ပုဂံ-ညောင်ဦးမြို့နယ်က ရွှေစည်းခုံဘုရားရင်ပြင်တော်ပေါ်ရှိ ဘုရင့်နောင်မင်းတရားကြီးရဲ့ ခေါင်းလောင်းစာကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNSCO က ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ် လိုက်တဲ့အတွက် ဒေသခံတွေအကြားမှာ ပုဂံ-ညောင်ဦးကို ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ရေး မျှော်လင့်ချက်တွေ ပိုမိုမြင့်မားလာပါနေပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က အခုလို တင်ပြထားပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ ကျော် ၁၆ ရာစုကာလတုန်းက ရွှေစည်းခုံဘုရားရင်ပြင်တော်ပေါ်မှာ ဘုရင့်နောင်မင်းတရားကြီးသွန်းလုပ်ချိတ်ဆွဲ လှူဒါန်းထားတဲ့ ကြေးခေါင်းလောင်းပတ်လည်မှာ ရေးသားထားတဲ့ ခေါင်းလောင်းစာတွေကို UNESCO က ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ် သတ်မှတ်လိုက်တာဖြစ်ပါတယ်။
ဒါဟာ အဆိုပြုတင်သွင်းမှု ၁၃၀အနက်က ရွေးခြယ်လိုက်တဲ့ ၇၈ ထဲမှာ အပါအဝင်လည်း ဖြစ်ပါတယ်။
ခုလိုမျိုးUNESCO ရဲ့ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ် မြန်မာနိုင်ငံက ရှေးဟောင်းပစ္စည်းတွေ သတ်မှတ်ခံရတာဟာ တတိယမြောက်ဖြစ်ပါတယ်။
အခုတခါ သတ်မှတ်ခံရတဲ့ ဘုရင့်နောင်မင်းတရားကြီးရဲ့ ခေါင်းလောင်းစာရဲ့ ထူးခြားချက်ကို ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နဲ့ စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် (ငြိမ်း)နဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေး စာတွဲပြုစုရေးဥက္ကဌ ဦးစန်းဝင်းက အခုလို ပြောပါတယ်။
“ဘုရင့်နောင်မင်းတရားကြီးရဲ့ဘဝဖြစ်စဉ်နဲ့ မှတ်တမ်းကို ဒီခေါင်းလောင်းစာက အထောက်အကူပြုတယ်ပေါ့နော်။ နောက်ပြီးတော့လည်း ဘာသာ၃ မျိုးနဲ့ ရေးထိုးထားတယ်ပေါ့နော်။ အဲဒီတော့ ဒီထူးခြားချက်ကြောင့် မြန်မာဘက်ကလည်း အဆိုပြုပြီးတင်လိုက်တယ်။ ဟိုဘက်ကလည်း ဒါကိုအသိအမှတ်ပြုလိုက်တယ်ပေါ့နော်။”
ခေါင်းလောင်းစာထဲမှာ ဘုရင့်နောင် တိုက်ခိုက်အောင်မြင်ခဲ့တဲ့ အရပ်ဒေသနဲ့ အဲဒီဒေသတို့မှာ သာသနာပြုခဲ့တာတွေကို ရက်စွဲတွေနဲ့ အတိအကျဖော်ပြ မှတ်တမ်းတင်ထားပါတယ်။
ခေါင်းလောင်းစာပါမှတ်တမ်းတွေကြောင့် မြန်မာ့သမိုင်းမှာ ဟာကွက်ရှိနေတဲ့ အကြောင်းအချက်တွေကို သိနိုင်ခဲ့တယ်လို့ ဒီခေါင်းလောင်းကြီးကို ရွေးချယ်ဖို့စာရင်းတင်စဉ်မှာ အဓိကထား ထောက်ပြခဲ့ကြပါတယ်။
အခုတော့ UNESCO ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ် သတ်မှတ်လိုက် တာကြောင့် ဒီခေါင်းလောင်းကြီး ကာကွယ်ထိန်းသိမ်းရေးကိုကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ကတာဝန်ယူသွားမှာဖြစ်ပါတယ်။
“အဲဒီတော့ အရင်ထိန်းသိမ်းထားတဲ့အတိုင်းပဲ ကျနော်တို့က ပျက်စီးထိခိုက်မှုမရှိအောင် ကျနော်တို့ဘက်က ထိန်းမယ်။ တကယ်လို့ ဒါက အကြောင်းကြောင်းကြောင့် သဘာဝဘေးဒဏ်ကြောင့် ၊ ငလျင်ကြောင့် တစုံတခုကြောင့် ပျက်စီးဆုံးရှုံးသွားမယ်ဆိုရင်လည်း ဒါ UNESCO ကနေပြီးတော့ လိုအပ်သလို နည်းပညာနဲ့ ငွေကြေးအပါအဝင်ပေ့ါနော် ဒါသူတို့က အထောက်အကူပြုပေးမှာပေါ့နော်။”
ကမ္ဘာ့မှတ်တမ်းအမွေအနှစ် Memory of the World အဖြစ် မန္တလေး ကုသိုလ်တော်ဘုရားက ကျောက်စာ ၇၂၉ ချပ် ကို ၂၀၁၄ ခုနှစ်ကတကြိမ်၊ ပုဂံမြစေတီကျောက်စာနဲ့ ပူးတွဲအဖြစ် အလောင်းမင်းတရားရွှေပေလွှာကို ၂၀၁၅ ခုနှစ်ကတကြိမ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒါတင်မက ကမ္ဘာ့အမွေအနှစ် World Heritage အဖြစ် ဟန်လင်း၊ ဗိဿနိုးနဲ့ သရေခေတ္တ ပျူမြို့ ၃မြို့ကိုလည်း ၂၀၁၄ ခုနှစ်က သတ်မှတ်ခံရပါတယ်။
မြန်မာပြည်မှာ ဒီလို သတ်မှတ်ဖို့ကျန်ရှိနေတဲ့အမွေအနှစ်တွေ ရှိနေဆဲဖြစ်ပြီး ဒါကို ပြည်သူတွေ ထိန်းသိမ်းဖို့ လိုအပ်ကြောင်းလည်း ဦးစန်းဝင်းက ပြောပါတယ်။
“မိမိတို့နိုင်ငံမှာ ဒီလိုကမ္ဘာ့အထိန်းအမှတ် memorial အဖြစ်ကို သတ်မှတ်ထားတဲ့ အရာတွေရှိတယ်။ သတ်မှတ်နိုင်တဲ့ ဟာတွေလည်းရှိနေတယ်။ နောက်တခါတဖက်ကကြည့်ရင်လည်း ကမ္ဘာ့အမွေအနစ်သတ်မှတ်နိုင်တဲ့ ဒေသတွေ အဆောက်အအုံတွေလည်း မြန်မာနိုင်ငံမှာ ရှိနေတယ်။ ဒီဟာတွေဆက်လက်ပြီးတော့ ရှင်သန်ဖို့အတွက်ကတော့ ခုနပြောတဲ့ အထိမ်းအမှတ်ပစ္စည်းတွေပဲဖြစ်ဖြစ်၊ နေရာဒေတွေ၊ အဆောက်အအုံတွေပဲဖြစ်ဖြစ်၊ ပြည်သူပြည်သားတွေက ဝိုင်းဝန်းပြီး ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှ ဒါတွေ အဓွန့်ရှည်တည်တံ့နိုင်တာနဲ့ အမျှ အခုလိုကျနော်တို့ ကမ္ဘာက UNESCO ကအသိအမှတ်ပြု ခံရမှာ ဖြစ်ပါတယ်။”
ရှေးဟောင်းဘုရားတွေနဲ့ ရှေးဟောင်းအနုပညာလက်ရာ အမြောက်အများရှိတဲ့ ပုဂံ-ညောင်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် World Heritage အဖြစ်သတ်မှတ်ခံရနိုင်ဖို့လည်း အခုနှစ် စက်တင်ဘာကလဲ အဆိုတင်သွင်း ထားပါ တယ်။
ရွှေစည်းခုံဘုရားက ဘုရင့်နောင်မင်းတရားကြီး ခေါင်းလောင်းစာကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ် Memory of the World အဖြစ်သတ်မှတ်လိုက်တဲ့အတွက် ပုဂံ-ညောင်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် World Heritage သတ်မှတ်ရေးမျှော်လင့်ချက်ဟာ ပိုမိုခိုင်မာလာကြောင်း ယဉ်ကျေးမှုဒေသဖော်ဆောင်ရေး အထောက်အကူ ပြုကော်မတီ(ပုဂံ-ညောင်ဦး) က ဦးနိုင်ထွန်းက ပြောပါတယ်။
“ကျနော်တို့က ဒီဒေသကြီးတခုလုံးကိုတောင်မှ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အောင် ကြိုးစားနေတာကို တခုလုံးဖြစ်ချင်တာလေ၊ ဘုရင့်နောင်ခေါင်းလောင်း က စာရင်းဝင်တဲ့အခါကျတော့ ဘာပဲ ပြောပြော ကျနော်တို့က ပထမအစပျိုး အနေနဲ့ အောင်မြင်တဲ့အတိုင်းအတာလေးဖြစ်တာပေါ့။ ကျနော်တို့ ဝမ်းသာတာပေါ့ အခုက။”
လောလောဆည်မှာတော့ UNSCO အဖွဲ့၊ အစိုးရ၊ ရှေးဟောင်းသုတေသနနဲ့ ဒေသခံပြည်သူတွေဟာ ပုဂံ-ညောင်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် World Heritage ဖြစ်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နေကြောင်းနဲ့ အလားအလာကောင်းမွန်ကြောင်းလည်း ပြောပါတယ်။
လာမယ့် ၂၀၁၈ခုနှစ်မှာတော့ ရခိုင်ပြည်နယ်မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ် World Heritage အဖြစ်နဲ့ ရှစ်သောင်းဘုရားက အာနန္ဒစန္ဓြကျောက်စာကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ် Memory of the Worldအဖြစ် တင်သွင်းဖို့ ရှိနေပါတယ်။