သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ လက်နက်အရောင်းအဝယ်မရှိကြောင်း မြန်မာသံအမတ်ကြီးငြင်းဆို


မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်စမ်းသပ်သည့် ရုပ်သံထုတ်လွှင့်ချက်ကို ကြည့်ရှုနေသည့် တောင်ကိုရီးယားနိုင်ငံသားတဦး။ ၂၀ နိုဝင်ဘာ ၂၀၁၇။
မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်စမ်းသပ်သည့် ရုပ်သံထုတ်လွှင့်ချက်ကို ကြည့်ရှုနေသည့် တောင်ကိုရီးယားနိုင်ငံသားတဦး။ ၂၀ နိုဝင်ဘာ ၂၀၁၇။

မြောက်ကိုရီးယားနဲ့မြန်မာနိုင်ငံကြားမှာ စစ်လက်နက်အရောင်းအဝယ် လုံးဝမရှိဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက ဗွီအိုအေကိုပြောပါတယ်။ မြောက်ကိုရီးယားဟာ မြန်မာနိုင်ငံကို ပဲ့ထိန်းဒုံးကျည်လက်နက်တွေအပါအဝင် အခြား စစ်လက်နက်ပစ္စည်းတွေကို ဆက်ပြီးရောင်းချနေတဲ့ အထောက်အထားတွေရှိတယ်ဆိုပြီး စနေနေ့က အပြင်ကို ပေါက်ကြားထွက်လာတဲ့ မြောက်ကိုရီးယားအရေး ကုလသမဂ္ဂ လျှို့ဝှက်အစီရင်ခံစာထဲမှာ ပါလာတဲ့အချက်ကို မြန်မာသံအမတ်ကြီးက တုန့်ပြန် ငြင်းဆိုလိုက်တာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

နိုင်ငံတကာသတင်းဌာနတွေဆီ ပေါက်ကြားထွက်လာတဲ့ အဲဒီ လျှို့ဝှက်အစီရင်ခံစာကို မြောက်ကိုရီးယားအရေးစောင့်ကြည့်နေတဲ့ ကုလသမဂ္ဂလက်အောက်ခံ သီးခြားစုံစမ်းရေးအဖွဲ့က ရေးသားပြုစုခဲ့တာဖြစ်ပါတယ်။

ဒီအစီရင်ခံစာကို မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီးတော့ လက်နက်ရောင်းဝယ်မှု ကန့်သတ်ချက် အပါအဝင် ကုန်သွယ်စီးပွားရေးကိုပါ ပိတ်ဆို့ထားတဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၁၈ အရ ဖွဲ့စည်းထားတဲ့ အရေးယူဒဏ်ခတ်မှုဆိုင်ရာ လုံခြုံရေးကောင်စီကော်မတီကို တင်သွင်းမှာဖြစ်ပါတယ်။ ဒီကော်မတီရဲ့ အစည်းအဝေးကိုလည်း အခု ဖေဖော်ဝါရီလအတွင်း ကျင်းပမှာပါ။

အဲဒီအစီရင်ခံစာအရ မြောက်ကိုရီးယားဟာ ဆီးရီးယားနဲ့ မြန်မာကို စစ်လက်နက်ပစ္စည်းတွေ ဆက်လက်ရောင်းချနေတဲ့ အထောက်အထားတွေရှိနေကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံအနေနဲ့ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ချမှတ်ထား တဲ့ ပိတ်ဆို့အရေးယူမှုတွေကို လိုက်နာနေပြီး အစီရင်ခံစာပါ စွပ်စွဲချက်ဟာ လုံး၀ မှန်ကန်မှုမရှိ ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့က မြောက်ကိုရီးယားနဲ့ လက်နက်အရောင်းအဝယ်လုပ်ထားတာ ဘာမှမရှိဘူး။ သူက ongoing relationship (ဆက်ဆံရေးရှိနေဆဲ) ဘာညာရေးထားတယ်၊ သို့သော် ကျနော် တို့ လုံးဝမရှိပါဘူး။ အဲဒါလည်း ကျနော်တို့က Sanctions ကော်မတီက မေးခွန်းတွေမေးပါတယ်၊ နိုင်ငံတိုင်းကိုလေ၊ သူဆက်စပ်တဲ့နိုင်ငံတိုင်းကို။

“ကျနော်တို့က နျူကလီးယားနဲ့ပတ်သက်တဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အတိအကျလိုက်နာနေတာပါ။ သူတို့နဲ့ပတ်သက်ပြီး ကန့်သတ်တာမှန်သမျှ ကျနော်တို့ ဘာမှ မလုပ်ဘူး။”

“ဗွီအိုအေ။ ။ အဲဒီတော့ မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီရဲ့ sanctions ကော်မတီဘက်ကနေ သူတို့ အဓိက concern (စိုးရိမ်) တဲ့အချက်တွေကရော၊ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဘာတွေ တွေ့ရလဲရှင့်။”

“သံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ အမှန်ကတော့ စီးပွားရေးအဆက်အသွယ်ရှိလား၊ တပ်ပိုင်း ဆိုင်ရာ အဆက်အသွယ်ရှိလား၊ လက်နက်အရောင်းအဝယ်ရှိသလား၊ အဲဒီဟာတွေပေါ့။ အဲဒီ တော့ စီးပွားရေးဆိုလို့ရှိရင်လည်း ကျနော်တို့က မြောက်ကိုရီးယားဆိုရင် ကုန်သွယ်ရေးဘာမှ မရှိဘူး။ သူတို့က ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး သူတို့ကန့်သတ်ထားတဲ့ ကုမ္ပဏီတွေရှိတယ်။ အဲဒီကုမ္ပဏီတွေနဲ့ ကျနော်တို့နဲ့ အလုပ်လုပ်နေတာရှိသလား၊ ဒါမျိုးတွေ မေးတဲ့ မေးခွန်းတွေ ပေါ့။”

“ဗွီအိုအေ။ ။ အခု ဒီလိုစွပ်စွဲချက်တွေ ပေါ်လာတဲ့အပိုင်းကျတော့ရော ဘယ်လိုသုံးသပ်မိလဲ ရှင့်။”

“သံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ ဒီ Sanctions ကော်မတီရဲ့ မေးခွန်းတွေနဲ့ ပတ်သက်လို့ ဖြစ်ဖြစ်၊ sanctions အကောင်အထည်ဖော်မှုဆိုင်ရာဖြစ်ဖြစ် အဖွဲ့ဝင်နိုင်ငံတနိုင်ငံက၊ ဥပမာ အားဖြင့်၊ နိုင်ငံတနိုင်ငံကနေပြီးတော့ ဘယ်နိုင်ငံကတော့ ဘယ်လို မြောက်ကိုရီးယားနဲ့ ဆက်သွယ်နေတာ အထောက်အထားတွေ့ရတယ် ဘာညာဆိုပြီးတော့ သတင်းမီဒီယာတို့ ဖြစ်ဖြစ်၊ အကြောင်းကြားတာတို့ဖြစ်ဖြစ် ရှိရင်လည်း သူတို့က ဒီဟာတွေကို ထည့်စဉ်းစားတဲ့ အပိုင်းတွေရှိတာပေါ့။

“အဲဒီတော့ ဒီဟာကို မှန်မမှန်ကတော့ ကာယကံရှင်နဲ့ သူတို့ သေချာ check (မေးမြန်း) ပြီးမှ လုပ်ရမယ့်ကိစ္စတွေလေ။ တဘက်သတ်ပြောနေတဲ့ဟာနဲ့ပဲ လုပ်နေရင်တော့ တဘက်သတ်ပဲ ဖြစ်မှာပေါ့။ အမှန်သိချင်ရင်တော့ တကယ့်ကာယကံရှင် သက်ဆိုင်တဲ့နိုင်ငံနဲ့ သေသေချာချာ လုံခြုံရေးကောင်စီနဲ့၊ ကော်မတီနဲ့ပေါ့လေ ထိတွေ့ပြီးတော့ မေးမြန်းပြီးတော့ အတည်ပြုချက် တော့ ယူရမှာပေါ့။

“အခုကတော့ ကျနော်တို့သိတဲ့ဟာအရဆိုရင်တော့ ကျနော်တို့ကို ဘာမှ တရားဝင်လည်း ဘယ်လိုဘယ်လို ချိုးဖောက်တာတွေရှိတယ်ဆိုတာ ကျနော်တို့ကို ဘာမှပြောထားတာလည်း မရှိပါဘူး။”

“ဗွီအိုအေ။ ။ သံအမတ်ကြီးတို့ မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေးကျတော့ရော ဘယ်လိုရှိပါလဲရှင့်။”

“သံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ မြောက်ကိုရီးယားနဲ့ကတော့ ကျနော်တို့က ဆက်ဆံရေးက သံတမန်ပြန်ပြီးတော့ ထူထောင်ထားတာပဲရှိတာပဲ၊ အဆက်အသွယ်ရှိတာပဲ။ ကျနော်တို့ မြန်မာ နိုင်ငံမှာ သံရုံးရှိတယ်၊ သို့သော်လည်းပဲ ကျနော်တို့ကတော့ မြောက်ကိုရီးယားမှာ သံရုံးဖွင့်ထား တာမရှိဘူး။”

ကုလသမဂ္ဂရဲ့ အစီရင်ခံစာအရ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂက အရေးယူချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို ဖောက်ဖျက်ပြီး တားမြစ်ထားတဲ့ ကုန်စည်၊ လက်နက် စတာတွေကို တင်ပို့ ရောင်းချရာကနေ ပြီးခဲ့တဲ့နှစ်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ လောက်ရရှိခဲ့ တယ်လို့ဖော်ပြထားပါတယ်။

မဖြစ်မနေ လိုက်နာရမယ့် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ မြောက်ကိုရီးယားဆီက ကျောက်မီးသွေးဝယ်ယူမှုကို ပိတ်ပင်ထားပေမယ့် တရုတ်၊ ရုရှား၊ မလေးရှားနဲ့ ဗီယက်နမ် စတဲ့ နိုင်ငံတွေဆီကို မြောက်ကိုရီးယားက ကျောက်မီးသွေးတင်ပို့မှုတွေရှိခဲ့ကြောင်း အဲဒီအစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG