သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကို လက်နက်နဲ့လောင်စာဆီဖြတ်ဖို့ ဗြိတိန်သံအမတ်ကြီးတိုက်တွန်း


ကုလဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward
ကုလဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward

စစ်ကောင်စီအတွက် လက်နက်တွေနဲ့ လောင်စာဆီတင်ပို့ပေးတာတွေ ရပ်ဆိုင်းသွားတာမြင်ချင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံ အမတ်ကြီး Barbara Woodward က စက်တင်ဘာ ၁၉ ရက် ကြာသပတေးနေ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲအပြီး သတင်းထောက်တွေကို ပြောပါတယ်။

“ကျမတို့အနေနဲ့ မြန်မာစစ်တပ်အတွက် လက်နက်တွေ၊ လောင်စာဆီတင်ပို့မှုတွေ ရပ်သွားဖို့ လုံခြုံရေးကောင်စီလုပ်ဆောင်ချက်ကို မြင်ချင် သလို အရပ်သားတွေကို အကာကွယ်ပိုပေးဖို့၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးဆိုင်ရာ အကူညီတွေအပါအဝင် လူသားစာနာမှုအကူညီပိုရဖို့၊ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွါထွက်ပြေးနေရသူတွေနဲ့ အခု ကြုံခဲ့ရတဲ့ယာဂီမုန်တိုင်းဒဏ်ခံရသူတွေ မိုးအကာရဖို့ လုပ်ပေးတာမျိုး မြင်ချင်ပါတယ်” - လို့ပြောသွားတာပါ။

၂၀၂၁ မှာ စပြီးအာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ ပြီးခဲ့တဲ့လထဲမှာတော့ ကိုယ့်ပြည်သူတွေအပေါ် အရင်ထက် လေကြောင်းတိုက်ခိုက်မှုပိုလုပ်ပြီး ရက်ရက်စက်စက် ဖိနှိပ်လာတာကို တွေ့ရတဲ့အတွက် လုံခြုံရေးကောင်စီကနေ မြန်မာအပေါ်အရေးယူနိုင်ဖို့ကြိုးပမ်းခဲ့ကြောင်း၊ အများစုရဲ့ ထောက်ခံမှုကိုရပေမယ့် အဖွဲ့ဝင်တနိုင်ငံ - ၂ နိုင်ငံက ဆက်ပြီး ကန့်ကွက်နေဆဲပဲလို့လည်း ပြောပါတယ်။ လုံခြုံရေးကောင်စီအနေနဲ့ စစ်ဘေးဒဏ် ခံနေရတဲ့ မြန်မာပြည်သူတွေအရေးကိုကြာသပတေးနေ့ နေ့လည်မှာ ဆွေးနွေးခဲ့သလို နောက်ထပ် ဆွေးနွေးဖို့ ရှိနေသေးတယ်လို့လည်း ပြောပါတယ်။

မြန်မာဆိုင်ရာ ဆုံးဖြတ်ချက် ၂၆၆၉ ကို ဒီဇင်ဘာ ၂၂ မှာ ချမှတ်နိုင်ခဲ့ပြီး နောက်တခုထပ်ချဖို့ မူကြမ်းရေးဆွဲထားတာရှိနေပေမယ့် အဖွဲ့ဝင် နိုင်ငံ တချို့က ASEAN ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ချဉ်းကပ်တာကို စောင့်ကြည့်ဖို့ ဆန္ဒရှိနေတာ တွေ့နေရတယ်လို့လည်း ပြောပါတယ်။ လုံခြုံရေး ကောင်စီအနေနဲ့ မြန်မာဆိုင်ရာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကိုထောက်ခံသလို အသစ်ခန့်ခဲ့တဲ့ ကုလအတွင်းရေးမှူး ချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးသံ Julie Bishop ရဲ့ လုပ်ဆောင်မှုကိုပံ့ပိုးပေးမှာဖြစ်ပြီး အာဆီယံနဲ့ အနီးကပ်လက်တွဲ ဆောင်ရွက်သွားမယ် ဆိုတာတွေကို ဆုံးဖြတ်ချက်အသစ်မှာ ဖေါ်ပြထားကြောင်းလည်း သံအမတ်ကြီး Woodward က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG