေခၚတဲ့ Destination Management Organization ေတြဖြဲ႕စည္းၿပီးေတာ့မွ ဒီအဖြဲ႕ေတြကို သင္တန္းေတြေပးေနပါတယ္။ ၿပီးလို႔ရွိရင္ Zone အလိုက္ေတြမွာလည္း ဒီ Safe Service ကို ဘယ္လိုေပးရမလဲဆိုတဲ့ သင္တန္းေတြကိုလည္း ပို႔ခ်ေနပါတယ္။ လက္ရွိမွာဆိုရင္လည္း က်န္းမာေရး Safe ျဖစ္ဖို႔အတြက္ ဘယ္လိုေတြ လိုက္နာ ေဆာင္႐ြက္သင့္တယ္ဆိုတာေတြ သင္တန္းေပးေနတယ္။ သြားေရးလာေရး အားလုံးစၿပီးေတာ့ ဖြင့္ၿပီဆိုတဲ့အခ်ိန္မွာ အဆင္သင့္ျဖစ္ေနႏိုင္ေအာင္လို႔ ဆရာတို႔အပိုင္းကေတာ့ လုပ္ေနတာေပါ့ေနာ္။”

ကိုဗစ္ကပ္ေရာဂါေၾကာင့္ စီးပြားေရးသက္ေရာက္မႈေတြကို ကုစားဖို႔ေဆာင္႐ြက္ေနတဲ့ အထဲမွာ ခရီးသြားလုပ္ငန္း ျပန္လည္ထူေထာင္ေရး အစီအစဥ္ေတြလည္း ပါဝင္ပါတယ္။ အစီအစဥ္တစိတ္တပိုင္းအရ ခရီးသြားလုပ္ငန္းေတြ ရပ္နားထားရလို႔ အလုပ္လက္မဲ့ျဖစ္ေနသူေတြကို သင္တန္းေတြ ပို႔ခ်ေပးတာေတြလည္း ရွိပါတယ္။ ကပ္ေရာဂါေၾကာင့္ ခရီးသြားလုပ္ငန္းေတြ ျပန္စႏိုင္မယ့္ အေျခအေနေတြ မေရမရာ ျဖစ္ေနေပမဲ့ ျပန္လည္စတင္ခ်ိန္မွာ အသင့္ျဖစ္ေအာင္ စီစဥ္ေနတယ္လို႔လည္း ဦးေအာင္ေအးဟန္က ေျပာပါတယ္။

“ကာလေမွ်ာ္မွန္းခ်က္ကေတာ့ လတ္တေလာမွာ အိမ္နီးခ်င္းတိုင္းျပည္ေတြ စေနတဲ့သူေတြ စေနၿပီ။ ထိုင္းႏိုင္ငံတို႔ ဘာတို႔ ဆိုရင္လည္း တ႐ုတ္ႏိုင္ငံနဲ႔ Charter Flight ေတြဆင္းၿပီးေတာ့မွ သီးသန႔္ထားတဲ့ ဟိုတယ္ေတြမွာ၊ သီးသန႔္သတ္မွတ္ထားတဲ့ ေနရာေတြမွာ လည္ပတ္ႏိုင္ေအာင္ ဆိုတာမ်ိဳးေတြ စီမံေဆာင္႐ြက္ေနၿပီျဖစ္လို႔ ဒါကတအားအေဝးႀကီးလို႔ေတာ့ မထင္ပါဘူး။ ဒီႏွစ္ခရီးသြားရာသီမွာ မမီသည့္တိုင္ေအာင္မွ လာမယ့္ႏွစ္ခရီးသြားရာသီမွာေတာ့ ပုံစံအသစ္ေလးနဲ႔ ခရီးသြားလုပ္ငန္းေတြ ျပန္စႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။”

ကပ္ေရာဂါ ကူးစက္မႈေတြ ႀကဳံရခ်ိန္ကစလို႔ ျပည္ပခရီးသြားေတြနဲ႔ ေလေၾကာင္းခရီးစဥ္ေတြ ရပ္နားထားရသလို ျပည္တြင္းမွာလည္း သြားလာ လႈပ္ရွားမႈေတြ ကန႔္သတ္ထားတာေၾကာင့္ ခရီးသြားလုပ္ငန္းမွာ အခက္အခဲေတြ ႀကဳံေနရတာပါ။

မႏၲေလးတိုင္းမွာေတာ့ ကပ္ေရာဂါကာကြယ္၊ ထိန္းခ်ဳပ္ေရး ကန႔္သတ္ခ်က္ေတြေၾကာင့္ နယ္ေျမျဖတ္ေက်ာ္ခြင့္ ေထာက္ခံစာလိုအပ္ေနၿပီး၊ အခုလိုကာလမွာ တိုင္းအတြင္းက ခရီးသြားသူေတြလည္း မရွိဘူးလို႔ မႏၲေလးတိုင္း၊ ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ား အသင္းဥကၠ႒ ဦးမ်ိဳးရီက ေျပာပါတယ္။

“ေလာေလာဆယ္ကေတာ့ မႏၲေလးမွာက Stay at Home ၃ ၿမိဳ႕နယ္ရွိတယ္ေပါ့ေနာ္။ က်န္တဲ့ၿမိဳ႕နယ္ေတြကလည္း ရွိေနေတာ့ ျပည္တြင္းခရီးသြားကိုက အဆင္မေျပဘူး။ မႏၲေလးကေန ျပင္ဦးလြင္သြားမယ္ဆိုလည္း ရပ္ကြက္ေနထိုင္ေၾကာင္း ေထာက္ခံစာလိုတယ္။ Stay at Home ျဖစ္ေနတဲ့ ၿမိဳ႕နယ္ေတြကလည္း ခရီးကိုသြားလို႔မရတာ။ ဆိုေတာ့ အခုေလာေလာဆယ္ကေတာ့ ဘာမွကိုလုပ္မရဘူးေပါ့ေနာ္။ အကုန္လုံးကလည္း ပိတ္ထားပါတယ္၊ ဟိုတယ္ေတြကလည္း ပိတ္ထားတယ္ဆိုေတာ့ေလ။”

ျမန္မာႏိုင္ငံမွာ မၾကာေသးခင္လေတြကစလို႔ ကပ္ေရာဂါကူးစက္မႈေတြ တေက်ာ့ျပန္ ႀကဳံခဲ့ရၿပီးေနာက္ ခရီးသြားေတြၾကား ေရပမ္းစားတဲ့ မႏၲေလးတိုင္းအတြင္းက ေနရာေတြမွာလည္း ခရီးသြားေတြ အသြားအလာ မရွိေတာ့သေလာက္ ျဖစ္သြားတယ္လို႔လည္း ေျပာပါတယ္။ ဒါေပမဲ့လည္း ခရီးသြားလုပ္ငန္းေတြ ျပန္လုပ္ခြင့္ျပဳတဲ့ အခ်ိန္မွာ က်န္းမာေရးလမ္းၫႊန္ခ်က္ေတြနဲ႔အညီ ျပန္လည္ပတ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္းလည္း ဦးမ်ိဳးရီက ေျပာပါတယ္။

“ဒါကေတာ့ ႏိုင္ငံေတာ္ေပၚလစီေပၚ မူတည္တာေပါ့ေနာ္။ ဟိုတယ္၊ ခရီးဝန္ႀကီးဌာနကလည္း ခရီးသြားလမ္းၫႊန္ခ်က္ေတြ ေပးတယ္။ အဲဒီအတိုင္း က်ေနာ္တို႔ကလုပ္ရမွာပဲ။ ဘာမွႀကိဳျပင္လို႔လည္း မရဘူး၊ ႀကိဳလုပ္လို႔လည္း မရဘူး။ မရဘူးဆိုတာ ဘာျဖစ္လို႔လဲဆိုေတာ့ ဘယ္ေတာ့ဖြင့္မွန္းလည္း မသိသလို၊ ဖ်က္သိမ္းသြားတဲ့ ကုမၸဏီေတြကလည္း ရွိတယ္ေပါ့ေနာ္။ က်ေနာ္တို႔က အခုကေတာ့ ေစာင့္ၾကည့္ေနတယ္။ ႏိုင္ငံေတာ္က ခရီးသြားရာသီ ျပန္ပြင့္ၿပီ၊ ဒီကိုဗစ္ကို New Normal နဲ႔ သြားလို႔ရၿပီေပါ့ေနာ္၊ တၿမိဳ႕နယ္နဲ႔ တၿမိဳ႕နယ္၊ တတိုင္းနဲ႔ တတိုင္းသြားလို႔ရၿပီ ဆိုရင္ေတာ့ က်ေနာ္တို႔မွာ Tourism Guideline ရွိၿပီးသားေလ။ အဲဒီ Guideline အတိုင္း က်ေနာ္တို႔ လုပ္ရမွာေပါ့ေနာ္။”

ကိုဗစ္အလြန္ကာလမွာေတာ့ လူအမ်ားစုသြားေလ့ရွိတဲ့ လူထူထပ္တဲ့ခရီးစဥ္ေတြထက္ သဘာဝပတ္ဝန္းက်င္နဲ႔ နီးစပ္တဲ့ေဒသသစ္ေတြကို ခရီးသြားေတြအေနနဲ႔ ေ႐ြးခ်ယ္မယ္လို႔ ခရီးသြားလုပ္ငန္း ကြၽမ္းက်င္သူေတြက မွန္းဆထားပါတယ္။ ျမန္မာႏိုင္ငံအေနနဲ႔ အဲဒီလိုေဘးကင္းလုံၿခဳံတဲ့ ခရီးစဥ္ေဒသသစ္ေတြ ေပၚလာဖို႔ကို တာဝန္ရွိသူေတြ ပူးေပါင္းေဆာင္႐ြက္ရမွာျဖစ္တယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ကမာၻ႔ခရီးသြားလုပ္ငန္းေန႔ မိန႔္ခြန္းမွာေျပာထားပါတယ္။ ျပည္တြင္းမွာေတာ့ ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္၊ ကာကြယ္ႏိုင္ဖို႔ အပန္းေျဖခရီးစဥ္ေတြအတြက္ ျပည္ဝင္ခြင့္ရပ္ဆိုင္းထားၿပီး၊ ပုံမွန္ေျပးဆြဲေပးေနတဲ့ ပို႔ေဆာင္ေရးေလယာဥ္ ပ်ံသန္းမႈေတြကိုလည္း အခုေအာက္တိုဘာ လကုန္ပိုင္းအထိ ယာယီရပ္နားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့ခရီးသွားလုပ်ငန်း ပြန်စနိုင်ရေး ဖြေရှင်းလုပ်ဆောင်ရမှာတွေ ရှိနေသေး

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ရပ်နားထားရတဲ့ ခရီးသွားလုပ်ငန်းတွေနဲ့ ခရီးစဉ်နယ်မြေတွေကို ပုံစံအသစ်နဲ့ ပြန်စနိုင်ဖို့ တာဝန်ရှိသူတွေ ပြင်ဆင်နေပေမဲ့ စိန်ခေါ်မှုတွေလည်း ရှိနေဆဲဖြစ်တဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံမှာ ခရီးသွားရာသီ မကြာခင် စတော့မှာ ဖြစ်ပေမဲ့ ကပ်ရောဂါကူးစက်မှုတွေ များနေဆဲ ဖြစ်တဲ့အတွက် လုပ်ငန်းတွေ ပြန်စနိုင်ဖို့က မရေမရာ ဖြစ်နေပါတယ်။ ကပ်ရောဂါကာလမှာ ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းထားရပေမဲ့ ပြန်လည်စတင်နိုင်တဲ့အခါ လုံခြုံစိတ်ချရတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန် ကပြောပါတယ်။

“ဒီခရီးစဉ်ဒေသတွေမှာ Safe Service ဖြစ်ဖို့အတွက် လည်ပတ်တဲ့ဧည့်သည်တွေ Safe ဖြစ်အောင်လို့ ဘယ်လိုတွေ စီမံဆောင်ရွက်မယ်ဆိုတဲ့ DMO လို့ခေါ်တဲ့ Destination Management Organization တွေဖွဲ့စည်းပြီးတော့မှ ဒီအဖွဲ့တွေကို သင်တန်းတွေပေးနေပါတယ်။ ပြီးလို့ရှိရင် Zone အလိုက်တွေမှာလည်း ဒီ Safe Service ကို ဘယ်လိုပေးရမလဲဆိုတဲ့ သင်တန်းတွေကိုလည်း ပို့ချနေပါတယ်။ လက်ရှိမှာဆိုရင်လည်း ကျန်းမာရေး Safe ဖြစ်ဖို့အတွက် ဘယ်လိုတွေ လိုက်နာ ဆောင်ရွက်သင့်တယ်ဆိုတာတွေ သင်တန်းပေးနေတယ်။ သွားရေးလာရေး အားလုံးစပြီးတော့ ဖွင့်ပြီဆိုတဲ့အချိန်မှာ အဆင်သင့်ဖြစ်နေနိုင်အောင်လို့ ဆရာတို့အပိုင်းကတော့ လုပ်နေတာပေါ့နော်။”

ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးသက်ရောက်မှုတွေကို ကုစားဖို့ဆောင်ရွက်နေတဲ့ အထဲမှာ ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေး အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ အစီအစဉ်တစိတ်တပိုင်းအရ ခရီးသွားလုပ်ငန်းတွေ ရပ်နားထားရလို့ အလုပ်လက်မဲ့ဖြစ်နေသူတွေကို သင်တန်းတွေ ပို့ချပေးတာတွေလည်း ရှိပါတယ်။ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းတွေ ပြန်စနိုင်မယ့် အခြေအနေတွေ မရေမရာ ဖြစ်နေပေမဲ့ ပြန်လည်စတင်ချိန်မှာ အသင့်ဖြစ်အောင် စီစဉ်နေတယ်လို့လည်း ဦးအောင်အေးဟန်က ပြောပါတယ်။

“ကာလမျှော်မှန်းချက်ကတော့ လတ်တလောမှာ အိမ်နီးချင်းတိုင်းပြည်တွေ စနေတဲ့သူတွေ စနေပြီ။ ထိုင်းနိုင်ငံတို့ ဘာတို့ ဆိုရင်လည်း တရုတ်နိုင်ငံနဲ့ Charter Flight တွေဆင်းပြီးတော့မှ သီးသန့်ထားတဲ့ ဟိုတယ်တွေမှာ၊ သီးသန့်သတ်မှတ်ထားတဲ့ နေရာတွေမှာ လည်ပတ်နိုင်အောင် ဆိုတာမျိုးတွေ စီမံဆောင်ရွက်နေပြီဖြစ်လို့ ဒါကတအားအဝေးကြီးလို့တော့ မထင်ပါဘူး။ ဒီနှစ်ခရီးသွားရာသီမှာ မမီသည့်တိုင်အောင်မှ လာမယ့်နှစ်ခရီးသွားရာသီမှာတော့ ပုံစံအသစ်လေးနဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်စနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ကပ်ရောဂါ ကူးစက်မှုတွေ ကြုံရချိန်ကစလို့ ပြည်ပခရီးသွားတွေနဲ့ လေကြောင်းခရီးစဉ်တွေ ရပ်နားထားရသလို ပြည်တွင်းမှာလည်း သွားလာ လှုပ်ရှားမှုတွေ ကန့်သတ်ထားတာကြောင့် ခရီးသွားလုပ်ငန်းမှာ အခက်အခဲတွေ ကြုံနေရတာပါ။

မန္တလေးတိုင်းမှာတော့ ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကြောင့် နယ်မြေဖြတ်ကျော်ခွင့် ထောက်ခံစာလိုအပ်နေပြီး၊ အခုလိုကာလမှာ တိုင်းအတွင်းက ခရီးသွားသူတွေလည်း မရှိဘူးလို့ မန္တလေးတိုင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးရီက ပြောပါတယ်။

“လောလောဆယ်ကတော့ မန္တလေးမှာက Stay at Home ၃ မြို့နယ်ရှိတယ်ပေါ့နော်။ ကျန်တဲ့မြို့နယ်တွေကလည်း ရှိနေတော့ ပြည်တွင်းခရီးသွားကိုက အဆင်မပြေဘူး။ မန္တလေးကနေ ပြင်ဦးလွင်သွားမယ်ဆိုလည်း ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာလိုတယ်။ Stay at Home ဖြစ်နေတဲ့ မြို့နယ်တွေကလည်း ခရီးကိုသွားလို့မရတာ။ ဆိုတော့ အခုလောလောဆယ်ကတော့ ဘာမှကိုလုပ်မရဘူးပေါ့နော်။ အကုန်လုံးကလည်း ပိတ်ထားပါတယ်၊ ဟိုတယ်တွေကလည်း ပိတ်ထားတယ်ဆိုတော့လေ။”

မြန်မာနိုင်ငံမှာ မကြာသေးခင်လတွေကစလို့ ကပ်ရောဂါကူးစက်မှုတွေ တကျော့ပြန် ကြုံခဲ့ရပြီးနောက် ခရီးသွားတွေကြား ရေပမ်းစားတဲ့ မန္တလေးတိုင်းအတွင်းက နေရာတွေမှာလည်း ခရီးသွားတွေ အသွားအလာ မရှိတော့သလောက် ဖြစ်သွားတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့လည်း ခရီးသွားလုပ်ငန်းတွေ ပြန်လုပ်ခွင့်ပြုတဲ့ အချိန်မှာ ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့အညီ ပြန်လည်ပတ်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ဦးမျိုးရီက ပြောပါတယ်။

“ဒါကတော့ နိုင်ငံတော်ပေါ်လစီပေါ် မူတည်တာပေါ့နော်။ ဟိုတယ်၊ ခရီးဝန်ကြီးဌာနကလည်း ခရီးသွားလမ်းညွှန်ချက်တွေ ပေးတယ်။ အဲဒီအတိုင်း ကျနော်တို့ကလုပ်ရမှာပဲ။ ဘာမှကြိုပြင်လို့လည်း မရဘူး၊ ကြိုလုပ်လို့လည်း မရဘူး။ မရဘူးဆိုတာ ဘာဖြစ်လို့လဲဆိုတော့ ဘယ်တော့ဖွင့်မှန်းလည်း မသိသလို၊ ဖျက်သိမ်းသွားတဲ့ ကုမ္ပဏီတွေကလည်း ရှိတယ်ပေါ့နော်။ ကျနော်တို့က အခုကတော့ စောင့်ကြည့်နေတယ်။ နိုင်ငံတော်က ခရီးသွားရာသီ ပြန်ပွင့်ပြီ၊ ဒီကိုဗစ်ကို New Normal နဲ့ သွားလို့ရပြီပေါ့နော်၊ တမြို့နယ်နဲ့ တမြို့နယ်၊ တတိုင်းနဲ့ တတိုင်းသွားလို့ရပြီ ဆိုရင်တော့ ကျနော်တို့မှာ Tourism Guideline ရှိပြီးသားလေ။ အဲဒီ Guideline အတိုင်း ကျနော်တို့ လုပ်ရမှာပေါ့နော်။”

ကိုဗစ်အလွန်ကာလမှာတော့ လူအများစုသွားလေ့ရှိတဲ့ လူထူထပ်တဲ့ခရီးစဉ်တွေထက် သဘာဝပတ်ဝန်းကျင်နဲ့ နီးစပ်တဲ့ဒေသသစ်တွေကို ခရီးသွားတွေအနေနဲ့ ရွေးချယ်မယ်လို့ ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူတွေက မှန်းဆထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အဲဒီလိုဘေးကင်းလုံခြုံတဲ့ ခရီးစဉ်ဒေသသစ်တွေ ပေါ်လာဖို့ကို တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ မိန့်ခွန်းမှာပြောထားပါတယ်။ ပြည်တွင်းမှာတော့ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်နိုင်ဖို့ အပန်းဖြေခရီးစဉ်တွေအတွက် ပြည်ဝင်ခွင့်ရပ်ဆိုင်းထားပြီး၊ ပုံမှန်ပြေးဆွဲပေးနေတဲ့ ပို့ဆောင်ရေးလေယာဉ် ပျံသန်းမှုတွေကိုလည်း အခုအောက်တိုဘာ လကုန်ပိုင်းအထိ ယာယီရပ်နားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG