သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးမှာ အမျိုးသမီး ပိုပါဝင်ဖို့ Carter Center တိုက်တွန်း


အမေရိကန်အခြေစိုက် Carter Center နဲ့ WLB အမျိုးသမီးများအဖွဲ့ချုပ်( မြန်မာနိုင်ငံ ) တို့ ပူးတွဲ ကျင်းပ
အမေရိကန်အခြေစိုက် Carter Center နဲ့ WLB အမျိုးသမီးများအဖွဲ့ချုပ်( မြန်မာနိုင်ငံ ) တို့ ပူးတွဲ ကျင်းပ

လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ ဒီထက် ပိုမိုပါဝင်လာနိုင်ဖို့ အခွင့်အလမ်းတွေ ပေးသင့်တယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ Carter Center က ထောက်ပြ လိုက်ပါတယ်။ ဒီလို အမျိုးသမီးတွေ ပါဝင်မှု အားနည်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ နှစ်ရှည်ကြာနေတဲ့တိုင်းရင်းသားပြဿနာတွေကို တကယ်ပဲ ဖြေရှင်းနိုင် ပါ့မလားဆိုတာကိုလည်း WLB အမျိုးသမီးများအဖွဲ့ချုပ်( မြန်မာနိုင်ငံ ) က မေးခွန်း ထုတ်ခဲ့ပါတယ်။ ရန်ကုန် ချက်ထရီယန်ဟိုတယ်မှာ ကျင်းပနေတဲ့ ပါတီနဲ့ တိုင်းရင်းသားအမျိုးသမီးများညီလာခံကို သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

သုံးရက်တာ ကျင်းပမယ့် ပါတီနဲ့ တိုင်းရင်းသား အမျိုးသမီးညီလာခံကို အမေရိကန်အခြေစိုက် Carter Center နဲ့ WLB အမျိုးသမီးများအဖွဲ့ချုပ်( မြန်မာနိုင်ငံ ) တို့ ပူးတွဲ ကျင်းပနေတာပါ။

လက်ရှိလုပ်ကိုင်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ ပါဝင်နိုင် မှုနဲ့ လက်ရှိနိုင်ငံရေးပါတီများရဲ့မူဘောင်သဘောထား တွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

လက်ရှိမြန်မာ့ငြိမ်းချမ်းရေးမှာ အမျိုးသမီး ပါဝင်မှု ရာခိုင်နှုန်း ၃၀ ပါဝင်ဖို့ ပြီးခဲ့တဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ သဘောတူထားပေမယ့် တ ကယ့်လက်တွေ့အခြေအနေမှာ ပါဝင်မှုအားနည်းနေသေးတာကြောင့် ငြိမ်းချမ်းရေးက ထင်သလောက် ခရီးပေါက်ဖို့ အားနည်းနေတယ်လို့ ကာတာစင်တာက ဌာနေကိုယ်စားလှယ် ဂရက်ကေဟိုင်းလီးယား က ပြောဆိုလိုက်ပါတယ်။

"ပဋိပက္ခဖြစ်နေတဲ့ ပြည်နယ်တွေမှာ ပိုမိုထိခိုက်ခံရတာအမျိုးသမီးတွေပါ။ လိင် အကြမ်းဖက်မှုတွေကြုံ ရတာတွေပေါ့။ တဖက်ထဲမှာလည်း ဒီအမျိုးသမီးတွေ အသံပါဝင်ခြင်း မရှိတာတွေ့ရနေပါတယ်"

WLB အမျိုးသမီးများအဖွဲ့ချုပ်( မြန်မာနိုင်ငံ) က အထွေထွေ အတွင်းရေးမှူး လွေးပိုးငယ် ကတော့ အမျိုးသမီး ပါဝင်မှုအားနည်းနေသေးတဲ့ မြန်မာ့ငြိမ်းချမ်းရေးခရီးစဉ်ဟာ တကယ့်ပြဿနာအရင်းခံကို ဖြေရှင်းနိုင်တဲ့ အခြေအနေမရှိသေးသလို တန်းတူအခွင့်အရေးတွေ ရဖို့ အားနည်းနေသေးတာကြောင့် ငြိမ်းချမ်းရေး ကထင်သလောက် ခရီးမရောက်တာလို့ဆိုလိုက်ပါတယ်။

"ငြိမ်းချမ်းရေးခရီးစဉ်က တကယ်ဘဲပြဿနာတွေဖြေရှင်းနိုင်လားမေးခွန်းတွေရှိတယ်။ ထွက်ရှိလာတဲ့ မူတွေကိုကြည့်ရင် အများကြီးအားနည်းချက်တွေရှိနေသေးတယ်။ ဒီမိုကရေစီစံချိန်စံနှုန်းတွေနဲ့မကိုက် ညီနေဘူး။ ဒီတော့ခုအခြေအနေ ကနိုင်ငံရေး စိတ်ဆန္ဒတခုနဲ့ သေချာစွာငြိမ်းချမ်းလိုလို့ လုပ်နေတာမ ဟုတ်ဘူးလို့ သုံးသပ်မိပါတယ်"

အခါအမျိုးသားတိုးတက်ရေးပါတီက ကျိုင်းတုံမြို့နယ်ဒုဥက္ကဌဖြစ်တဲ့ ဒေါ်ဒလီနာ ကတော့ ငြိမ်းချမ်းရေး မှာ အမျိုးသမီးတွေပိုမိုပါဝင်လာနိုင်ဖို့ အစိုးရအနေနဲ့ ဒီထပ်ပိုအားပေးဖို့ တောင်းဆိုလိုက်ပါတယ်။

"တန်းတူရေးပြောကြတယ်။ ၃၀ရာခိုင်နှုန်းပါဖို့ပြောကြတယ်။ တကယ်တမ်းကမပါဝင်လာနိုင်ဘူး။ ဒီတော့ ကျမတို့မှာစိန်ခေါ်မှုတွေများနေတယ်။ ဒီတော့ အစိုးရအနေနဲ့ ဒီစိန်ခေါ်မှုတွေလျော့နိုင် အောင် အမျိုးသမီးတွေဒီထပ်ပိုပါနိူင်အောင်စည်းရုံးလှုံဆော်ပေးဖို့လိုအပ်ပါတယ်"

ဒီကနေ့ စ သုံးရက်ကြာ ဆွေးနွေးလို့ရလာတဲ့ ညီလာခံရလဒ်သဘောထားတွေကို လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာထည့်သွင်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ WLB အမျိုးသမီးများအဖွဲ့ချုပ်( မြန်မာနိုင်ငံ ) က ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG