သုံးရလွယ်ကူစေသည့် Link များ

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပညာရှင်တွေရဲ့ မျှော်လင့်ချက်


USIP ရဲ့ "Peace and Conflict in Burma" မြန်မာပြည် ငြိမ်းချမ်းရေး နဲ့ ပဋိပက္ခ ဆိုတဲ့ ခေါင်းစဉ် နဲ့ ကျင်းပတဲ့ ဆွေးနွေးပွဲ

မြန်မာနိုင်ငံရဲ့ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး မျှော်လင့်ချက်တွေ ရှိနေကြောင်း ၀ါရှင်တန် USIP အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု ရုံးချုပ်မှာ မနေ့ ကြာသပတေးနေ့က "Peace and Conflict in Burma" မြန်မာပြည် ငြိမ်းချမ်းရေး နဲ့ ပဋိပက္ခ ဆိုတဲ့ ခေါင်းစဉ် နဲ့ ကျင်းပတဲ့ ဆွေးနွေးပွဲမှာတက်ရောက်လာတဲ့ ကျွမ်းကျင်သူတွေနဲ့ ပညာရှင်တွေက ပြောကြပါတယ်။

ဆွေးနွေးပွဲမှာ ကိုယ်တိုင်ပါဝင်ဆွေးနွေးခဲ့သူတချို့နဲ့ဗွီအိုအေက သီးသန့်တွေ့ဆုံမေးမြန်းထားတာတွေကို မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

မြန်မာနိုင်ငံရဲ့ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အခက်အခဲတွေအများကြီးရှိနေပြီး အချိန်ယူလုပ်ဆောင်သွားရမှာဖြစ်ပေမဲ့ မျှော်လင့်ချက်တွေရှိနေကြောင်း ဆွေးနွေးပွဲမှာ ကိုယ်တိုင်ပါဝင်ဆွေးနွေးခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းလည်းဖြစ် USIP အကြံပေးပုဂ္ဂိုလ်လည်းဖြစ်တဲ့ Derek Mitchell က ဗွီအိုအေကို ပြောပါတယ်။

“သိပ်ကိုရှုတ်ထွေးပြီး သိပ်လည်း ခက်ခဲတဲ့ လုပ်ငန်းစဉ်ပါ။ အစိုးရတခုတည်းအပေါ် မှီတည်နေတာမျိုး မဟုတ်သလို၊ တခြား သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ စစ်တပ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ တိုင်းရင်းသားပြည်သူတွေ အပေါ်မှာပဲ မှီတည်နေတဲ့ ကိစ္စလည်းလည်း မဟုတ်ပါဘူး။ ရှင်းတာက တနှစ်အတွင်း အစိုရလိုချင်သလောက် တိုးတက်မှု မရခဲ့ဘူး၊ တိုးတက်မှုကို မြန်မြန်ဆန်ဆန် ဒီထကပိုအောင်မြင်စေချင်တဲ့ ပြင်ပကလူတွေ စိတ်ပျက်တာတွေ ရှိနေတယ်။ ကျနော်တို့ စိတ်ရှည်ဖို့လိုပါတယ်။ ဒုတိယ အကြိမ် ပင်လုံ ညီလာခံမှာတော့ အခြေအနေတွေ ပိုကောင်းလာမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါဟာ အချိန်အတော်ကြာဆက်သွားမယ့် လုပ်ငန်းစဉ်တခုဖြစ်ပြီး ကျနော့အနေနဲ့ အဖွဲ့အစည်းအားလုံး တိုက်ခိုက်မှုတွေ ရပ်စဲပြီး အရပ်သားပြည်သူတွေကိုယ့်နေရပ် ပြန်ကြပြီး ကိုယ့်ဘ၀ကို ကိုယ်တည်ဆောက်ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်။ ဒါက အရေးကြီးဆုံးအချက်ပါ။ ဆက်ပြီး တိုက်ခိုက်နေတာဟာ တိုင်းပြည်အတွင်းကရော အပြင်ကပါဘယ်သူ့အတွက်မှ မကောင်းပါဘူး။”

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အရင်စစ်အစိုးရလက်တွေထက်တုန်းက အခြေအနေတွေနဲ့မတူပဲ အားသာချက်တွေ အများကြီးရှိနေကြောင်းကိုတော့ အဓိကပါဝင်ဆွေးနွေးသူတဦးဖြစ်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင် အကြံပေး အဖွဲ့ ခေါင်းဆောင် ဦးအောင်ကြည်က အခုလို ဗွီအိုအေကို ပြောပါတယ်။

“ကျနော့်အမြင်အရတော့ အခုလက်ရှိ ကျနော်တို့ သွားနေတဲ့ လုပ်ငန်းစဉ်ဟာ အခက်အခဲတွေအများကြီးရှိတယ် မှန်တယ်၊ ဒါပေမယ့် အဲဒီဟာက အတိတ်တုန်းက ကျနော်တို့ လုပ်လာခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် တော်တော်ကို အားသာချက်တွေအများကြီးရှိတယ်။ ကျနော်တို့မှာ အဲဒီတုန်းက ချို့ယွင်းချက်တွေကို ပြန်ပြီးတော့ နှိုင်းယှဉ်မယ်ဆိုရင် အခုကျနော်တို့ရဲ့အခြေအနေက ကောင်းတယ် ၊ ဘာကြောင့်လဲဆိုတော့ ၈၉ ခုနှစ်တုန်းက ဘာကြောင့် Political Dialogue မလုပ်နိုင်ခဲ့သလဲဆိုရင် အစိုးရရဲ့ တရားဝင်မှုက မေးခွန်းထုတ်စရာတွေရှိတယ်။ လက်ရှိဒီမိုကရေစီပေါ့နော် အဲဒီ မေးခွန်းထုတ်စရာတွေက အခုအချိန်ကျတော့ အစိုးရလည်း Legitimacy ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အကုန်လုံးရတဲ့အနေအထားဖြစ်တယ်။ နောက်တခါ ၆၃ တုန်းကလို ကျနော်တို့ High Demand မဖြစ်ဘူး ၊ တပ်မတော်ဘက်ကလည်း ဘာပဲပြောပြော Federalism ကို အတိုင်းအတာတခုအထိ သူကလက်ခံတယ်။ တိုင်းရင်းသားတွေဘက်ကလည်း ခွဲထွက်ရေးတို့ ဘာတို့ မတောင်းဆိုတော့ဘူးဆိုတာတွေက တော်တော်လေး ဆွေးနွေးရတဲ့ အနေအထားအလားအလာ ကောင်းတယ်ပေါ့နော်၊ ဆွေးနွေးလို့ဖြစ်နိုင်တယ်ဆိုတဲ့ ဒီအဓိပ္ပါယ်ရှိပါတယ်။ တပ်မတော်နဲ့ အစိုးရနဲ့ ပြေပြေလည်လည် ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်သွားမယ်ဆိုရင် နိုင်ငံတခုလုံးအနေနဲ့ အားနည်းချက်က မရှိပဲနဲ့ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ဆွေးနွေးညှိနှိုင်းတဲ့ လုပ်ငန်းစဉ်တွေမှာ မျှော်လင့်ချက်တွေအများကြီးရှိတယ်။”

တဖက်မှာလည်း မြန်မာတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေ တာဟာ (၂၁)ရာစုပင်လုံညီလာခံမှာ အားလုံးပါဝင်ရေး အဟန့်အတားဖြစ်စေ တယ်လို့ မြန်မာ့အရေး ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကချင်အဖွဲ့အစည်း Shalom Foundation ရဲ့ လက်ထောက် ညွန်ကြားရေးမှုး Ja Nan Lahtaw က ဗွီအိုအေကို ပြောပါတယ်။

“ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို လာဖို့ဆိုရင်လည်း တိုက်ပွဲတွေဖြစ်နေတာက အဟန့်အတားအများကြီး ဖြစ်စေ တယ်၊ ပြီးလို့ရှိရင် သွားနေတဲ့လုပ်ငန်းစဉ် ဆွေးနွေးရေးလုပ်ငန်းစဉ် ကိုလည်း ယုံကြည်စိတ်ချမှု ပျက်ပြားစေတယ်ပေါ့ ၊ အဲဒါကြောင့် နံပတ်၁ အဆင့်ကတော့ တိုက်ပွဲမဖြစ်နေဖို့ တိုက်ပွဲရပ်နေဖို့ အရေးကြီးပါတယ်။”

မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အရေး အကြံပေးကော်မရှင်က ကြားဖြတ်အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး အစိုးရကို အကြံပြုထားတာနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က လက်ခံကြိုဆိုကြောင်း ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက ဗွီအိုအေကို ပြောပါတယ်။

“ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာ ထွက်ပါတယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေပြီးတော့ ဒီဟာက သူ့ရဲ့အစီရင်ခံစာအပေါ် ကြိုဆိုတယ် အပြုသဘောဆောင်တဲ့ အချက်အလက်တွေ ပါတယ်ဆိုတဲ့ဟာတွေကို ထုတ်ဖော်ထားတာတွေရှိပါတယ်။”

ဝါရှင်တန်မှာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ အဓိကအကြောင်းအရာတွေအဖြစ် မြန်မာနိုင်ငံတွင်း လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး အပြောင်းအလဲအပါအ၀င် အကြမ်းဖက်ပဋိပက္ခတွေနဲ့ နယ်စပ်ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တင်းမာမှုတွေနေတဲ့ အခြေအနေတွေကို NLD အစိုးရအနေနဲ့ ဘယ်လို ကိုင်တွယ်ဖြေရှင်းခဲ့သလဲဆိုတာ သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG